အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံကို ဝင်ရောက်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson အနေနဲ့ ရခိုင်ပြဿနာတခုတည်းမဟုတ်ဘဲ မြန်မာနိုင်ငံတွင်းမှာ အရေးတကြီးဖြေရှင်းဖို့ လိုတဲ့ကိစ္စတွေကိုလည်း ဦးစားပေးဆွေးနွေးဖို့ မြန်မာ့ အရေးဆောင်ရွက်နေသူတွေက တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အတွင်း ဘယ်လိုကိစ္စတွေကို မီးမောင်းထိုးပြစေချင်တာလည်းဆိုတာကို ဗွီအိုအေ မြန်မာပိုင်းကမေခက စုစည်းတင်ပြမှာပါ။
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး Rex Tillerson ဟာ အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံကိုပါ လာရောက်မှာဖြစ်ပါတယ်။ နေပြည်တော်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ရောက်လာမယ့် ၀န်ကြီး Tillerson ဟာ မြန်မာအစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင် တွေ၊ အကြီးတန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်က လူသားဘေးဒုက္ခဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်း ရေး လုပ်ဆောင်ချက်တွေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအပေါ် အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုနဲ့ပတ်သက်ပြီး ဆွေးနွေး မယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
သမ္မတ Donald Trump လက်ထက်မှာ မြန်မာနိုင်ငံကိုလာရောက်တဲ့ အစိုးရ တာဝန်ရှိသူတွေထဲမှာ ဝန်ကြီး Tillerson ဟာ အဆင့် အမြင့်ဆုံးဖြစ်ပါတယ်။ သူရောက်လာမယ့် အဓိကအကြောင်းအရာနဲ့ပတ်သတ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသူတွေနဲ့ တက်ကြွလှုပ်ရှားသူုတွေဘက်က အမြင်အမျိုးမျိုး ရှိနေကြတာဖြစ်ပါတယ်။
ရခိုင်အရေးဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အရေးတခုဖြစ်ပေမယ့် တကယ့်အရေးကြီးဆုံးလုပ်ငန်းတခုဟာ တနိုင်ငံလုံး ငြိမ်းချမ်းရေးဖြစ်တာကြောင့် ဒီအပေါ်မှာ အမေရိကန်အပြင် နိုင်ငံတကာက ပိုအလေးပေးဆောင်ရွက်သင့်တယ်လို့ ထောက်ပြလာသူက မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းပါ။
" ကျနော်တို့ဆီမှာ Urgent လို့ခေါ်တဲ့ အရေးပေါ်တဲ့ကိစ္စရှိတယ် Important လို့ခေါ်တဲ့ အရေးကြီးတဲ့ကိစ္စမျိုးတွေရှိတာပေါ့။ ဆိုတော့ အခု ငြိမ်းချမ်းရေးကိစ္စလည်း အရေးကြီးပါတယ်။ Urgent သဘောမျိုးလည်းဖြစ်ပါတယ် အရေးပေါ်တဲ့ သဘောမျိုးဖြစ်တာပေါ့နော်။ ဒါပေမဲ့ အခု နိုင်ငံတကာဘက်ကကျတော့ ဒီရိုဟင်ဂျာကိစ္စက Urgent လည်းဖြစ်တယ် Important လည်းဖြစ်တယ်ပေါ့နော်။ အရေးလည်းကြီးတယ် အရေးလည်းပေါ်တယ်ဆိုတဲ့သဘောမျိုး သုံးသပ်ကြတယ် ကျနော်မြင်တာကတော့ ငြိမ်းချမ်းရေးကိစ္စက အရေးကြီးတယ်ထင်ပါတယ်။ တဘက်က ငြိမ်းချမ်းရေးကိစ္စက ကျနော်တို့ တိုင်းပြည် ဧရိယာက တွက်ကြည့်ရင်လည်း ပိုကျယ်ပြန့်တဲ့အနေအထား လွှမ်းခြုံပါတယ်။ ကျနော်တို့ ရှေ့လျောက် ပြေလည်ရာပြေလည်ကြောင်း နောက်တခါ ဖက်ဒရယ်ပြည်ထောင်စု ဘယ်လိုတည်ဆောက်မလဲ ဒီမိုကရေစီပြည်ထောင်စု ဘယ်လိုတည်ဆောက်မလဲ ဒါလည်း အရေးကြီးတဲ့ကိစ္စလို့ထင်ပါတယ်။ "
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အာဆာအကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက် မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် အဲဒီဒေသကနေ အစ္စလာမ်ဘာသာဝင် သိန်းနဲ့ချီ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကို ထွက်သွားခဲ့ကြတဲ့အတွက် ဒီပြဿနာဟာ နိုင်ငံတကာမှာ အာရုံစိုက်စရာဖြစ်လာခဲ့တာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံနိုင်ငံထဲက စစ်ဘေးရှောင်စခန်းတွေမှာ စားဝတ်နေရေးခက်ခဲနေပြီး ပညာသင်ကြားလို့မရတဲ့ ကလေး ငယ်တွေနဲ့ အမျိုးသမီး အရေးတွေကို နိုင်ငံတကာကရော မြန်မာအစိုးရကပါ အလေးထားသင့်ပြီလို့ လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါ်ဘောက်ဂျာက ထောက်ပြပါတယ်။
" မြန်မာနိုင်ငံအတွက် အဓိက အရေးအကြီးဆုံးက ငြိမ်းချမ်းရေးပါ။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုရဖို့ ဒီရင်ကြားစေ့ဆိုတဲ့အရာဟာ သာမာန်ပြောရုံနဲ့ လွယ်သလိုဖြစ်ပေမဲ့ တကယ်တမ်းမှာ အခက်အခဲတွေ အများကြီးကြုံနေရတယ်။ အစိုးရက အဓိကမထားတဲ့ အခါမှာ နိုင်ငံတကာကလည်း အာရုံမစိုက်ပါဘူး။ တောထဲ တောင်ထဲမှာ ပညာမသင်နိုင်တဲ့ ကလေးတွေ များစွာရှိတယ်။ ကျမ်းမာရေးချို့တဲ့နေတဲ့ သူတွေများစွာရှိတယ်။ စားဝတ်နေရေးခက်ခဲနေတာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ နိုင်ငံခေါင်းဆောင်ကြီး လုပ်တဲ့သူက စိတ်မဝင်စားတဲ့အခါကျတော့ အစိုးရက အဓိက မထားတဲ့အခါကျတော့ နိုင်ငံတကာကလည်း အာရုံမစိုက်ပါဘူး။"
၈၈ မျိုးဆက်နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးကတော့ နိုင်ငံတိုင်း လူ့အခွင့်အရေး ဆိုတာထက် နိုင်ငံလုံခြုံရေးကိုပိုပြီး အလေးထားလုပ်ဆောင်သင့်တာကို အမေရိကန်နိုင်ငံ အနေနဲ့ လက်သင့်ခံပေးဖို့လိုတယ်လို့ဆိုပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးကို ပိုပြီးလုပ်ဆောင်နိုင်ဖို့ လိုအပ်နေတာမို့ ဒီအရေးကိစ္စတွေကိုလည်း ဦးစားပေးလုပ်နိုင်ဖို့ ထောက်ပြသွားပါတယ်။
" ကျမတို့နိုင်ငံမှာပေါ့နော် ဒါကတော့ နိုင်ငံတိုင်းမှာ ရှိပါတယ်။ လူ့အခွင့်အရေးနဲ့ ယှဉ်လာလို့ရှိရင် နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရတာ နိုင်ငံတိုင်းရဲ့ တာဝန်ပေါ့နော်။ ဒါကိုလည်း နားလည်ပေးစေချင်တယ် နောက်ပြီးတော့ ကျမတို့နိုင်ငံမှာ ရှိတဲ့ တခြား တခြားသော တရားဥပဒေပိုင်းဆိုင်ရာပေါ့နော် တရားဥပဒေစိုးမိုးရေးအတွက် ဒီ့ထက်ပိုပြီးတော့ အသေးစိတ်ပေါ့ ကူညီပေးစေချင်တယ် နောက်တခုက ကူညီပေးရာမှာလည်း အဖွဲ့အစည်းတွေကို သေသေချာချာ ပြန်လိုက်ပြီးတော့ ကူညီပေးစေချင်တယ်။"
ရခိုင်မြောက်ပိုင်းမှာ အကြမ်းဖက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်လို့ဆိုပြီး။ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးကြတဲ့ ကိစ္စနဲ့ပါတ်သက်လို့ ၀န်ကြီး Tillerson က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီ တယ်လီဖုန်းနဲ့ဆက်သွယ်စကားပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေဟာ လူမျိုးပြုတ် ရှင်းလင်း ဖယ်ရှားတဲ့အခြေအနေ ရောက်နေပြီလို့ အမေရိကန်နိုင်ငံခြားရေးဌာနက သတ်မှတ်ဖို့ အမေရိကန်လွှတ်တော်အမတ်တွေက တွန်းအားပေးနေချိန်မှာ နိုင်ငံခြားရေးဝန်ကြီး Tillerson မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။ ၀န်ကြီး Tillerson ဟာ သမ္မတထရမ့်ပ်နဲ့အတူ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်ခရီးစဉ် တွေမှာ အတူလိုက်ပါပြီးတဲ့နောက် မြန်မာနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။