ဗီယက်နမ်နိုင်ငံဟာ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို အဆက်မပြတ် ချိုးဖောက်နေတာကြောင့် အမေရိကန် အစိုးရရဲ့ ဘာသာရေး လွတ်လပ်ခွင့်များအား ချိုးဖောက်နေသည့် စိုးရိမ်ရသော နိုင်ငံများ စာရင်းထဲကနေ ဖြုတ်ပယ်ထားတဲ့ ဗီယက်နမ်နိုင်ငံကို ဒီစာရင်းထဲမှာ ပြန်ပြီးထည့်သွင်းဖို့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး (Human Rights Watch) အဖွဲ့ကြီးက ဒီကနေ့ အင်္ဂါနေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း ၉၀ ကျော်က လူ့အခွင့်အရေး အခြေအနေတွေဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဒီကနေ့မှာ HRW အဖွဲ့က သတင်းကြေညာချက် ထပ်ပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံက သီးခြားလွတ်လပ်တဲ့ ဘာသာရေး အဖွဲ့အစည်းတွေဟာ ရဲတပ်ဖွဲ့ရဲ့ အဆက်မပြတ် ဖိနှိပ် နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်နေကြရပြီး ဘာသာရေးခေါင်းဆောင် များစွာဟာလည်း ဖမ်းဆီးထိန်းသိမ်းတာ ခံနေကြရပါတယ်။
ဗီယက်နမ်က ဘာသာရေး နှိပ်ကွပ်မှုဟာ စနစ်တကျနဲ့ ရက်စက်စွာ ပြုလုပ်နေတာ ဖြစ်ပြီးတော့ နှိပ်ကွပ်မှုတွေဟာ တနေ့တခြား ပိုပြီး ဆိုးလာနေတယ်လို့ HRW အဖွဲ့ရဲ့ သတင်းကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် အစိုးရရဲ့ ဘာသာရေး လွတ်လပ်ခွင့်များအား ချိုးဖောက်နေသည့် စိုးရိမ်ရသော နိုင်ငံများ စာရင်းထဲကနေ ဗီယက်နမ်နိုင်ငံကို ၂၀၀၆ ခုနှစ်က အမေရိကန် အစိုးရက ဖြုတ်ပယ်ခဲ့တာပါ။ ဒီစာရင်းထဲမှာတော့ မြန်မာ၊ တရုတ်၊ အီရီထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေးဗီးယား၊ ဆူဒန်နဲ့ ဥဇဘက်ကစ္စတန် နိုင်ငံတွေ ဆက်ပြီး ပါရှိနေပါတယ်။