အလျှင်အမြန် ကြီးထွားနေတဲ့ စီးပွားရေးအတွက် ဂျပန်နဲ့ ရုရှား အကူအညီကိုယူပြီး နျူကလီးယားစွမ်းအင် ထုတ်လုပ်မယ်လို့ ဗီယက်နမ်က ပြောပါတယ်။
ဗီယက်နမ်မှာ နျူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ၂ နိုင်ငံပေါင်းပြီး ဆောက်လုပ်မယ်လို့ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင် တန်ဒန်း (Nguyen Tan Dung) နဲ့ ဗီယက်နမ်ကို ရောက်နေတဲ့ ဂျပန်ကြီးချုပ် နာအိုတို ကန် (Naoto Kan) တို့က တနင်္ဂနွေနေ့က ပြောပါတယ်။
ဗီယက်နမ်နိုင်ငံက ရှားပါး သယံဇာတ တူးဖော်ရေးမှာ အတူတွဲလုပ်ဖို့ ဗီယက်နမ် အစိုးရက ဂျပန်ကို ရွေးချယ်ခဲ့တယ်လို့လည်း ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။
ဒီသဘောတူချက်ဟာ ဂျပန်နဲ့ ဗီယက်နမ်ကြား ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ကြမယ့် လက္ခဏာ ဖြစ်တယ်လို့လည်း ဂျပန်ကြီးချုပ် နာအိုတို ကန်က ပြောခဲ့ပါတယ်။
တနင်္ဂနွေနေ့ကပဲ နျူကလီးယား စက်ရုံတခု တည်ဆောက်ဖို့ ဗီယက်နမ်နဲ့ ရုရှားတို့ သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။
၂၀၁၄ ခုနှစ်က စတင်တည်ဆောက်မယ့် နျူကလီးယားစက်ရုံ တည်ဆောက်ရေး ဟနွိုင်းမြို့မှာ လုပ်ခဲ့တဲ့ သဘောတူစာချုပ် လက်မှတ်ထိုးပွဲကို ဗီယက်နမ် သမ္မတ ငုယင် မင်း ထရီးယက် (Nguyen Minh Triet) နဲ့ ရုရှားသမ္မတ ဒီမီထရီ မက်ဒ်ဗီဒက်ဗ် (Dmitry Medvedev) တို့လည်း တက်ရောက်ခဲ့ပါတယ်။