သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဆန့်ကျင်ရေး ဗီယက်နမ်အလုပ်သမားတွေ ဆန္ဒပြ


တောင်တရုတ်ပင်လယ်ထဲက တရုတ်နဲ့ ဗီယက်နမ် နှစ်နိုင်ငံလုံးက ပိုင်ဆိုင်တယ်လို့ ပြောနေတဲ့နေရာမှာ တရုတ်က ရေနံတူးစင် လာထားတဲ့အပေါ် ဆန့်ကျင်တဲ့အနေနဲ့ ဗီယက်နမ်စက်ရုံလုပ်သား ထောင်နဲ့ချီ အင်္ဂါနေ့က ဆန္ဒပြခဲ့ကြပါတယ်။

ယူနီဖောင်းဝတ်စုံတွေ ဝတ်ထားကြတဲ့ ဗီယက်နမ်စက်ရုံ အလုပ်သမားတွေဟာ တရုတ်လူမျိုးတွေပိုင်တဲ့ စက်ရုံတွေရှေ့မှာ အလံတွေကို ဝှေ့ယမ်း မော်တော် ဆိုင်ကယ်တွေ ဟွန်းတီး၊ တရုတ်ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ အော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။

Vietnam-Singapore Industrial Park စက်မှုဇုန်မှာရှိနေတဲ့ အမည်မဖော်လိုသူတယောက်က အခြေအနေဟာ ထိန်းမနိုင်သိမ်းမရ အခြေအနေ ဖြစ်တယ်လို့ VOA ဗီယက်နမ်ဌာနကို ပြောပါတယ်။ တနင်္လာနေ့ထဲက စတင် ဆန္ဒပြခဲ့ကြတာမှာ အင်္ဂါနေ့မှာတော့ တရုတ်လူမျိုးတွေနဲ့ နိုင်ငံခြားသားတွေပိုင်တဲ့ စက်မှုဇုန် ၄ ခုလုံးအထိ ပျံ့နှံ့ ကူးစက် ဆန္ဒပြခဲ့ကြပါတယ်။

လုပ်ငန်းတွေရပ်ဖို့ ငြင်းဆန်တဲ့ စက်ရုံတချို့ဖျက်ဆီးခံရတယ်လို့ စက်မှုဇုန်တခုက အမှုဆောင်အရာရှိတယောက်ရဲ့ အပြောကို AP သတင်းက ကိုးကားဖော်ပြထားပါတယ်။ ရေနက်ရေနံတူးစင်ကို ရေပိုင်နက်အငြင်းပွားနေတဲ့ နေရာမှာ တရုတ်က မေလ ၁ ရက်နေ့ထဲက လာရောက်ထားရှိပြီးနောက် တရုတ်နဲ့ ဗီယက်နမ်သင်္ဘောတွေ တိုက်မိတဲ့ ပြဿနာလည်း ဖြစ်ခဲ့ပါတယ်။

အခုလို တောင်တရုတ်ပင်လယ်ထဲက ရေပိုင်နက်အငြင်းပွားမှုကြောင့် ဖြစ်နေတဲ့ တင်းမာမှုတွေနဲ့ ပတ်သက်လို့ အထူးစိုးရိမ်တဲ့အကြောင်း နေပြည်တော်မှာ လုပ်ခဲ့တဲ့ အာဆီယံထိပ်သီး စည်းဝေးပွဲ ကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြ ခဲ့ပါတယ်။
XS
SM
MD
LG