သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဖွန်းမုန်တိုင်းကြောင့် ဗီယက်နမ်မှာ လူ ၇၀ ခန့်သေ


ဗီယက်နမ် နိုင်ငံရဲ့ တောင်ပိုင်း ဗဟိုကမ်းရိုးတန်းဒေသမှာ ပြီးခဲ့တဲ့ သတင်းပတ်က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၆၉ ယောက်အထိ ရှိသွားပြီလို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

Khanh Hoa ပြည်နယ်ကို မွှေနှောက် ဖျက်စီးခဲ့တဲ့ တိုင်ဖွန်း Damrey အပြီး လူ ၃၀ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့လည်း သဘာဝဘေးဒဏ် စီမံခန့်ခွဲမှုဆိုင်ရာ အာဏာပိုင် အဖွဲ့က ပြောပါတယ်။ အကြီးအကျယ် ရေကြီးမှုကြောင့် အိမ်ပေါင်း ၁ သိန်း ၁ သောင်း ၆ ထောင် လုံးဝပျက်စီး၊ ဖျက်စီးခံခဲ့ရပါတယ်။ တိုင်ဖွန်း Damrey ကြောင့် မိုးသည်းထန် ရေကြီးနေတာကြောင့် နိုင်ငံ အလယ်ပိုင်း Danang မြို့မှာ ဗုဒ္ဓဟူးနေ့ စပြီး ၂ ရက်ကြာ ကျင်းပမယ့် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု- APEC ညီလာခံအပေါ်မှာလည်း သက်ရောက်နိုင်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ဒီညီလာခံကို တက်ရောက်မှာပါ။ ဒါ့အပြင် အမေရိကန် သမ္မတ Donald Trump ၊ တရုတ် သမ္မတ Xi Jinping ၊ ဂျပန် ဝန်ကြီးချုပ် Shinzo Abe၊ ရုရှား သမ္မတ Vladimir Putin တို့ အပါအဝင်နိုင်ငံပေါင်း ၂၁ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

အစည်းအဝေးကတော့ မူလ စီစဉ်ထားတဲ့ အတိုင်း ဖြစ်မြောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ဇနီး၊ ခင်ပွန်းတွေကို လည်ပတ်ဖို့ စီစဉ်ထားတဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် UNESCO က အသိအမှတ်ပြုထားတဲ့ Hoi An ရှေးဟောင်းမြို့တော်ကို သွားရောက်မယ့် ခရီးစဉ်ကိုတော့ ဖျက်သိမ်းရဖွယ် ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG