ဗီယက်နမ်သမ္မတ To Lam ကို ကွန်မြူနစ်ပါတီရဲ့ အကြီးအကဲအဖြစ် ဒီကနေ့ ဩဂုတ်လ ၃ ရက်နေ့မှာ အတည်ပြု ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ဇူလိုင် ၁၉ ရက်နေ့က ကွယ်လွန်သွားတဲ့ ပါတီအကြီးအကဲနေရာမှာ အစားထိုး ခန့်အပ်လိုက်တာလည်း ဖြစ်ပါတယ်။
သမ္မတ To Lam အနေနဲ့ ဗီယက်နမ်နိုင်ငံမှာ နိုင်ငံရေးအရ ဩဇာအရှိဆုံးရာထူးဖြစ်တဲ့ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးရာထူးကို ရရှိခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာမှာ ဖော်ပြပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ သမ္မတရာထူးကို ဆက်လက် ပူးတွဲထမ်းဆောင်နေဦးမလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကွယ်လွန်သွားသူ အရင် ပါတီအကြီးအကဲ Nguyen Phu Trong ဟာ သူ ရာထူးလက်ခံရယူခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစလို့ ဗီယက်နမ် နိုင်ငံရေးလောကကို လွှမ်းမိုးထားခဲ့သူ တဦးဖြစ်ပါတယ်။ Nguyen Phu Trong ကို ပါတီအကြီးအကဲဖြစ် ၂၀၂၁ ခုနှစ်မှာ ၃ ကြိမ်မြောက် ဆက်တိုက် ရွေးချယ် တင်မြှောက်ခဲ့ပါတယ်။ သူဟာ အတွေးအခေါ်သမားတဦးဖြစ်ပြီး အကျင့်ပျက် ခြစားမှုဟာ ကွန်မြူနစ်ပါတီအတွက် အကြီးမားဆုံး ခြိမ်းချောက်မှုအဖြစ် ရှုမြင်ခဲ့သူ ဖြစ်ပါတယ်။
ပါတီခေါင်းဆောင်ရှိဖို့ အရေးပေါ်လိုအပ်တာကြောင့် သူ့ကို ရွေးချယ်ခန့်အပ်ခြင်းဖြစ်ကြောင်း ကွန်မြူနစ်ပါတီ အကြီးအကဲအဖြစ် ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းမှာ To Lam က တည့်သွင်း ပြောကြားခဲ့ပါတယ်။
To Lam ဟာ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှာ နှစ်ပေါင်း ၄၀ လောက် တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီဌာနရဲ့ ဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခံရပြီးနောက်မှာ သမ္မတအဖြစ် မကြာသေးခင်ကမှ ရွေးကောက် တင်မြှောက်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
Forum