သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများ ဒုက္ခသည် ထောင်ဂဏန်း ရှိလာ


စစ်ပြေး ရှမ်းဒုက္ခသည်များ ။ (ဖေဖော်ဝါရီ၊ ၂၀၁၅)
စစ်ပြေး ရှမ်းဒုက္ခသည်များ ။ (ဖေဖော်ဝါရီ၊ ၂၀၁၅)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှမ်းပြည် တပ်မတော်တောင်ပိုင်းနဲ့ ပလောင် လက်နက် ကိုင်အဖွဲ့တွေ အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ရှမ်းနဲ့ ပလောင် ဒေသခံတွေဟာ ကျောက်မဲမြို့နဲ့ နမ့်ခမ်းမြို့နယ် မိုင်းဝီးရွာကို တိမ်းရှောင်နေရပါတယ်။ လောလောဆည်မှာတော့ တိမ်းရှောင်လာတဲ့ စစ်ရှောင် ဒုက္ခသည်တွေ ကို ဒေသခံလူမှုရေးအသင်းတွေနဲ့ အာဏာပိုင်တွေက ထောက်ပံ့ ကူညီ ထားရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။

အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်း တပ်တွေနဲ့ တအာင်းခေါ် ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဦး PSLF/TNLA တပ်ဖွဲ့တွေဟာ နယ်မြေစိုးမိုးမှုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့နိုဝင်ဘာလဆန်းလောက်တည်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကျောက်မဲ၊ နမ့်ဆန်နဲ့ နမ့်ခမ်းမြို့နယ်တွေ အတွင်း နှစ်ဖက်တပ်တွေ အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီ တဲ့ ဒေသခံပြည်သူတွေဟာ စစ်ဘေးလွတ်ရာဒေသတွေကို တိမ်းရှောင်နေရပါတယ်။

ဒီလ ၇ရက် ရှမ်းပြည်နယ်နေ့ ကစတင်ခဲ့တဲ့ တိုက်ပွဲကြောင့် ကျောက်မဲ မြို့နယ် တော့ဆန် ကျေးရွာ အုပ်စုက ရွာသူရွာသား ၁ထောင်ကျော် ဟာ ကျောက်မဲမြို့ ကို တိမ်းရှောင် လာသလို တချို့တွေကလည်း ရွာတွေအတွင်းမှာ ပိတ်မိနေဆဲ ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုဦးစီးအဖွဲ့ဝင် ဦးစိုင်းသန်းမောင်က ပြောပါတယ်။

" သုံးနေရာ၊ လေးနေရာလောက် ခွဲထားတော့ တစ်ထောင် လျော့လျော့လေး ရောက်နေ တယ်။ အဲ့တာ ဒီနေ့လည်း ကားရှစ်စီး သွားကြိုတုန်းပဲ ကျနော်ထင်တယ်။ ဒီနေ့လည်း တစ်ထောင်လောက် ရောက်လာဦးမယ်။"

စစ်ရှောင် ဒုက္ခသည်တွေဟာ ဒီလ ၉နေ့က စတင်ရောက်ရှိ လာ တာဖြစ်ပြီး ကျောက်မဲမြို့ ဘိုးဘွားရိပ်သာ၊ သီဟိုကျောင်း၊ ရေဦးကျောင်း နဲ့ အောင်ဆုပန်ကျောင်းတိုက်တွေမှာ နေရာချထားတယ်လို့ ပြောပါတယ်။

ကျောက်မဲရောက် စစ်ရှောင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဇီဝိတ ဒါနလူမှု ကူညီရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းကလည်း လောလောဆည် ၁၀၀၀နီးပါးရောက်နေပြီး ဒီကနေ့ ထပ်ရောက် လာသလို နောက်ထပ် ထပ်ရောက် လာမှာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

ကျောက်မဲမြို့ကို တိမ်းရှောင်လာသူတွေဟာ ရှမ်းရော၊ ပလောင်တွေပါ ပါဝင်ပြီး သူတို့ကို ဒေသခံအာဏာပိုင်နဲ့ လူမှုအသင်းတွေက စောင့်ရှောက်ထားကြောင်း ဦးတင်မောင်သိန်းက ဆက်ပြောပါတယ်။

"မြို့ခံတွေနဲ့ မြို့က ပရဟိတ အဖွဲ့တွေက အဲ့တာတွေက ဝိုင်းပြီးတော့ စီစဉ်ပေးနေ ပါတယ်။ ဒေသထဲက တာဝန်ရှိပုဂ္ဂိုလ်တွေလည်း ဝိုင်းပြီးတော့ စီစဉ်ပေးပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလည်း လုပ်ပေးပါတယ်။ ပညာရေးဆိုရင်လည်း ပညာရေးဌာနကနေပြီးတော့ စစ်ပြေးရှောင်ကလေးတွေကို စာသင်နိုင်အောင် ကျနော်တို့ စီစဉ်ပေးနေပါတယ်။"

ပြီးခဲ့တဲ့ ရက်တွေက ပလောင်တပ်ဖွဲ့ကနေ တော့ဆန်ကျေးရွာအုပ်စုအတွင်းက ဘုန်းတော်ကြီး တပါးနဲ့ ရှမ်းရွာသား ၇ယောက်ကို သတ်ဖြတ်တယ် လို့ ဒေသခံတချို့ က ပြောဆိုပေမဲ့ ပလောင်တပ်ဖွဲ့ဖက်ကတော့ သတ်ဖြတ်တာ မရှိကြောင်း ငြင်းဆို ထားပါတယ်။

ကျောက်မဲမြို့နယ်အတွင်းမှာဖြစ်တဲ့တိုက်ပွဲကြောင့် ရှမ်းအမျိုးသားတွေ အများစု တိမ်းရှောင်နေရသလို နမ့်ခမ်းမြို့နယ်တွင်းတိုက်ပွဲကြောင့်လည်း ပလောင် အမျိုးသားအများစု တိမ်းရှောင်နေရပါတယ်။

နမ့်ခမ်းမြို့နယ် ပလောင်စာပေနဲ့ ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ တာ့မြင့်ကျော်က နမ့်ခမ်းမြို့နယ် လော့နော်ကျေးရွာက ရွာသား၅၀၀ကျော်ဟာ မိုင်းဝီးရွာကို တိမ်းရှောင် လာနေရကြောင်း ပြောပါတယ်။

"အဲ့မှာ မိုင်းဝီးကိုရောက်လာတာ အိမ်ထောင်စုက ၁၁၄ စု၊ လူက ၅၅၆ ယောက်၊ ကလေးရော လူကြီးရောပေါ့ တိုက်ပွဲဖြစ်တော့ ရွာလူကြီးက ကြောက်ပြီး ထွက်ပြေးကြတာပေါ့။ "

ဒီရက်ပိုင်းမှာ တိုက်ပွဲတွေငြိမ်သက်နေပေမဲ့ RCSS ခေါ် ရှမ်းတပ်ဖွဲ့နဲ့ TNLA ခေါ် ပလောင်တပ်ဖွဲ့တွေဟာ နှစ်ဖက်တပ်ချင်း ရင်ဆိုင်ရှိနေပြီး စစ်ရေးအရ တင်းမာမှုတွေ ရှိနေကြောင်းနဲ့ မြေမြုပ်မိုင်းအသုံးပြုတာကြောင့် အရပ်သားတွေနဲ့ ကျွဲနွားတွေ ထိခိုက်တာရှိကြောင်းလည်း ဆက်ပြောပါတယ်။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းက တိုင်းရင်းသားရေးရာ တာဝန်ခံ ဦးမြအေးကတော့ နှစ်ဖက်တပ်တွေအကြား တိုက်ခိုက်တာတွေ ရပ်ဆိုင်းဖို့ တောင်းဆို ပါတယ်။

"တော်လှန်ရေးလုပ်တဲ့အထဲမှာ ကိုယ့်လူမျိုးစုတွေရဲ့ လွတ်မြောက်မှုကို ရှာကြတာပဲလေ။ အဲ့လိုရှာကြတဲ့အချိန်မှာ ကျနော်မြင်တာကတော့ ဦးတည်ချက် တူကြတာပဲဗျာ။ အဲ့ဒီ့အပေါ် တဖက်နဲ့ တဖက် နယ်မြေစိုးမိုးမှုတွေကြည့်ပြီး တိုက်ပွဲတွေ ဖြစ်လာတဲ့အခါကျတော့ မကောင်းဘူးပေါ့နော်၊ တိုက်ပွဲတွေ ပြင်းထန် လာတာ အခုဟာက အစိုးရနဲ့ ဖြစ်တာကတမျိုး နောက် အချင်းချင်း ဖြစ်ကြတာမျိုး ဆိုတော့ ကြားထဲက ဘာဖြစ်လဲ ဆိုတော့ ဒေသခံပြည်သူတွေ ပဲ ဒုက္ခ သုက္ခတွေ ရောက်ကုန်ကြပြီလေ။ ဘယ်သူမှန်တယ်။ မှားတယ်ဆိုပေမဲ့ ညှိနှိုင်းပြီးတော့မှ ဒီတိုက်ပွဲတွေ ရပ် ဆိုင်းသင့်တယ်။ အထူးသဖြင့် တော်လှန်ရေး နယ်မြေ ထဲမှာ ရှိနေတဲ့ ပြည်သူတွေရဲ့ မျက်နှာကို ကြည့်သင့်တယ်လို့ ကျနော်မြင်တယ်။ နှစ်ဘက်အဖွဲ့အစည်းတွေကို အဲ့ဒီ့အတိုင်းပဲ ကျနော် တိုက်တွန်းချင်တယ်။"

TNLA ခေါ် ပလောင်တပ်ဖွဲ့ဖက်ကတော့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကို နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးအတွက် ကြားဝင်ဆောင်ရွက် ဖို့ စာပေးပို့ခဲ့ပေမဲ့ အကောင်အထည်ပေါ်လာတာတော့ မရှိသေးပါဘူး။ ဒီရက်ပိုင်းမှာတော့ ပလောင်နဲ့ ရှမ်းအရပ်သားတွေကို ဖမ်းဆီးကြောင်း လည်း ရှမ်းနဲ့ ပလောင်တပ်တွေက အပြန်အလှန် သတင်းထုတ်ပြန်တာတွေ ရှိနေပါတယ်။

XS
SM
MD
LG