သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား လက်နက်ပွဲစားကို အမေရိကန် တရားရုံးတင်


ရုရှား လက်နက်ပွဲစားကို အမေရိကန် တရားရုံးတင်
ရုရှား လက်နက်ပွဲစားကို အမေရိကန် တရားရုံးတင်

လက်နက်မှောင်ခို ရောင်းဝယ်သူလို့ သံသယဖြစ်ရတဲ့ ရုရှားနိုင်ငံသား ဗစ်တာဘု (Viktor Bout) ကို အကြမ်းဖက်မှု စွဲချက်နဲ့ ရုံးတင်စစ်ဆေးဖို့ ထိုင်းနိုင်ငံကနေ အမေရိကန်နိုင်ငံကို လွှဲပြောင်းပေးလိုက်ပြီး တရက်မကြာခင်မှာပဲ သူဟာ နယူးယောက်ခ်မြို့ တရားရုံးမှာ ဒီကနေ့ ပထမအကြိမ်အဖြစ် တရားရင်ဆိုင်ရပါတော့မယ်။

အမေရိကန်အစိုးရ လေယာဉ်နဲ့ နယူးယောက်ခ်မြို့ပြင်က လေဆိပ်ကို မနေ့ညနေပိုင်းက ရောက်လာတဲ့ မစ္စတာဘုကို မန်ဟက်တန်ထောင်ကို ချက်ချင်း ခေါ်သွားခဲ့တာပါ။

သူ့ကို အမေရိကန် နိုင်ငံသားတွေကို သေကြောင်းကြံစည်မှု၊ အကြမ်းဖက် အဖွဲ့အစည်းတွေကို ပံ့ပိုးမှုတို့နဲ့ ရုံးတင်စစ်ဆေးမှာ ဖြစ်တယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။

တရားရေး ဝန်ကြီးဌာနက အရာရှိတွေနဲ့ အစိုးရရှေ့နေတွေက မစ္စတာဘုရဲ့ အမှုကို ဆွေးနွေးကြဖို့ သတင်းစာ ရှင်းလင်းပွဲတခု လုပ်ဖို့ စီစဉ်ထားကြပါတယ်။

သူ အမေရိကန်ကို ရောက်လာပြီး မကြာမီမှာပဲ အမေရိကန် ရှေ့နေချုပ် အဲရစ် ဟိုလ်ဒါ (Eric Holder) ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မစ္စတာဘုကို အမေရိကန်မှာ ရုံးတင်စစ်ဆေးမှာ ဖြစ်ပေမဲ့ သူ့ရဲ့ အာဖရိကနိုင်ငံတွေရဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ ပံ့ပိုးမှု၊ လက်နက်မှောင်ခို ရောင်းဝယ်မှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာတဝန်းက စိုးရိမ်မကင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။

အခုလို သူ့ကို ရုံးတင်စစ်ဆေးဖို့ အမေရိကန်ကို ခေါ်ဆောင်လာနိုင်တာ အောင်ပွဲတရပ်လို့လည်း အမေရိကန် ရှေ့နေချုပ်က ပြောပါတယ်။ ရုရှားအစိုးရက ကန့်ကွက်တဲ့ကြားက ထိုင်းအာဏာပိုင်တွေက မစ္စတာဘုကို ရုံးတင်စစ်ဆေးဖို့ ဘန်ကောက် အကျဉ်းထောင်ကနေ အမေရိကန်နိုင်ငံကို မနေ့က ပို့ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG