သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် ၃ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် ရောက်ရှိ


ကုလအထူးကိုယ်စားလှယ် ၃ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် ရောက်ရှိ
ကုလအထူးကိုယ်စားလှယ် ၃ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် ရောက်ရှိ

မြန်မာအစိုးရသစ် တာဝန်ရှိသူတွေ အပါအဝင်၊ နိုင်ငံရေး ပါတီတွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ ဒီကနေ့ ရောက်နေပါတယ်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်ဖို့ တိုက်တွန်းနေတဲ့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်အဖြစ် သွားရောက်နေတဲ့ ဒီခရီးစဉ် အပေါ်မှာတော့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ တုံ့ပြန်မှုတွေက ဘယ်လိုရှိနေပါသလဲ။ ဒီအကြောင်း အပြည့်အစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား ၃ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်လာပြီး အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို ရောက်နေတာ ဖြစ်ပါတယ်။ အခု ခရီးစဉ်အတွင်း နေပြည်တော်နဲ့ ရန်ကုန်မြို့တွေကို သွားရောက်ပြီး အစိုးရ တာဝန်ရှိသူတွေသာမက တိုင်းပြည်တွင်းက တခြား သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံဖို့ ရှိတဲ့အကြောင်း အင်္ဂါနေ့တုန်းက ကုလသမဂ္ဂ ရုံးချုပ်ရှိရာ နယူးယောက်မြို့က သတင်းစာ ရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ပြောဆိုထားတာမို့ နေပြည်တော်မှာ အစိုးရသစ်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖြစ်မယ်လို့လည်း မျှော်လင့်ထားကြတာပါ။

မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တဲ့ ခရီးစဉ် ဖြစ်တဲ့အကြောင်းကိုတော့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ လက်ထောက် ပြောခွင့်ရသူ ဖာဟန် ဟပ်ခ် (Farhan Haq) က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“အတွင်းရေးမှူးချုပ်ရုံးက အပ်နှင်းထားတဲ့ တာဝန်တွေကို အကောင်အထည် ဖော်ရာမှာ အထူးအကြံပေးပုဂ္ဂိုလ် အနေနဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ မြန်မာအစိုးရ၊ လူမှုအဖွဲ့အစည်းတွေနဲ့ သာမက တခြား သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့လည်း နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ တွေ့ဆုံသွားမှာပါ။”

မြန်မာနိုင်ငံမှာ အစိုးရသစ် ဖွဲ့စည်းပြီးတဲ့နောက် ပထမဆုံးအကြိမ် ကုလသမဂ္ဂရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တဦး အဖြစ်နဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ မြန်မာအစိုးရက နိုင်ငံရေး အပြောင်းအလဲတွေကို ဦးတည်တဲ့ လုပ်ငန်းစဉ်အဖြစ် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာပဲ ရွေးကောက်ပွဲတွေ ကျင်းပပြီး ဒီနှစ်ဆန်းပိုင်းမှာ အစိုးရသစ်တရပ်ကို ဖွဲ့စည်းလိုက်တာပါ။ ဒါပေမဲ့လည်း စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ နိုင်ငံရေး ပါတီကသာ အများစု အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတတဲ့ အခြေအနေမှာ မရှိဘူးဆိုပြီး ဝေဖန်မှုတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့် အခြေအနေတွေအပေါ် ကန့်ကွက်တဲ့အနေနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကလည်း ပါဝင်ယှဉ်ပြိုင်တာတွေ မလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ရွေးကောက်ပွဲနောက်ပိုင်း အစိုးရသစ်တရပ် ပေါ်ပေါက်လာပေမဲ့ ဒီလို မပြေလည်နိုင်သေးတဲ့ နိုင်ငံရေး ကိစ္စတွေကို ဖြေရှင်းသွားနိုင်ဖို့ ကုလသမဂ္ဂက ကြိုးပမ်းနေရာမှာ အခု အထူးကိုယ်စားလှယ် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီ တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ ဖာဟန် ဟပ်ခ်က ပြောပါတယ်။

“သက်ဆိုင်သူပုဂ္ဂိုလ် အများအပြား ပါဝင်ကြမှာပါ။ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ပါ တွေ့ဆုံဖို့ မျှော်လင့်ထားတယ်ဆိုတာ ကျနော် သိထားပါတယ်။”

နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုကတော့ အထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အပေါ် သတိနဲ့ ကြိုဆိုခဲ့တာပါ။ မြန်မာအစိုးရဘက်က ဒီမိုကရေစီရေး ဦးတည်တဲ့ လုပ်ရပ်တွေ မမြင်ရသေးတဲ့အတွက် သံသယတွေ ရှိနေဆဲ ဖြစ်ပေမဲ့လည်း ထိတွေ့ဆက်ဆံမှုတွေ၊ ပြုပြင်ပြောင်းလဲရေးတွေ တိုးမြှင့်သွားမယ့် အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားရဲ့ ခရီးစဉ်ကို ကြိုဆိုပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာ့ခ် တုန်နာ (Mark Toner) က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရ အနေနဲ့လည်း အရေးယူ ဒဏ်ခတ်မှုတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေလို နှစ်လမ်းသွား ချဉ်းကပ်တဲ့ မူဝါဒတွေကို ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်တယ်လို့လည်း ပြောခွင့်ရသူက အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG