သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် အကြမ်းဖက်ဖြစ်ရပ် လူမျိုးတုံး သတ်ဖြတ်မှု မဟုတ်


ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ရုန်းရင်းဆန်ခတ် အကြမ်းဖက် ဖြစ်ရပ်တွေကို လူမျိုးတုန်း သတ်ဖြတ်မှု Genocide ဖြစ်ရပ်လို့ မခေါ်ဆိုနိုင်ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ပဋိပက္ခဒဏ်သင့် လူထုဟာ ထိတ်လန့် ကြောက်ရွံ့နေဆဲ၊ မလုံခြုံမှုကို ခံစားနေရဆဲ ရှိတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) က ပြောပါတယ်။ ဒီအခြေအနေဟာ လက်ရှိ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ် ထိခိုက်နိုင်တဲ့ အလားအလာ ရှိတာကြောင့် နိုင်ငံတကာ
စံနှုန်း စံထားတွေနဲ့ အညီ ကိုယ်တွယ်ဖို့ လိုသလို ဒီဖြစ်ရပ်အပေါ် မြန်မာအစိုးရရဲ့ ကိုင်တွယ်ပုံကိုလည်း ကုလ သမဂ္ဂက အသိအမှတ်ပြု ချီးကျူးပြောဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်း ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယားဟာ ရခိုင်ပြည်နယ်၊ မောင်းတောမြို့မှာ လှည့်လည် ကြည့်ရှုပြီးတဲ့နောက် ဇွန်လ ၁၄ ရက် ညနေပိုင်းက ရန်ကုန် လေဆိပ်မှာ ဆိုက်ရောက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဘန်ကောက်အခြေစိုက် ဗွီအိုအေသတင်းထောက် ဒန်နီယယ်လ် ဘန်းန်စတိုင်း (Danielle Bernstein) က သီးခြား ဆက်သွယ် မေးမြန်းတာကို ဖြေဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်က ရုန်းရင်းဆန်ခတ် အခြေအနေကို တချို့က လူမျိုးတုန်း သတ်ဖြတ်မှုလို့ ပြောဆိုနေတာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အဲဒီလို မယူဆကြောင်း မစ္စတာ နမ်ဘီးယားက ပြောပါတယ်။

“အဲဒီ ဝေါဟာရဟာ ဒီသီးခြားဖြစ်ရပ်မှာ အသုံးပြုလို့ ရတယ်လို့ ကျနော် မယူဆပါဘူး။ ကျနော်တို့ရထားတဲ့ သတင်းတွေအရ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၁ ဦး ရှိပါ တယ်။ ဒီလို အကြမ်းဖက် ဖြစ်ရပ်တိုင်းမှာ သေဆုံးသူတိုင်းကို မသိနိုင်ဘူးဆိုတာ ကျနော် သဘောတူပါတယ်။ ဒါပေမဲ့လည်း အဲဒီ သေဆုံးမှုတွေကို လူမျိုးတုန်း သတ်ဖြတ်မှုလို့ ကျနော်တော့ မသတ်မှတ်ပါဘူး။” လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာသမ္မတဆီ ပါးလိုက်တဲ့ အမှာစကားထဲမှာ ရခိုင်ပြည်ဖြစ်ရပ်ဟာ လက်ရှိ အပြောင်းအလဲ လုပ်ငန်းစဉ်အပေါ် သက်ရောက်နိုင်တာကြောင့် သတိထား ကိုင်တွယ်ဖို့ အကြံပေးခဲ့ပြီးတော့ သမ္မတကလည်း ဒါကို အပြည့်အ၀ သတိပြုမိပြီး ကိုင်တွယ် ဖြေရှင်းခဲ့တယ်လို့ မစ္စတာ နမ်ဘီးယားက ယူဆပါတယ်။

“ဒီဖြစ်ရပ်ဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တခုလုံးအပေါ် သက်ရောက်နိုင်တဲ့ အလားအလာ ရှိတာကြောင့် အထူးသတိထားပြီးတော့ နိုင်ငံတကာ စံနှုန်း စံထားတွေနဲ့အညီ ကိုင်တွယ်ဖို့ လိုမယ်လို့ အတွင်းရေးမှူးချုပ်က အမှာစကား ပါးခဲ့ပါတယ်။ သမ္မတကလည်း တရားဥပဒေ စိုးမိုးရေးအတွက် အခိုင် အမာသန္နိဋ္ဌာန် ချထားတယ်လို့ ပြောသလို ဘေးဒဏ်သင့်တဲ့ လူမှုအဖွဲ့အစည်း အားလုံးကို လုံလောက်တဲ့ အထောက်အပံ့ ပေးသွား မယ်လို့ ပြောခဲ့တာကြောင့် အခြေအနေကို အပြည့်အ၀ သတိပြုမိပြီး တုန့််ပြန်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်။” လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။

မစ္စတာ နမ်ဘီးယားဟာ ပြည်ထောင်စုအစိုးရ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ အတူ မောင်တောမြို့မှာ လှည့်လည် ကြည့်ရှုပြီး ပျက်စီးခဲ့တဲ့ နေရာတွေနဲ့ အိုးအိမ်စွန့် ထွက်ပြေးသူတွေ ခိုလှုံနေတဲ့ နေရာ လေးခုဆီသွားပြီး ဒုက္ခရောက်နေသူ တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မောင်တောမှာ အခြေအနေတွေ တည်ငြိမ်နေပြီဖြစ်ပေမဲ့ ဘေးဒဏ်သင့် လူထုကတော့ အိမ်မပြန်ရဲကြသေးဘူးလို့ သူက ဆိုပါတယ်။

“သူတို့ထဲက အတော်များများဟာ ထိတ်လန့် ကြောက်ရွံ့နေဆဲဖြစ်ပြီး မလုံခြုံမှုကို အပြင်းအထန် ခံစားနေရဆဲ၊ လူတွေကြားမှာ ယုံကြည်မှု အားနည်းနေဆဲ၊ ဖျက်ဆီးခံရတဲ့ထဲမှာ သူတို့အိမ်တွေ ပါမသွားသူတွေတောင်မှပဲ အိမ်မပြန်ချင်ကြဘဲ ရှိနေပါသေးတယ်။” လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။

သူနဲ့အတူ လိုက်ပါပြီး တွေ့ဆုံ ဆွေးနွေးတာတွေမှာ အတူရှိနေခဲ့တဲ့ နယ်စပ်ရေးရာဝန်ကြီးရဲ့ စိတ်ရှည် သည်းခံစွာနဲ့ နှစ်ဘက်စလုံးက အသံတွေကို နားထောင်ချင်စိတ် ရှိပုံကိုလည်း
သူက အသိအမှတ်ပြု ချီးကျူးခဲ့ပါသေးတယ်။

ရခိုင်ပြည်နယ်က ရုန်းရင်းဆန်ခတ် အကြမ်းဖက် ဖြစ်ရပ်တွေအပေါ် လူအများအပြားရဲ့ တုန့်ပြန်ပုံတွေထဲမှာ လူမျိုးရေးနဲ့ ဘာသာရေး အစွန်းရောက်စွာ တုန့်ပြန်တာတွေ ရှိနေတာကိုလည်း မစ္စတာ နမ်ဘီးယားက သတိပြုမိပုံ ရပါတယ်။ ဒါပေမဲ့လည်း လူတိုင်းဟာ သတိထားပြီးတော့ လူမျိုးရေး မုန်းတီးမှုအခြေခံနဲ့ တုန့်ပြန်တာမျိုးကို ပိုပိုပြီး ရှောင်ရှား လာနေကြပြီလို့ သူကထင်ပါတယ်။

“ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တခုလုံးကို အန္တရာယ် ဖြစ်စေတယ်ဆိုတာ သူတို့ နားလည် လာကြပါတယ်။ ထိပ်ပိုင်း ခေါင်းဆောင်တွေက
အလေးအနက်ထား ပြောနေတဲ့ အမှာစကားတွေဟာ အောက်ခြေအဆင့်ထိ ရောက်သွားဖို့ လိုမယ်လို့ ကျနော်ထင်ပါတယ်။ ပြီးတော့ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ဒီကိစ္စကို ဖြေရှင်း ဆောင်ရွက်ဖို့ လိုမယ်ဆိုတဲ့ သတိပြုမိမှုမျိုး ရှိနေပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယားက ဗွီအိုအေကို ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်က လူမှု အဝန်းအဝိုင်းတွေကြားထဲမှာ မယုံကြည်မှု ရှိနေပြီး အတော့်ကို သတိထား ကိုင်တွယ်ရမယ့် ကိစ္စ ဖြစ်ပြီးတော့ စိတ်ရှည် သည်းခံစွာ လုပ်ဆောင်မှုတွေကနေ တဆင့် အဲဒါကို ပြင်ဆင်သွားဖို့ လိုအပ်ပါတယ်လို့ မစ္စတာ နမ်ဘီးယားက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူဦးရေ ၈၀၀,၀၀၀ ဝန်းကျင်ရှိပြီး သူတို့ဟာ ကမ္ဘာပေါ်မှာ ဆိုးရွားစွာ ပြုမူဆက်ဆံမှုကို အခံစားရဆုံး သူတွေဖြစ်တယ်လို့ ကုလသမဂ္ဂက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG