သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဆိပ် သတင်းစာရှင်းလင်းပွဲ စာပေစိစစ်ရေးကြောင့် ပြည်တွင်း သတင်းသမားတွေ တက်ရောက်ခွင့်မရ


လေဆိပ် သတင်းစာရှင်းလင်းပွဲ စာပေစိစစ်ရေးကြောင့် ပြည်တွင်း သတင်းသမားတွေ တက်ရောက်ခွင့်မရ
လေဆိပ် သတင်းစာရှင်းလင်းပွဲ စာပေစိစစ်ရေးကြောင့် ပြည်တွင်း သတင်းသမားတွေ တက်ရောက်ခွင့်မရ

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) မြန်မာပြည်ကအပြန် မနေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သတင်းထောက်တွေနဲ့ ခေတ္တတွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒီသတင်းကို ရယူဖို့အတွက် ကြိုးစားခဲ့ပေမဲ့ ပြည်တွင်း သတင်းထောက်တွေက စာပေစိစစ်ရေးရဲ့ စီစဉ်ပေးမှု နောက်ကျတာကြောင့် သတင်းယူခွင့် မရခဲ့ကြပါဘူး။ တခါ ဒီတပတ်တွင်း ထုတ်ဝေဖြန့်ချိလာမယ့် သတင်းဂျာနယ် တော်တော်များများမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ထားတဲ့ သတင်းဆောင်းပါးကို စာပေစိစစ်ရေးက မဖြစ်မနေ ထည့်ခိုင်းနေပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာပြည်ကို ၂ ရက်ကြာ သွားရောက်ခဲ့ပြီး အပြန် မနေ့က ရန်ကုန်လေဆိပ်မှာ ခပ်တိုတို ပြုလုပ်ခဲ့တဲ့ မစ္စတာ ဗီဂျေး နမ်ဘီးယားရဲ့ သတင်းစာ ရှင်းလင်းပွဲကို ပြည်ပ သတင်းဌာနတွေအတွက် အခြေစိုက် လုပ်ပေးနေကြတဲ့ သတင်းသမားတွေသာ တက်ရောက်ခွင့် ရလိုက်ပြီး ပြည်တွင်း သတင်းဂျာနယ်က သတင်းသမားတွေ ဘယ်သူမှ တက်ရောက် သတင်းယူခွင့် မရလိုက်ကြပါဘူး။ အကြောင်းကတော့ စာပေစိစစ်ရေးရဲ့ စီစဉ်ပေးမှုနဲ့ သွားလာကြရတဲ့ သူတို့အတွက် မနေ့က စာပေစိစစ်ရေးက စီစဉ် အကြောင်းကြားတာတွေ နောက်ကျသွားတာမို့ လေဆိပ်ထဲ ဝင်မရတဲ့ ပြဿနာ ကြုံခဲ့ရတာလို့ ပြည်တွင်း သတင်းထောက်တဦးက ပြောပါတယ်။

“နိုင်ငံခြား သတင်းဌာနက လူတွေကျတော့ သူတို့က သူတို့နာမည်တွေက စာပေစိစစ်ရေးကို ကြိုပေးထားရတယ်။ ကျနော်တို့ ပြည်တွင်းဂျာနယ်တွေကျတော့ ကြိုလည်း တောင်းမထားဘူး။ အဲဒါကြောင့် ကျနော်တို့ အထဲကို ဝင်ခွင့်မရဘူး။ သူတို့ကိုက နောက်ကျသွားတာဗျ။ သူတို့ အဆင့်ဆင့် ဖြတ်သန်းနေတာမှာ နောက်ကျသွားတာ။ နောက်ကျပြီးတော့ လေဆိပ်ထဲကို လုံခြုံရေးတွေ လာပေးတဲ့အခါမှာ ဒီစာရွက် ပေးတဲ့လူတွေက နောက်ကျပြီး ဝင်လာလိုက်တာ အဲဒီမှာ မစ္စတာ ဗီဂျေး နမ်ဘီးယား အထဲရောက်နေပြီ။ Press က လုပ်တော့မယ်။ အဲဒီလို အခြေအနေမှာမှ နာမည်စာရင်းက ရောက်လာတော့ အဲဒီလို ဖြစ်သွားတာပါ။”

ပြည်ပ သတင်းဌာနတွေအတွက် သတင်းယူကြသူတွေကို မစ္စတာ နမ်ဘီးယားက မေးခွန်း ၃ ခွန်းကို မေးခွင့်ပြုခဲ့သလို မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့ အတွက်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်လွှတ်ပေးဖို့တွေ ပါဝင်တဲ့ ကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုအခြေအနေတွေအပြင် ဒီတပတ်တွင်း ထွက်လာမယ့် သတင်းဂျာနယ်တွေထဲမှာ အမေရိကန် အပါအဝင် အနောက်နိုင်ငံကြီးတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှုတွေဖြစ်တယ် ဆိုတာကို ရေးထားတဲ့ ပေါ်လစီ ဆောင်းပါးတွေကို မဖြစ်မနေ ထည့်ခိုင်းနေတာတွေ ရှိနေပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင်ကတော့ ဂျာနယ်တွေမှာ ပေါ်လစီ ဆောင်းပါးတွေ မထည့်မနေရ ညွှန်ကြားချက်တွေကို ရုပ်သိမ်းထားတာပါ။ ဒါပေမဲ့ အခုရက်ပိုင်းထဲမှာ ရောင်းတန်းဝင် ဂျာနယ်တွေ အားလုံးမှာ ငါးမင်းဆွေဆိုသူ ရေးသားထားတဲ့ ဒေါ်စုကြည်သို့ပေးစာ ၂ ဆိုတဲ့ ဆောင်းပါးတွေကို စာပေစိစစ်ရေးက ဖိအားပေးပြီး ထည့်ခိုင်းတာတွေ ကြုံနေရတယ်လို့ ပြည်တွင်း သတင်းအယ်ဒီတာ တဦးက ပြောပါတယ်။

“သတင်းလွတ်လပ်ခွင့်ဟာ ရွေးကောက်ပွဲ မတိုင်ခင် ကာလနဲ့ အတူတူပဲ။ စာပေလွတ်လပ်ခွင့်ဟာ ဘာမှ ပိုပြီးတော့ ကောင်းမွန်လာတယ်၊ တိုးတက်လာတယ်ဆိုတဲ့ လက္ခဏာ မရှိဘူး ဆိုတာကို ပြတာပဲလို့ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီအတွက် ဆောင်ရွက်မှုတွေ မပြုလုပ်တဲ့အတွက်၊ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်တဲ့အတွက် စီးပွားရေး ပိတ်ဆို့ထားတယ်၊ နိုင်ငံတကာက။

“အဲတော့ အဲဒီ စီးပွားရေး ပိတ်ဆို့မှုဟာ တကယ်ထိရောက်တယ်၊ တကယ်ပဲ အဲဒီ စီးပွားရေး ပိတ်ဆို့မှုကြောင့် ပြည်တွင်းမှာ အကျပ်အတည်း အမျိုးမျိုး ပေါ်ပေါက်နေတယ် ဆိုတာကို မီးမောင်း ထိုးပြလိုက်တာပါပဲ။ အဲဒီလို ရုပ်သိမ်းဖို့ သူတို့က ပြောချင်တဲ့ဆန္ဒ ရှိပုံပေါ်တယ်။ တကယ်တော့ အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး တိုင်းပြည် ကောင်းကျိုးအတွက် တိုက်ရိုက်တွေ့ဆုံ ပြောလိုက်ရင် ပိုပြီးတော့ ကောင်းမယ်၊ အခွင့်အလမ်းတွေလည်း ပိုကောင်းမယ်လို့ ကျနော်တို့ကတော့ မြင်တယ်။”

ပြည်တွင်း သတင်းအယ်ဒီတာတဦး သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

တခါ နိုဝင်ဘာလ ၂၁ ရက် တန်ဆောင်မုန်းလပြည့်နေ့က ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်တင်ဆက်ခဲ့တဲ့ ထာဝရနှင်းဆီ အငြိမ့်အခွေကို ရုပ်ရှင်လုပ်ငန်းက ချိတ်ပိတ် သိမ်းဆည်းသွားပါတယ်။ ခေတ်ရဲ့ အခြေအနေအမှန်ကို ထင်ဟပ်တဲ့ ထိထိမိမိ ပျက်လုံးတွေကြောင့် ပရိသတ် ဒီအငြိမ့်ကို အကြိုက်တွေ့ခဲ့တာမို့ အခွေမပြန့်သွားရအောင် သိမ်းပစ်တာ ဖြစ်တယ်လို့ ဒီအကြောင်းကို သိထားတဲ့ ပြည်တွင်း သတင်းထောက်တဦးက ဆိုပါတယ်။

“အဲဒီ ထာဝရနှင်းဆီ အငြိမ့်ကို ပရိသတ် တော်တော်များများ ကြိုက်ကြတယ်၊ အားပေးကြတယ်။ နောက်ရက်မှာတော့ စီစဉ်သူ ဒါရိုက်တာ မောင်မျိုးမင်းတို့ ပြဿနာ တက်တယ်လို့ ကြားတယ်။ မောင်မျိုးမင်းဆီကို အာဏာပိုင် အဖွဲ့အစည်းတွေက လာပြီးတော့ အဲဒီအခွေပေးဖို့ တောင်းတယ်လို့ ပြောတယ်။ မောင်မျိုးမင်းက ရန်ကုန်တိုင်း တိုင်းမှူးနဲ့ သွားတွေ့ပြီးတော့ ရှင်းပြတော့ တိုင်းမှူးက သူတို့ မပါစေချင်တဲ့ အချက်တွေ၊ သူတို့ မလိုလားတဲ့ အချက်တွေ ပါနေတယ်ပေါ့၊ ဒါပေမဲ့ ကိစ္စမရှိဘူး၊ ဒီအခွေကို ဘယ်မှမပြန့်အောင် မောင်မျိုးမင်း ထိန်းသိမ်းထားပါ ဆိုပြီးတော့ သတိပေးလိုက်တယ် ပြောတယ်။

“နောက် ကြားတာက တိုင်းမှူးနဲ့ အဆင်ပြေပေမဲ့ မြန်မာ့ရုပ်ရှင်လုပ်ငန်းက လာသွားပြီး အဲဒီအခွေကို အတင်းအဓမ္မ ချိတ်ပိတ် သိမ်းသွားတယ် ပြောတယ်။”

ပြည်တွင်း သတင်းထောက်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီ ထာဝရနှင်းဆီအငြိမ့် ဆင်ဆာအတွက် ကြိုတင်ကပြတဲ့ရက်က ရုပ်ရှင် ဆင်ဆာအဖွဲ့က လာမကြည့်ခဲ့သလို ပျက်လုံးတွေ ထွက်လာမှ စိုးရိမ်ပြီး အခွေကို ရုပ်ရှင်လုပ်ငန်းက အတင်း ချိတ်ပိတ် သိမ်းဆည်းသွားတာ ဖြစ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။ အခုလို အခွေကို ချိတ်ပိတ် သိမ်းဆည်းသွားပေမဲ့ ဒါရိုက်တာ မောင်မျိုးမင်း အပါအဝင် ဒီအငြိမ့်ခွေထဲမှာ ပါဝင်ကပြခဲ့ကြတဲ့ အနုပညာရှင်တွေ အားလုံးကို သူတို့ရဲ့ အနုပညာ လုပ်ငန်းတွေအပေါ် ဘယ်လို ကန့်သတ်ချက်မှ ထုတ်ပြန်ကန့်သတ်တာ မရှိဘူးလို့လည်း ပြောပါတယ်။

XS
SM
MD
LG