သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တရုတ်စီမံကိန်း ဆန့်ကျင်သူ ၁၅ ဦး ဗီယက်နမ် ဖမ်းဆီး ထောင်ချ


၂၀၁၈ ဇွန်လတုန်းက တရုတ်စီမံကိန်း ဆန့်ကျင် ဆန္ဒပြသူများ

ဗီယက်နမ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတခုနဲ့ ပတ်သက်ပြီး ဒီစီမံကိန်းဟာ တရုတ်ကုမ္ပဏီတွေ အကျိုးရှိစေဖို့ လုပ်ဆောင်တာဖြစ်ကြောင်း ပြောဆိုပြီး မနှစ်တုန်းက ဆန္ဒပြခဲ့သူ ၁၅ ဦးကို နိုင်ငံ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုနဲ့ ကြာသပတေးနေ့က ထောင်ဒဏ်ပြစ်ဒဏ်ချမှတ် လိုက်ပါတယ်။

၂၀၁၈ ဇွန်လတုန်းက ဗီယက်နမ်မှာ ရှားရှားပါးပါး တပြည်လုံးအတိုင်အတာနဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွါးခဲ့ရာကနေ နေရာတချို့မှာ အကြမ်းဖက်မှု တွေ ဖြစ်ပွားခဲ့တဲ့အတွက် တည်ငြိမ်အောင် ပြန်ထိန်းဖို့ ရဲတွေအတော် ကြိုးစားခဲ့ရတာဖြစ်ပါတယ်။

ကြာသပတေးနေ့မှာတော့ ဆန္ဒပြရာမှာ ပါဝင်သူ ၁၅ ဦးကို ဗီယက်နမ်တောင်ပိုင်း Binh Thuan ခရိုင်တရားရုံးက သူတို့ခရိုင်မှာ ရှိတဲ့ ရဲစခန်းတွေနဲ့ ရဲကားတွေကို ဖျက်ဆီးမှုနဲ့ ထောင်ဒဏ် ၂ နှစ်ကနေ ၃ နှစ်ခွဲကြား ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

အစိုးရသတင်းဌာန VNA ကတော့ ဒီ ၁၅ ဦးဟာ လူထုကို သွေးကြွအောင် လုပ်ပြီး အော်ဟစ်ခဲ့သလို ပင်မ အဝေးပြေးလမ်းမကြီးကိုလည်း ၁၅ နာရီကြာ ပိတ်ဆို့ထားခဲ့တယ်လို့ တရားရုံးကြေညာချက်ကို ကိုးကားပြီး ဖေါ်ပြထားပါတယ်။ တရားသူကြီးအဖွဲ့ကလည်း သူတို့ရဲ့ လုပ်ဆောင်ချက်တွေ ဟာ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ လူမှုအသိုင်းအဝိုင်းဘေးကင်းရေးအတွက် မလိုလားအပ်တဲ့ အမူအကျင့်ဖြစ်တာကြောင့် ပြင်းထန်တဲ့ အပြစ်ပေးဖို့ လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

သူတို့နဲ့အတူ အဖမ်းခံနေရသူ အများအပြားအတွက်လည်း အလားတူအရေးယူဖို့ စုံစမ်းစစ်ဆေးနေကြောင်း တရားရုံးအရာရှိ တဦး က အတည်ပြုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG