သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာနိုင်ငံအခြေအနေ သိပ်ဆိုးရွားနေ" - စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး

Vivian Balakrishnan
Vivian Balakrishnan

Zawgyi/Unicode

မြန်မာနိုင်ငံအခြေအနေဟာ သိပ်ကိုဆိုးရွားနေပြီး နိုင်ငံရေးအကျပ်အတည်းသာမက COVID-19 ကပ်ရောဂါနဲ့ပါ ရင်ဆိုင်နေရတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောပါတယ်။

"လက်ရှိမှာ ကျနော်သိထားသလောက် အကြမ်းဖက်လုပ်ရပ်တွေက မရပ်သေးပါဘူး၊ နိုင်ငံရေးအရ ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်မပေးသေးပါဘူး၊ မြန်မာနိုင်ငံက သက်ဆိုင်သူတွေကြားမှာ တိုက်ရိုက်ပဲဖြစ်ဖြစ် သွယ်ဝိုက်ပြီးတော့ပဲဖြစ်ဖြစ် ဆွေးနွေးပြောဆိုတာ တခုခုရှိတယ်လို့ ကျနော်သိမထားပါဘူး။ ဆိုတော့ နိုင်ငံရေးအရ လုံးဝ မတည်မငြိမ်ဖြစ်နေတယ်၊ သိပ်ကိုဆိုးရွားတဲ့ စီးပွားရေးအကျပ်အတည်း ဆိုက်နေတယ်၊ ဒါ့အပြင် အခုဆို delta ကိုဗစ်ရောဂါလှိုင်းနဲ့လည်း ကြုံနေရပါတယ်" လို့ ဝန်ကြီး Balakrishnan က ရိုက်တာသတင်းဌာနနဲ့ ဒီကနေ တွေ့ဆုံမေးမြန်းခန်းအတွင်း ပြောသွားပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းတာမှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ဟာ သူတို့မျှော်လင့်ထားသလောက် ထိရောက်မှု ဒါမှမဟုတ် သွက်လက်မှု မရှိဘူးလို့ ဝန်ကြီး Balakrishnan ကပြောပြီး ဒီကိစ္စဟာ ခက်ခဲတဲ့အခြေအနေတခုပါလို့ ဆိုပါတယ်။

အာဆီယံကခန့်အပ်ထားတဲ့ မြန်မာ့အရေး အထူးသံတမန် Erywan Yusof ဟာ မြန်မာနိုင်ငံကို လာရောက်ခွင့်ရဖို့နဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားနေပြီး နိုဝင်ဘာလမှာကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်ခင် အထူးသံတမန်ရဲ့ မြန်မာ့ခရီးစဉ်နဲ့ပတ်သက်လို့ တိုးတက်မှုတခုခုသိရမယ်လို့ သူမျှော်လင့်ထားကြောင်း ဝန်ကြီး Balakrishnan ကပြောပါတယ်။

အခုချိန်ထိတော့ အထူးသံတမန် Erywan Yusof မြန်မာနိုင်ငံကိုလာရောက်ဖို့ စစ်ကောင်စီက သဘောတူပုံ မရသေးပါဘူး။

အာဆီယံ ဒါမှမဟုတ် စင်္ကာပူအနေနဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆက်သွယ်ပြောဆိုတာရှိသလားဆိုတဲ့ မေးခွန်းအပေါ် ဝန်ကြီး Balakrishnan က "ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားပါတယ်၊ အခြေအနေ ပိုပြီခက်ခဲအောင် ကျနော်တို့ မလုပ်ပါဘူး၊ ဟိုဘက်လိုလို ဒီဘက်လိုလို လုပ်နေတာလည်း မဟုတ်ပါဘူး၊ ဒါပေမယ့် အားလုံးနဲ့ ကျနော်တို့ ဆက်သွယ် လုပ်ကိုင်သွားမယ်ဆိုတာ သူတို့သိပါတယ်" လို့ စစ်ကောင်စီကို ရည်ညွှန်းပြောဆိုသွားပါတယ်။

စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေဟာ သာမန်လူထုကိုပဲ ထိခိုက်စေမှာဖြစ်ပြီး စစ်အာဏာပိုင်တွေကတော့ အထီးကျန်ဖြစ်မှုကို ပိုပြီးခံနိုင်ရည်ရှိတာကြောင့် ထိရောက်မှုမရှိသလောက်ပါပဲလို့လည်း ဝန်ကြီး Balakrishnan ကဆိုပါတယ်။

အာဆီယံအဖွဲ့ထဲကနေ မြန်မာနိုင်ငံကို ထုတ်ပယ်ပစ်ဖို့ ဆွေးနွေးပြောဆိုတာမျိုး မရှိတဲ့အကြောင်း၊ အာဆီယံအနေနဲ့ အပြုသဘောဆောင် အခန်းကဏ္ဍကနေပါဝင်ချင်ပေမယ့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမျိုးတော့ မလုပ်ချင်တဲ့အကြောင်း ဝန်ကြီး Balakrishnan က ပြောသွားပါတယ်။

အမေရိကန်ဒုတိယသမ္မတ Kamala Harris ရဲ့ ဗီယက်နမ်နဲ့ စင်္ကာပူနိုင်ငံ ခရီးစဉ်တွေမစခင် နှစ်ရက်အလိုမှာပဲ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မြန်မာ့အရေး အကျယ်တဝံ့ပြောဆိုခဲ့တာဖြစ်ပါတယ်။

=======

Zawgyi/Unicode












This item is part of
XS
SM
MD
LG