မြန်မာနိုင်ငံမှာ မကြာခင်က ထုတ်လွှင့်ပြသခဲ့တဲ့ အရုဏ်ဦးမှာ ဖူးသည့်ကြာ ဆိုတဲ့ မြန်မာစစ်အစိုးရရဲ့ ဝါဒဖြန့်ချိရေး ရုပ်ရှင်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကြား ဝေဖန်သံတွေ ထွက်ပေါ်နေတဲ့ တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ တဝိုက်မှာ နေထိုင်ကြတဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကလည်း ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့သူ အားလုံးကို အမေရိကန်အစိုးရ အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာတွေ ပိတ်ပင်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု၊ တိုင်းရင်းသား လူမျိုးစုတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေနဲ့ မြန်မာ့သမိုင်း ဖြစ်ရပ်မှန်တွေကို ဖုံးကွယ်ပြီး မှားယွင်းစွာ ဖော်ပြခဲ့တဲ့အတွက် ဝါရှင်တန်ဒီစီ တဝိုက်မှာ နေထိုင်ကြတဲ့ မြန်မာ့ဒီမိုကရေစီရေး အင်အားစုတွေက ဒီဇာတ်ကားမှာ ပါဝင်တဲ့သူတွေကို အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ဖို့အတွက် တောင်းဆိုလိုက်တာပါ။ ရန်ကုန်မြို့ အမေရိကန်သံရုံးမှာရှိတဲ့ သံရုံး ယာယီတာဝန်ခံ မစ္စတာ လယ်ရီ ဒင်းဂါးကို စာရေးသားပေးပို့ပြီး တောင်းဆိုလိုက်တာပါ။ အခုလို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ဖို့ တောင်းဆိုရတာနဲ့ ပတ်သက်လို့ ဒီကိစ္စမှာ ကမကထလုပ် ဆောင်ရွက်သူတွေထဲက တဦးဖြစ်တဲ့ ကိုညီညီအောင်က အခုလို ပြောပါတယ်။
“ကျနော်တို့ ပြည်ပမှာရောက်နေတဲ့၊ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဗမာတွေ အနေနဲ့ ကျနော်တို့ လုပ်ပိုင်ခွင့်ရှိတဲ့ အနေအထား၊ ကျနော်တို့ လုပ်နိုင်တဲ့ စွမ်းအားနဲ့ ပြည်သူလူထု မလိုလားတဲ့ အခြေအနေကို အားပေးတဲ့ အနုပညာရှင်တွေကို ပိတ်ပင်နိုင်တဲ့ အနေအထားတွေမို့ ကျနော်တို့က ပိတ်ပင်တာပဲ ဖြစ်ပါတယ်။
“ကျနော် မျှော်လင့်ပါတယ်၊ အောင်မြင်မယ်လို့။ အချက်အလက်နဲ့ ထောက်ပြပြီး ပြောထားတဲ့ အတွက်လည်း အမေရိကန် အစိုးရ အနေနဲ့ စဉ်းစားပြီးတော့ ဆောင်ရွက်လိမ့်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာလည်း ရှိထားပြီးသား စစ်အစိုးရနဲ့ ပတ်သက်တဲ့လူတွေ၊ စစ်အစိုးရက ပုဂ္ဂိုလ်တွေ၊ အာဏာရှင်ဘက်က အင်အားစုတွေကို ပြည်ဝင်ခွင့်ဗီဇာ မပေးဘူးဆိုတဲ့ ပိတ်ပင်တဲ့ ဥပဒေလည်း ရှိနေတဲ့ အတွက်ကြောင့် ဒါဟာ ထပ်မံ တိုးသွားနိုင်တဲ့ စာရင်း ဖြစ်နိုင်ပါတယ်။”
ဒီရုပ်ရှင်ဟာ သမိုင်းဖြစ်ရပ်မှန်၊ တကယ့် အဖြစ်အပျက်တွေကို အခြေခံပြီးတော့ ရိုက်ထားတာလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီဇာတ်ကားအတွင်း တချိန်တုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသန့်အပေါ်မှာ ဝေဖန် ပြောဆိုတာ၊ ဦးသန့် ဈာပနနဲ့အတူ ဖြစ်ပေါ်လာခဲ့တဲ့ ဦးသန့် အရေးအခင်း၊ တပါတီ အာဏာရှင်စနစ်ကို တော်လှန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုနဲ့ ၁၉၉၀ ရွေးကောက်ပွဲတွေကို အဓိက ဝေဖန်ခဲ့ပြီး သမိုင်းဖြစ်ရပ်မှန်တွေကို ဖုံးကွယ်ခဲ့တယ်လို့ အများက ဝေဖန်ခဲ့ကြပါတယ်။ သမိုင်းဖြစ်ရပ်မှန်တွေကို မှားယွင်းစွာ ဖော်ပြတာတွေနဲ့ ပတ်သက်လို့ ကိုညီညီအောင်က အခုလို ဥပမာပေးပြီး ပြောပါတယ်။
“ကျနော်တို့ အဲဒီထဲမှာ တွေ့လိုက်ရတာ ကရင်တွေ၊ ဗကပတွေကို သူတို့တွေ တင်ပြနေတဲ့ ပုံစံက အာဏာလိုချင်လို့ လက်တဆုပ်စာ အင်အားစုတစု၊ တိုင်းရင်းသားတစုက သောင်းကျန်းနေတယ်ဆိုတဲ့ အနေအထားမျိုး တင်ပြနေတယ်။ တင်ပြနေတော့ ဒါက အစစ်အမှန် မဟုတ်ပါဘူး။ တိုင်းရင်းသားတွေ ပြဿနာက တွေ့ဆုံဆွေးနွေး ဖြေရှင်းရလိမ့်မယ်။ ဒီဟာကို မတင်ပြသွားဘဲနဲ့ သူတို့က လက်တဆုပ်စာ ဖြစ်နေတဲ့ တိုင်းရင်းသား တစုက သောင်းကျန်းနေတယ်ဆိုပြီး တင်ပြတာ မှားယွင်းစွာ တင်ပြခြင်းလို့ ကျနော် ပြောချင်ပါတယ်။”
စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ အခုလိုမျိုး အစိုးရရဲ့ ဝါဒဖြန့်ချိတဲ့ ရုပ်ရှင်ဇာတ်ကားတွေ မကြာမကြာ ရိုက်ကူးပြသလေ့ရှိပြီး အာဏာပိုင်တွေက အနုပညာရှင်တွေကို မဖြစ်မနေ ပါဝင် သရုပ်ဆောင်ခိုင်းတာကြောင့် တချို့ အနုပညာရှင်တွေဟာလည်း မရိုက်ချင်ဘဲ ရိုက်ပေးခဲ့ရတာတွေလည်း ရှိပါတယ်။ ဒီလိုအခါမျိုးမှာ အနုပညာရှင်တွေ ရင်ဆိုင်ရတဲ့ အခြေအနေတွေ၊ ခံစားချက်တွေနဲ့ ပတ်သက်ပြီး ရုပ်ရှင်ဒါရိုက်တာ၊ အကယ်ဒမီ ဦးဝင်းဖေကတော့ သူ့ရဲ့ အတွေ့အကြုံတွေကို အခုလို ပြောပါတယ်။
“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော် ကိုယ်တိုင်ကလည်း အဲဒီလို ဒီစစ်အစိုးရရဲ့ အလိုက်ကန်းဆိုးမသိ ခေါ်ခေါ်ခိုင်းတဲ့ ကိစ္စကို ခံခဲ့ရဖူးပါတယ်။ ဒါ ကျနော့်ခံစားချက်နဲ့ ပြောရမယ်ဆိုရင် အဲဒီလို ဝါဒဖြန့်ကားတွေ ရိုက်ရပြီဆို ကျနော်တို့က ရှက်လည်းရှက်တယ်၊ ဝမ်းလည်းနည်းတယ်၊ ခံပြင်းတယ်၊ စိတ်တိုတယ်၊ အဲလိုဟာတွေ ဖြစ်တယ်။
“ပြီးတော့ ပရိသတ်ကလည်း အဲဒီလိုပဲ။ ဒီကောင် ငဖားပဲဆိုပြီး ပြောတာမျိုး ကျနော်တို့က ခံရတယ်။ အဲဒီ ဒဏ်ရာဒဏ်ချက်တွေကိုက တော်တော်များလှပါပြီ။ အဲဒီတော့ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်မှာလည်း ကြောက်ရတယ်ဗျ။ အနုပညာသည်တွေက မိအေး နှစ်ခါနာလို ဖြစ်မှာလည်း ကြောက်ရတယ်ဗျ။ ဒါကတော့ ကျနော့်အမြင်ကို ပြောတာပါ။”
စွယ်စုံ အနုပညာရှင်၊ ရုပ်ရှင်ဒါရိုက်တာ၊ အကယ်ဒမီ ဦးဝင်းဖေ ပြောပြသွားတာ ဖြစ်ပါတယ်။