သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကတိအတိုင်း အချိန်မဆိုင်း ဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း


ကတိအတိုင်း အချိန်မဆိုင်း ဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း
ကတိအတိုင်း အချိန်မဆိုင်း ဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း

မြန်မာနိုင်ငံကို ၃ ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) က အစိုးရသစ် အနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ကတိပေးထားတဲ့အတိုင်း အချိန်မဆိုင်းဘဲ အကောင်အထည် ဖော်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။

အစိုးရသစ်မှာ တာဝန်ရှိသူတွေ၊ နိုင်ငံရေး ပါတီတွေ၊ တခြား သက်ဆိုင်သူ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် ဆောင်ရွက်ရေး ဆွေးနွေးသွားဖို့ ရည်ရွယ်ထားတဲ့ ခရီးစဉ် အဆုံးသတ်ချိန်မှာ ပြောဆိုသွားတာပါ။

“မြန်မာနိုင်ငံအနေနဲ့ ရှေ့ဆက်တိုးဖို့ဆိုရင် အချိန်ဆိုင်းလို့ မဖြစ်နိုင်ဘူး။” လို့ အထူးကိုယ်စားလှယ်က ခရီးစဉ် အဆုံးသတ် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။ အပြောင်းအလဲတွေ လုပ်ဖို့ အခွင့်အလမ်းတွေ ရှိနေတာကို လက်မလွှတ်ဖို့ အတွက်လည်း သူက တိုက်တွန်းသွားပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့မှာ ဒီကနေ့ တွေ့ဆုံမှုတွေ လုပ်ခဲ့ပြီး အစိုးရသစ် အပြောင်းအလဲအပေါ် မေးမြန်းရာမှာတော့ အခုအချိန်အထိ ပေးထားတဲ့ ကတိတွေကို သိသိသာသာ အကောင်အထည် ဖော်တာမျိုး မမြင်ရသေးတဲ့အကြောင်း သဘောထား ပေးခဲ့ကြတယ်လို့ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေး ပါတီတွေထဲက တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးလို လုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်းလည်း အထူးကိုယ်စားလှယ်က ပြောဆိုသွားတာပါ။

အစိုးရသစ် တက်လာပြီးတဲ့နောက် နိုင်ငံတကာ အသိုင်းအဝန်းကြားမှာ သာမက မြန်မာနိုင်ငံမှာလည်း နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေးအတွက် မျှော်လင့်ချက်တွေ ကြီးထွားနေတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ခရီးစဉ် အစနေ့မှာတော့ အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ပြီး အစိုးရသစ်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် လုပ်ဆောင်သွားဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ကိုလည်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာအာဏာပိုင်တွေဘက်က ဆွေးနွေးမှုအပေါ် တစုံတရာ တုံ့ပြန်တာမျိုးတော့ မရှိဘူးလို့ အထူးကိုယ်စားလှယ် နမ်ဘီးယားနဲ့ တွေ့ဆုံခဲ့သူတွေက ပြန်ပြောကြပါတယ်။

XS
SM
MD
LG