သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါးအများပြား သေဆုံးမှု ဗီယက်နမ်မှာ ဆန္ဒပြ


ငါးအများပြား သေဆုံးမှု ဗီယက်နမ်မှာ ဆန္ဒပြ
ငါးအများပြား သေဆုံးမှု ဗီယက်နမ်မှာ ဆန္ဒပြ

ဗီယက်နမ်နိုင်ငံမှာရှိတဲ့ ထိုင်ဝမ်စက်ရုံတခုကြောင့် တိုင်းပြည်အလယ်ပိုင်းမှာရှိတဲ့ မြစ်အတွင်းက ငါးတွေ အလုံးအရင်းနဲ့ သေဆုံးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာပေါင်းများစွာသော ဗီယက်နမ်နိုင်ငံသားတွေ တနင်္ဂနွေနေ့က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အခုလို ငါးတွေ အများအပြား သေဆုံးတာဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတဲ့ ဘေးအန္တရာယ်ကို ကြိုတင် ကာကွယ်ခြင်း မလုပ်တဲ့အတွက်ဆိုပြီး တချို့ကလည်း အစိုးရကို စွပ်စွဲ ပြောဆိုကြပါတယ်။

အစိုးရက ဦးဆောင်ပြုလုပ်ခဲ့တဲ့ တင်းကြပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေအရ ငါးတွေ သေဆုံးမှုနဲ့ ထိုင်ဝမ် Formosa ပလပ်စတစ်စက်ရုံကုမ္ပဏီက တည်ထောင်ထားတဲ့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်တန် စတီးစက်ရုံက ထွက်လာတဲ့စွန့်ပစ်ရေတွေအကြား စက်စပ်မှု မရှိဘူးဆိုတာကို တွေ့ရှိခဲ့ပေမယ့် ကုမ္ပဏီအပေါ် အမျက်ဒေါသထွက်နေတာတွေက လျော့မသွားခဲ့ပါဘူး။

ဧပြီလ ၆ ရက်နေ့ကစလို့ ခရိုင် ၄ ခုအတွင်းက မိုင်ပေါင်း ၁၂၄ မိုင်ရှည်လျားတဲ့ မြစ်ကျော်တလျှောက်မှာ ငါးမွေးမြူရေးကန်တွေနဲ့ ကမ်းခြေတွေမှာ အမည်မသိတဲ့ ရောဂါမျိုးနဲ့ သေနေတဲ့ ငါးတွေ အလုံးအရင်းနဲ့ ပေါ်လာနေခဲ့တာပါ။

ဟနွိုင်းမြို့မှာ ဆန္ဒပြကြသူတွေက Formosa ကုမ္ပဏီက သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေတာဟာ ရာဇဝတ်မှုဖြစ်တယ်၊ အလယ်ပိုင်းဒေသက ရေကြောတွေကို ဘယ်သူတွေက အဆိပ်ခပ်နေသလဲ၊ Formosa ဗီယက်နမ်နိုင်ငံကထွက်သွား စတဲ့ နဖူးစည်း စာတမ်းတွေကို ကိုင်ဆောင်ထားကြပြီး တိုင်းပြည်အတွင်း အဆိုးရွားဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်ဆီးဆုံးရှုံးမှုလို့ တင်စား ပြောဆိုနေကြတဲ့ ဒီဖြစ်ရပ်ကို အစိုးရက မသိကျိုးကျွန် ပြုနေတဲ့အပေါ် ပစ်မှတ်ထား ဆန္ဒပြနေကြတာပါ။

ဗီယက်နမ်နိုင်ငံမှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီး ဖြစ်ခဲ့ရင်လည်း အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်တွေက အလျင်အမြန် ဖမ်းဆီး နှိမ်နင်းလေ့ ရှိပါတယ်။ ဒါပေမယ့် တနင်္ဂနွေနေ့က ဆန္ဒပြသူတွေ မြို့ပတ်ပြီး ဆန္ဒပြလို့ရအောင် ရဲတပ်ဖွဲ့က ယာဉ်ကြောတွေပါ ရှင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ဟိုချီမင်းမြို့မှာလည်း ရာပေါင်းများစွာသော ပြည်သူတွေ ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ Facebook လူမှုကွန်ယက် စာမျက်နှာ်တွေမှာ ဖော်ပြကြပါတယ်။ အစိုးရပိုင် သတင်းတွေမှာတော့ ဆန္ဒပြမှုအကြောင်းကို ဖော်ပြခြင်း မရှိပါဘူး။

XS
SM
MD
LG