မြန်မာနိုင်ငံကို ၃ ရက်ကြာခရီး လာရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) ဟာ သူ့ရဲ့ ဒုတိယမြောက်နေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ NLD ပါတီ တရားဝင် ရပ်တည်နိုင်ရေး မြန်မာအစိုးရကို တိုက်တွန်းဖို့ NLD ပါတီဘက်က တောင်းဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
မြန်မာအစိုးရသစ်ရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားဟာ ကြာသပတေးနေ့ ညနေ ၅ နာရီမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တနာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မစ္စတာ နမ်ဘီးယားရဲ့ အခု လာရောက်မှုဟာ အရင် ကုလသမဂ္ဂ ကိုယ်စားလှယ် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) လာရောက်ခဲ့တုန်းက အနေအထားနဲ့ ဘယ်လိုကွာခြားတယ် ဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပြပါတယ်။
“အခုက အရပ်သား အစိုးရအဖြစ် တက်နေပြီဆိုတော့ ပိုပြီးတော့ မျှော်လင့်ချက် ရှိနိုင်မလားလို့ သူတို့က ယူဆပါတယ်။”
မြန်မာနိုင်ငံမှာ အရပ်သား အစိုးရ ပြောင်းလဲ အုပ်ချုပ်နေပြီ ဖြစ်တဲ့အတွက် နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စတွေမှာ အရင်ကထက်စာရင် တိုးတက်မှုတွေ ရှိလာမယ်လို့ ကုလသမဂ္ဂဘက်က မျှော်လင့်ထားတဲ့ အကြောင်းလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရဘက်က ၂၀၁၄ ခု အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်ဖို့အတွက် ကမ်းလှမ်းထားတာနဲ့ ပတ်သက်လို့လည်း အာဆီယံ ဥက္ကဋ္ဌ ဖြစ်ဖို့ထက် မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲသင့်တဲ့ ကိစ္စတွေကို ပြုပြင်ဖို့ ကိစ္စဟာ အရေးကြီးတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ မြန်မာပြည်သူတွေနဲ့ ထိတွေ့ပြီး အပြောင်းအလဲတွေ ဖော်ဆောင်ဖို့ အတွက်က ပိုပြီး အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို ရောက်လာတဲ့ မစ္စတာ နမ်ဘီးယားဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ ၀န်ကြီးဌာန အသီးသီးက ဌာနဆိုင်ရာ အကြီးအကဲတွေ ပါဝင်တဲ့ မြန်မာအစိုးရသစ် အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ် အနေနဲ့ မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး NLD ကို ရှင်းပြခဲ့တယ်လို့ NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။
“မစ္စတာ နမ်ဘီးယားဘက်က သူ နေပြည်တော်မှာ ဦးသိန်းစိန် အစိုးရ ၀န်ကြီးတချို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေကို သူက တင်ပြတယ်။ အဲဒီလို တွေ့ဆုံရာမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က မှာကြားချက်တွေကို သူ တင်ပြခဲ့ကြောင်း၊ တွေ့ဆုံခဲ့တဲ့ အခြေအနေတွေကို တင်ပြတယ်လို့ ပြောပါတယ်။ သူ့ဘက်ကတော့ တင်ပြရမယ့် ၀တ္တရားအတိုင်း တင်ပြခဲ့တာပါပဲတဲ့၊ သူတို့ဘက်က တုံ့ပြန်မှုတွေကတော့ အခုထိတော့ မယ်မယ်ရရ တခုခု ပြောဖို့ မရှိပါဘူးတဲ့။ သို့သော်လည်း အခြေအနေက တိုးတက်လာလေမလားလို့ သူတော့ မျှော်လင့်မိပါတယ် ဘာညာနဲ့ အဲဒီလို သူပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသား လွတ်ရေးကိစ္စ၊ အဲဒီမှာလည်း မစ္စတာ နမ်ဘီးယား သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ နေပြည်တော်မှာ တွေ့တဲ့အခါ ဒီကိစ္စကို ပြောခဲ့ပြီး ဖြစ်ပါတယ်တဲ့။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း ဒီအချက်ကို ထပ်လောင်းပြီး ပြောကြားလိုက်ပါတယ်တဲ့။ ကျနော်လည်း ပြောခဲ့ပါတယ် ဆိုတာ သူက အဲဒီလို ပြောပါတယ်။”
မစ္စတာ နမ်ဘီးယားဟာ ကြာသပတေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးအပြီး NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ NLD အနေနဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်ကို အချက် ၃ ချက် တင်ပြခဲ့တယ်လို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဦးဝင်းတင်က ပြောပါတယ်။
“တစ်အချက်ကတော့ NLD ရဲ့ တရားဝင် ရပ်တည်ခွင့်ကို ကုလသမဂ္ဂကလည်း ဖိအားပေးသင့်တယ်၊ တောင်းဆိုသင့်တယ်။ နောက်တချက်ကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က တဆင့်ပေါ့၊ ဖိအားပေးပေးပါဆိုတာ အဲဒါတွေ ကျနော်တို့ ပြောတယ်။ နောက်တခုကတော့ မစ္စတာ နမ်ဘီးယားတို့ လာနေတယ် ဆိုတာက ကုလသမဂ္ဂ အတွင်းဝန်ချုပ်ရဲ့ ကိုယ်စားလှယ် အနေနဲ့ လာတာကိုး။ ဆိုတော့ ဒါ ဘာမှ သိပ်ပြီး ထိရောက်နိုင်တဲ့ဟာ မရှိဘူး။ သူက ကုလသမဂ္ဂ အတွင်းဝန်ချုပ်က မှာတဲ့စကားတွေ ဒီမှာလာပြော ပြီးတော့၊ ဒီကပြောတဲ့ဟာတွေ ကုလသမဂ္ဂ အတွင်းဝန်ချုပ်ကို ပြန်ပြီးတော့ ပြော၊ ဒါပဲ ရှိနိုင်တယ်။
“အဲတော့ ကုလသမဂ္ဂရဲ့ အမြဲတမ်း သံတမန် ခန့်ထားရေးကို ကျနော်တို့က ဟိုတပတ်တုန်းကလည်း တင်ပြလိုက်ပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လက် ဆောင်ရွက်မှာလဲ ဆိုတော့ သူ ကုလသမဂ္ဂ အတွင်းဝန်ချုပ်ကို တင်ပြပြီးပါပြီ။ ကုလသမဂ္ဂ အတွင်းဝန်ချုပ်ကလည်း ဒီကိစ္စကို စဉ်းစားပြီးတော့ ဆောင်ရွက်နိုင်အောင် လုပ်ပါမယ်ဆိုတာ မှာလိုက်ပါတယ်ဆိုတာ အဲဒါကို ပြန်ပြောတယ်။”
NLD အနေနဲ့ မစ္စတာ နမ်ဘီးယားဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ် အဖြစ်နဲ့ လာရောက်နေတာမို့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ် ပြောဆို အကြံပေးနိုင်တာမျိုး မရှိတဲ့အတွက် ကုလသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တယောက် ခန့်အပ် ဆွေးနွေးဖို့ပဲ လိုလားတယ်လို့ ဦးဝင်းတင်က ပြောပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ သိသိသာသာ ပြောင်းလဲမှု မရှိသေးဘဲနဲ့ မြန်မာအစိုးရသစ် အဖွဲ့က သူ့ရဲ့ တရားဝင် ရပ်တည်မှုအတွက် ကုလသမဂ္ဂကို အသုံးချတာမျိုး အဖြစ်မခံသင့်ဘူးလို့ Human Rights Watch (HRW) လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကြီးက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ပြန် သတိပေးခဲ့ပါတယ်။