သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ရေနံစင်တူးမှု ဗီယက်နမ်ပြည်သူတွေ ကန့်ကွက်


အငြင်းပွားနေတဲ့ ရေပိုင်နက်မှာ တရုတ်ဘက်က ရေနံတူးစင်ဆောက်နေတဲ့အတွက် တရုတ်သံရုံးရှေ့မှာ ဆန္ဒပြနေကြတဲ့ ဗီယက်နမ်ပြည်သူများ။ (မေ ၁၁၊ ၂၀၁၄)
အငြင်းပွားနေတဲ့ ရေပိုင်နက်မှာ တရုတ်ဘက်က ရေနံတူးစင်ဆောက်နေတဲ့အတွက် တရုတ်သံရုံးရှေ့မှာ ဆန္ဒပြနေကြတဲ့ ဗီယက်နမ်ပြည်သူများ။ (မေ ၁၁၊ ၂၀၁၄)
အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်က Paracel ကျွန်းစုတွေနားက ရေပြင်ပိုင်နက်မှာ တရုတ်နိုင်ငံက ကမ်းလွန်ရေနံတူးစင်တစ်ခု တည်ဆောက်ဖို့ ကြိုးစားနေတာကို ဆန့်ကျင်တဲ့အနေနဲ့ တနင်္ဂနွေနေ့က ဗီယက်နမ်မြို့တော်မှာရှိတဲ့ တရုတ်နိုင်ငံသံရုံးအပြင်ဘက်မှာ ရာနဲ့ချီတဲ့ပြည်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။

“ဗီယက်နမ်နိုင်ငံက ကျူးကျော်စစ်ကို နှစ်နဲ့ချီ ရင်ဆိုင်ကျော်လွှားခဲ့ပြီးပါပြီ။ အခုအချိန်မှာ တည်ငြိမ်မှုနဲ့အတူ ရှေ့ခရီးဆက်ပြီး ငြိမ်းချမ်းတဲ့နေ့တွေကို ပိုင်ဆိုင်ချင်ပေမယ့် တရုတ်နိုင်ငံက ဗီယက်နမ်ကို စစ်ပွဲဆင်နွဲအောင် ဆွဲခေါ်နေပါတယ်။ ဒီပြဿနာနဲ့ပတ်သက်ပြီး ဗီယက်နမ်က စိတ်မကောင်းသလို ငြိမ်းငြိမ်းချမ်းချမ်းနေချင်တဲ့ ကျနော်တို့ ဆန္ဒနဲ့ ဆန့်ကျင်နေပေမယ့် ကိုယ့်နိုင်ငံအတွက်ကိုယ် ခုခံကာကွယ်ရပါလိမ့်မယ်” လို့ ဗီယက်နမ် စစ်ပြန်တစ်ယောက်က ပြောပါတယ်။

ဆန္ဒပြသူတွေကို အရပ်ဝတ်နဲ့ ယူနီဖောင်းဝတ် လုံခြုံရေးအရာရှိတွေက စောင့်ကြည့်နေပြီး တရုတ်သံရုံးရှေ့က လမ်းကို ဖြတ်ကူးမလာနိုင်အောင် အတားအဆီးတွေချပြီး ကာကွယ်ထားပါတယ်။ မေလ ၁ ရက်နေ့က တရုတ်နိုင်ငံဘက်က အငြင်းပွားရေပိုင်နက်ကို ဝင်ရောက်ပြီး မကြာခင်မှာပဲ ဗီယက်နမ်ကလည်း တရုတ်ကမ်းလွန် ရေနံတူးစင်တွေဆီကို သင်္ဘောတွေပြန်ပြီး စေလွှတ်ခဲ့ပေမယ့် အကာအကွယ်ယူထားတဲ့ စက်ဝိုင်းပုံစံ တရုတ်သင်္ဘောအုပ်စုကိုတော့ ဖြတ်ပြီး မဝင်နိုင်ခဲ့ပါဘူး။

တောင်တရုတ်ပင်လယ်ပြင်ကို တရုတ်နိုင်ငံဘက်က သူတို့ပိုင်နက်အဖြစ် ကြေညာထားပေမယ့် တဘက်မှာလည်း ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကလည်း အဲဒီရေပိုင်နက်ကို သူတို့ပိုင်တယ်ဆိုပြီး အငြင်းပွားနေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG