သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ဝင်ခွင့် ဗီဇာစနစ် ပြင်ဆင်


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်။

မြန်မာပြည်ဝင်ခွင့်ဗီဇာ အမျိုးအစား တိုးလိုက်တာဟာ အာဆီယံဒေသတွင်းနိုင်ငံ အားလုံး အတွက် အကျုံးဝင်တဲ့ ပြည်ဝင်ခွင့်ဗီဇာအတွက် ပြင်ဆင်မှု တစ်ရပ်ဖြစ်နိုင်တယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတွေက သုံးသပ်ကြပါတယ်။ ပြည်ဝင်ခွင့်ဗီဇာတွေကို ကဏ္ဍအလိုက် ခွဲခြားလိုက်တာဖြစ်လို့ အဲ့ဒီကဏ္ဍတွေနဲ့ အမှန်တကယ်သက်ဆိုင်တဲ့ခရီးသည်တွေ ပြည်တွင်းကို ဝင်ရောက်လာဖို့ စနစ်တကျ စီမံထားဖို့လည်း လိုအပ်တယ်လို့ ပြောဆိုကြပါတယ်။ VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးမှာပါ။

ဇန်နဝါရီလ ၁၁ ရက်နေ့ကနေ စတင်ပြီး မြန်မာနိုင်ငံတွင်း ဝင်ရောက်ဖို့ အတွက် ပြည်ဝင်ခွင့်ဗီဇာ ၁၂မျိုး နဲ့ ပြည်ပြန်ဝင်ခွင့်ဗီဇာ ၃မျိုး တိုးလိုက်တာဟာ အာဆီယံဒေသတွင်းနိုင်ငံ အားလုံးအတွက် အကျုံးဝင်တဲ့ ပြည်ဝင်ခွင့်ဗီဇာ Asean Single Entrance Visa အတွက် ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ မစံပယ်အောင်က အခုလို ပြောဆိုလိုက်ပါတယ်။

“ကဏ္ဍလေးတွေ ခွဲလိုက်တဲ့သဘောလို့ ကျမက ယူဆတယ်။ ဒီကဏ္ဍ ခွဲရတဲ့ ရည်ရွယ်ချက်ကလည်း အာဆီယံမှာက နောက်ခါ AEC ဖြစ်လာမယ့်အခါကျတော့ Single Entrance Visa စနစ်ကို အကောင်အထည်ဖော်ဖို့ အတွက် ခြေလှမ်း လှမ်းလိုက်တယ်လို့ပဲ ယူဆပါတယ် အမ။ အာဆီယံ Standard ဖြစ်အောင်လို့ VISA နဲ့ပတ်သက်တဲ့ ဒီကြေညာချက်တွေပေါ့နော်၊ VISA နဲ့ပတ်သက်လို့ အမျိုးအစား ခွဲခြားတာတွေ VISA နဲ့ပတ်သက်တဲ့ စနစ်တခုပေါ့ သူတို့ပြောင်းနေတယ်လို့တော့ ကျမ ထင်တယ်ရှင့်။ ဒီ ASEAN Single Entry Visa စနစ်ကို ကူးပြောင်းဖို့များ လုပ်ဆောင်နေသလား လို့တော့ ကျမတော့ ယူဆမိတယ်ရှင့်။

အာဆီယံဒေသတွင်းနိုင်ငံ အားလုံးအတွက် အကျုံးဝင်တဲ့ ပြည်ဝင်ခွင့်ဗီဇာဟာ EU ဥရောပ သမဂ္ဂနိုင်ငံတွေမှာကျင့်သုံးသလို အာဆီယံဒေသတွင်း နိုင်ငံ တစ်နိုင်ငံဆီက ပြည်ဝင်ခွင့် ရရှိရင် ကျန် ကိုး နိုင်ငံတွင်းမှာပါ သွားလာခွင့် ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီပြည်ဝင်ခွင့်ဗီဇာ ကျင့်သုံးရင်တော့ ခရီးသွားလုပ်ငန်း တိုးတက်လာမှာဖြစ်တယ်လို့ ဒီဝန်ဆောင်မှု လုပ်ကိုင်သူတွေက သုံးသပ်ကြပါတယ်။

အခုလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ကြေညာလိုက်တဲ့ ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားသစ်တွေထဲမှာ ကမ္ဘာလှည့်ခရီးသွားဗီဇာအပြင် လုပ်ငန်းဗီဇာ၊ အလုပ်သမားဗီဇာ၊ လူမှုရေးဗီဇာ၊ ပညာရေးဗီဇာ၊ သာသနာရေးဗီဇာ၊ စာနယ်ဇင်းနဲ့ သတင်းမီဒီယာ ဗီဇာ၊ ယာဉ်အမှုထမ်းဗီဇာနဲ့ အလုပ်ရုံဆွေးနွေးပွဲနဲ့ သုတေသန ဗီဇာတွေ ဆိုပြီး ခွဲခြား ထည့်သွင်းထားတာပါ။

ကမ္ဘာလှည့် ခရီးသွား ဗီဇာကြေးနဲ့ တိုးချဲ့ လိုက်တဲ့ပြည်ဝင်ခွင့်ဗီဇာကြေးတွေ ကွာခြားမှုလည်း ရှိနေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာပြည်ဝင်ခွင့်လျှောက် ထားသူတွေဟာ အမှန်တကယ် သက်ဆိုင်တဲ့ ခရီးသည်တွေ ဖြစ်ဖို့ လိုအပ်တယ်လို့ ဝါရင့်ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ ဦးအေးကျော်က အခုလို သုံးသပ်ပါတယ်။

“သူတို့ VISA ကို အဲဒီလိုမျိုး ခွဲလိုက်တာကြိုက်တယ်။ သို့သော် ဈေးနှုန်းတွေ သက်မှတ် တဲ့နေရာမှာ Tourist visa က ဈေးပေါလို့ Tourist visa အနေနဲ့ ပဲလျှောက်လာရင် အားလုံးက Tourist မဟုတ်ဘူးဆိုရင် မလိုလားအပ်ပဲနဲ့ အန်ကယ်တို့ ဒါတွေ projectတွေလုပ်ဖို့၊Planတွေလုပ်ဖို့ ခတ်သွားမယ် မဟုတ်ဘူးလား၊ အဲ့လို VISA ကို မျိုးစုံခွဲလိုက်တာကောင်းတယ်။ ခွဲတဲ့အတိုင်းပဲ ၀င်အောင်၊ ခွဲတဲ့အတိုင်းပဲ လျှောက်အောင်တော့ ကြိုးစားရလိမ့်မယ်။ အဲ့ဒီတခုကတော့ VISA ကနေပြီးတော့မှ သံရုံးနဲ့ Immigration နဲ့ ညှိနှိုင်းရမှာနော်။ ဆိုတော့ ၀င်သမျှကို Tourist visa နဲ့ဝင်ပြီးတော့ Tourist မဟုတ်တာလည်း Tourist လိုပြောနေရင်တော့ အန်ကယ်တို့အတွက် မကောင်းဘူး။”

အခု အသစ် တိုးလိုက်တဲ့ ပြည်ဝင်ခွင့်ဗီဇာအမျိုးအစားတွေကြောင့် ခရီးသွား လုပ်ငန်းမှာ အပြောင်းအလဲ သိပ်မရှိပေမယ့် အီလက်ထရွန်းနစ် ပြည်ဝင်ခွင့် e-Visa လျှောက်ထားမှုကို တိုးမြှင့်လိုက်ရင်တော့ ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှု ရှိနိုင်တယ်လို့ မစံပယ်အောင်က အခုလို ပြောပါတယ်။

“ကမ္ဘာလှည့်ခရီးသွားတွေ အနေနဲ့ ဒီ VISA အနေအထားတွေ၊ ပြည်ဝင် visaတွေပြောင်းလဲတာနဲ့တော့ ကျမတို့ခရီးသွား ကဏ္ဍကိုတော့ သိသိသာသာကြီး ထင်ရှားသွားတယ် ပြောင်းလဲသွားတယ် ဆိုတဲ့အနေအထားရယ် မရှိပါဘူး။ အရင်တုန်းကလည်း ဒီအတိုင်းပဲလေ။ ကျမတို့ခရီးသွား မှာက ကျမတို့ဖြစ်ချင်တဲ့ ဆန္ဒလေးတခုကကျတော့ e VISA စနစ်ကို ဒီထက်ပိုပြီး နိုင်ငံတွေ တိုးချဲ့လက်ခံပေးဖို့ပေါ့နော်။ အဲဒါမျိုးပါ။ တချို့ e VISA စနစ်မှာ တချို့နိုင်ငံလေးတွေကို လက်မခံသေးတာရှိသေးတယ်ရှင့်။ အဲဒီ လက်မခံသေးတဲ့ နိုင်ငံတချို့ကိုတော့ လက်ခံပေးဖို့ပေါ့နော်။”

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ မြန်မာနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ လာရောက်ချင်တဲ့ နိုင်ငံခြားသားတွေအတွက် လက်ရှိ အသုံးပြုနေတဲ့ ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားတွေအစား အမျိုးအစားအသစ်တွေ သတ်မှတ်ပြီး ခေတ်နဲ့အညီ ပြောင်းလဲကျင့်သုံးတာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

XS
SM
MD
LG