သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူပူအကြမ်းဖက်မှုတွေ မြေလတ်တလွှား ဆက်ဖြစ်


အကြမ်းဖက် အဓိကရုဏ်းတွေဖြစ်ပြီး လူအသေအပျောက်ရှိခဲ့တဲ့ မိတ္ထီလာမြို့မှာ ပုဒ်မ ၁၄၄ နဲ့ စစ်အုပ်ချုပ်ရေးထုတ်ပြီး ထိန်းသိမ်းနေချိန်မှာပဲ မတည်မငြိမ် အခြေအနေတွေဟာ ရန်ကုန်၊
နေပြည်တော်တို့နဲ့ သိပ်မဝေးလှတဲ့ ဒေသတွေဆီမှာ ပျံ့နှံ့ ဖြစ် ပွားနေပါတယ်။

အထူးသဖြင့်တော့ ရန်ကုန်မြို့နဲ့ မိုင် ၅၀ လောက်ပဲဝေးတဲ့ ပဲခူးမြို့ အနောက်ဘက်ခြမ်းက ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုတ်ဖိုနဲ့ မင်းလှ မြို့နယ်တွေမှာ ဗလီဝတ်ပြုကျောင်းတွေကို မီးရှို့ဖျက်ဆီး တာ၊ နေအိမ်နဲ့ ဆိုင်ခန်းတွေကို ဖျက်ဆီးလာကြတာတွေ ကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားပါတယ်။

ပြည်မြို့မှာတော့ ဒေသခံလူငယ်တွေ စုဝေးပြီး လုံခြုံရေး ယူထား ကြတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ အုတ်ဖိုမြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူ ၅ ဦးကို ဖမ်းဆီးထား တဲ့အကြောင်း ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မိတ္ထီလာမြို့ အကြမ်းဖက် တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ရှိနေသူတွေကို သိထားပြီးဖြစ်သလို၊ ပြစ်မှု ကျူးလွန်တယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းထားတာတွေ ရှိတယ်လို့လည်း တာဝန်ရှိ သူတွေက ပြောထားပါတယ်။

ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ပါဝင်ကျူးလွန်သူတွေကို ဖမ်းဆီးပြီး ဥပဒေအရ အပြစ်ပေး အရေးယူပါလို့ ကုလသမဂ္ဂက တိုက်တွန်းထားသလို ပဋိပက္ခတွေ ပျံ့နှံ့လာတဲ့အပေါ် စိုးရိမ်တဲ့ အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ရောက်နေတဲ့ အမေရိကန် နိုင်ငံသားတွေအနေနဲ့ အကြမ်းဖက် ပဋိပက္ခ ဖြစ်နိုင်ဖွယ်ရှိတဲ့နေရာတွေဆီ မသွားလာဘဲ ရှောင်ရှားဖို့ ရန်ကုန် အမေရိကန်သံရုံးကနေ သတိပေးချက်ကိုလည်း ထုတ်ပြန်ထားတာပါ။

အကြမ်းဖက်မှုတွေ ကြောင့် ဘေးဒဏ်သင့်ရသူတွေအတွက် လိုအပ်တဲ့ အကူအညီတွေပေးဖို့ အမေရိကန် ဒေါ်လာ တစ်သိန်း လှူဒါန်းမယ့် အကြောင်းလည်း အမေရိကန်သံရုံးက ကြေညာ ထားပါတယ်။

ဒီအတောအတွင်းမှာပဲ အစ္စလာမ် ဘာသာဝင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံမှု ကင်းမဲ့လာတဲ့အခြေအနေ ဖြစ်လာတာကို ကာကွယ်စောင့်ရှောက်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့က နိုင်ငံတော် သမ္မတရုံးကို ဒီကနေ့မှာပဲ ပန်ကြားလိုက်ပါတယ်။ ဒါဟာ ဘာသာဝင် နှစ်ခုအကြား ဖြစ်တဲ့ ပြဿနာမဟုတ်ဘဲ တည်ငြိမ်အေးချမ်းတဲ့ အခြေအနေကို ဖျက်လို ဖျက်ဆီး လုပ်ချင်တဲ့ လူတစ်စုက ဘာသာရေးကို ခုတုံးလုပ်ပြီး အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ် တယ်လို့ အစ္စလာမ် ဘာသာရေးအဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်ဘက်မှာ လူမျိုးစုချင်းကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး လူ ၂၀၀
လောက် သေဆုံးပြီးတော့ ထောင်ပေါင်းများစွာ အိုးအိမ်ပစ် ထွက်ပြေးခဲ့ကြရတဲ့ အဖြစ်အပျက် ပြီးတဲ့နောက်ပိုင်း အခု မိတ္ထီလာ အဖြစ်အပျက်ဟာ ပထမဆုံး ဖြစ်ပါတယ်။

ဒါကြောင့်လည်း လူမှုအဝန်းအဝိုင်း နှစ်ဘက်အကြား တင်းမာမှုဟာ လူအများအပြား ယူဆကြ တာထက် ပိုပြီးတော့ ကျယ်ကျယ် ပြန့်ပြန့် ရှိနေတယ်ဆိုတာကို အခုထိ မငြိမ်းသေးတဲ့ ပဋိပက္ခ အခြေအနေတွေက ပြနေတာကြောင့် အထူးသဖြင့် စိုးရိမ်စရာ ကောင်းတယ်လို့ လေ့လာသူတွေ က ပြောကြပါတယ်။
XS
SM
MD
LG