သုံးရလွယ်ကူစေသည့် Link များ

ဘာသာစကား ၅၀ နီးပါးနဲ့ ထုတ်လွှင့်နေတဲ့ ဗွီအိုအေဌာနကြီးကနေ ပထမဆုံး စတင်အသံလွှင့်ခဲ့တာ ဖေဖော်ဝါရီလ ၁ ရက် ၇၅ နှစ် ပြည့်သွားခဲ့ပါပြီ။ ၇၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို Washington မြို့တော်က VOA ရုံးချုပ်မှာ မနေ့ ကြာသပတေးနေ့က ကျင်းပခဲ့တာမှာ ဗွီအိုအေမြန်မာပိုင်းမှာ အရင်က တာဝန်ထမ်းဆောင်ခဲ့ကြသူတွေထဲက သက်ရှိထင်ရှားရှိနေကြတဲ့ ဝန်ထမ်းဟောင်းကြီးတချို့လည်း လာရောက် ပါဝင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၇၅ နှစ်အတွင်း ဗွီအိုအေရဲ့ ပြောင်းလဲမှုတွေအပေါ် သူတို့ရဲ့အမြင်တွေ အပါအဝင် ၇၅ နှစ်ပြည့် ဗွီအိုအေမွေးနေ့ပွဲအကြောင်းကို မအင်ကြင်းနိုင်က တင်ဆက်ထားပါတယ်ရှင်။

၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စတင်ထုတ်လွင့်ခဲ့တဲ့ သမိုင်းဝင် ဗွီအိုအေ ရေဒီယိုအသံ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ စစ်သတင်းတွေကို အချိန်နဲ့ တပြေးညီ ထုတ်လွှင့်ခဲ့ပြီးနောက် (၇၅) နှစ်တာ ကာလအတွင်း ကမ္ဘာတလွှား ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ရေဒီယိုအသံလှိုင်းတွေနဲ့သာမက ရုပ်သံ အပါအ၀င် အင်တာနက် ၀က်ဘ်ဆိုဒ်တွေအပြင် ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ ယူကျူ၊ ဖေ့စ်ဘုတ်ခ်၊ တွီတာ၊ ပေါ့က်စ် တွေကနေ ဘာသာစကား (၅၀) နီးပါးနဲ့ တိုက်ရိုက် တင်ဆက်နေပါတယ်။

မြန်မာနိုင်ငံအတွက်လည်း ဗွီအိုအေ အမေရိကန် အသံလွှင့်ဌာနအနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆက်ပြီးရှိသွားမှာဖြစ်တယ်လို့ ဗွီအိုအေ အကြီးအကဲ Amanda Bennett ကပြောသွားပါတယ်။

“ဗွီအိုအေဌာနတခုလုံးနဲ့အတူ မြန်မာဌာနအတွက် မင်္ဂလာရှိတဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါစေလို့ ကျမ ဆုတောင်းချင်ပါတယ်။ ကျမ မြန်မာနိုင်ငံကို မကြာခင်ကပဲ သွားခဲ့တာပါ။ မြန်မာလူမျိုးတွေ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သိပ်ကို ဂုဏ်ယူပါတယ်။ ဗွီအိုအေအမေရိကန်အသံအနေနဲ့လည်း မြန်မာနိုင်ငံအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆက်ပြီး ရှိသွားမှာ သေချာပါတယ်။”

ဗွီအိုအေ (၇၅) နှစ် ပြည့်အခမ်းအနားကို တက်ရောက်လာတဲ့ မြန်မာဌာနမှူးဟောင်း ဦးခင်မောင်ဌေးကတော့ မြန်မာဌာန ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းကို အခုလိုပြောပါတယ်။

“အဲတော့ ၇၅ နှစ်တာကာလအတွင်းမှာ ဗွီအိုအေဖြတ်သန်းလာရတဲ့ ခရီးကတော့ သိတဲ့အတိုင်းပဲ ကြမ်းတမ်းတာလည်းရှိတယ်။ အများကြီး အောင်မြင်တာလည်း ရှိတယ်။ ကျနော်တို့ နှပ်ပစ်ခံရတာလည်း ရှိတယ်။ အများကြီးပါပဲ။ သို့သော်လည်းပဲ သမိုင်းကို နောက်ဆုံး ချုပ်ပြောရရင်တော့ ဒီနေ့ အချိန်အခါမှာ ဗွီအိုအေဟာ အင်မတန်မှ ထူးခြား ထက်မြက်ပြီးတော့ မြန်မာပြည်သူတွေရဲ့အကျိုး၊ ဒီမိုကရေစီအကျိုး၊ လူ့အခွင့်အရေးအကျိုး၊ အားလုံးရဲ့အကျိုးအတွက် ကျနော်တို့ဟာ မားမားမတ်မတ်နဲ့ ရပ်တည် ဆောင်ရွက်နိုင်တဲ့ အနေအထားမှာရှိတဲ့အတွက်ကြောင့် ဒီနေ့ အဲဒီတာဝန်ကို ပခုံးထမ်း ဆောင်ရွက်နေတဲ့ မျိုးဆက်သစ်တွေကို ချီးကျူးပါတယ်။ ဂုဏ်ယူပါတယ်။ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။ ဗွီအိုအေအဓွန့်ရှည်ပါစေလို့ပဲ နောက်ဆုံး ဆုတောင်းပတ္ထနာ ပြုပါရစေခင်ဗျာ။”

ဝိုင်းတော်သားဟောင်းတဦးဖြစ်တဲ့ ဦးချစ်ဦးကတော့ - အရင်နဲ့ လက်ရှိ ဗွီအိုအေ မြန်မာဌာန ပြောင်းလဲလာပုံကို အခုလို ပြောပါတယ်။

“အရင် ကျနော်တို့ ခေတ်မှာတုန်းကတော့ ရေဒီယိုတမျိုးပဲရှိတာပေါ့။ ရေဒီယိုတမျိုးတည်းကို တနေ့ကို ၂ ကြိမ်လွှင့်တယ်။ မနက်တခါ၊ ညနေတခါ။ တီဗွီတို့ ဘာတို့ဆိုတာက အဲဒီတုန်းက စ လုပ်ဖို့ဆိုပြီးတော့ သင်တန်းပေးတဲ့အဆင့်ပဲ ရှိသေးတယ်။ အဲတော့ သတင်းကိုတော့ အလျှင်မီအောင် လိုက်ရတာပေါ့လေ။ ကိုယ့်ဟာကိုယ် လိုက်တဲ့သတင်းလည်းရှိတယ်။ လူတွေကို တွေ့ဆုံ မေးမြန်းတာတွေလည်း ပါတယ်။ အဝေးကနေ တွေ့ဆုံမေးမြန်းတာတွေလည်း ရှိတယ်။ အခုဟာက ဗွီအိုအေကို ဖွင့်လိုက်တယ်ဆိုရင် ရေဒီယိုမကတော့ဘူး။ တီဗွီလည်းရှိတယ်။ နောက်တခါ ဗွီအိုအေက အသံလွှင့်တဲ့ အပိုင်းတွေ၊ ရုပ်သံလွှင့်တဲ့အပိုင်းတွေကို တီဗွီနဲ့ ရေဒီယိုကပဲ ကြည့်ဖို့ နားထောင်ဖို့ မလိုတော့ဘူး။ Facebook တို့၊ Podcast တို့ Twitter တို့ စသဖြင့် ဒီလို တခြားနည်းတွေနဲ့လည်း ကိုယ်ရောက်တဲ့အရပ်ကနေ ကိုယ်ရှိရာအရပ်ကနေ နားထောင်လို့ရအောင် ဖန်တီးပေးထားတယ်။ ကြည့်လို့ရအောင် ဖန်တီးပေးထားတယ်။ ဒါတွေဟာ ခေတ်မီတဲ့ နည်းသစ်တွေကို ဗွီအိုအေက သုံးလာတာကို အထင်အရှား ပြသတာပဲ။”

အရင် ၀ိုင်းတော်သူဟောင်း လက်ရှိ အမေရိကန်အစိုးရ လယ်ယာစိုက်ပျိုးရေးဌာန လုပ်ငန်းခွင် အငြင်းပွားမှုတွေ ဖြန်ဖြေရေးအရာရှိ ဒေါ်မြမြမြိုင်ကတော့ ဗွီအိုအေမှာ လုပ်ခဲ့ရတဲ့ ၀န်ထမ်းတဦးအနေနဲ့ ဂုဏ်ယူမိကြောင်း ပြောပါတယ်။

“ဗွီအိုအေဆိုတာ မြန်မာပြည်ကလူတွေက အရမ်းကို နားထောင်တယ်။ အခုဆို ကြည့်ရှုတယ်။ ဌာနကြီးတွေဖြစ်တဲ့အတွက် ဂုဏ်သိက္ခာကို မြှင့်တင်ပေးတဲ့အတွက်လည်း အထူး ဂုဏ်ယူပါတယ်။ အထူး ကျေးဇူးတင်ပါတယ်။”

နောက်ထပ် ၀ိုင်းတော်သားဟောင်း တဦးဖြစ်တဲ့ ဦးစန်းမြင့်ကတော့ သူတို့ခေတ်က သတင်းဆိုရင် ရေဒီယိုကိုပဲ အားကိုးခဲ့ရတယ်လို့ ဆိုပါတယ်။

“အဲဒီအချိန်က မြန်မာပြည်မှာလည်း မီဒီယာက အမှောင်ချခံထားရတာကိုး။ အဲဒီတုန်းက သိပ်ပြီးတော့ မီဒီယာကလည်း သိပ်ပြီး မကျယ်ပြန့်သေးဘူး။ ရေဒီယိုကိုပဲ အားကိုးနေရတာကိုး။ ရေဒီယိုကို နားထောင်မှ ကမ္ဘာ့ဗဟုသုတရကြတယ်။ မြန်မာပြည်ကလူတွေက။ ဗွီအိုအေက အများကြီး အကျိုးပြုခဲ့တယ်လို့ ကျနော် ယူဆပါတယ်။”

အရင်နဲ့ လက်ရှိ တူညီတဲ့ အချက်ကတော့ ဗွီအိုအေအနေနဲ့ ဘက်မလိုက်ပဲ သတင်းတွေကို မှန်မှန်ကန်ကန် ထုတ်လွှင့်နိုင်အောင် ကြိုးပမ်းအားထုတ်တာဖြစ်တယ်လို့ ၀ိုင်းတော်သားဟောင်း ဦးထွန်းအောင်ကပြောသွားပါတယ်။

“ကျနော်တို့ကို စွပ်စွဲတာပေါ့ အရင်တုန်းကတော့ ၀ါဒဖြန့်တယ်ဆိုပြီး။ မီဒီယာဆိုတာ ၀ါဒတွေဖြန့်တယ်။ ကျနော်တို့က ၀ါဒကို မဖြန့်ဘူး။ အမေရိကန်အစိုးရ မကောင်းကြောင်းကို သတင်းစာတွေက ဝေဖန်လို့ရှိရင် အဲဒီသတင်းစာထဲက ဝေဖန်တဲ့အတိုင်း ကျနော်တို့က လုပ်ရပါတယ်။ ဘယ်သူမှ မရှောင်ပါဘူး။ သမ္မတအမှားလုပ်ခဲ့တဲ့အတွက် သမ္မတမှားတဲ့အကြောင်းကို ကိုယ်တိုင်ကို ကျနော် အသံလွှင့်ရပါတယ်။ ဗွီအိုအေကို အဲဒီတုန်းက စ ၀င်ခါစ လူတွေရှိတယ်။ အဲတော့ သူက မေးတယ် ကျနော်တို့ကို ဟ အဲ့လို လုပ်လို့ရလားတဲ့ သမ္မတကို အဲ့လို လုပ်လို့ရလားတဲ့ အဲ့လိုမဟုတ်ဘူး ကျနော်တို့က ဒါ အမှန်အတိုင်း လွှင့်ရတာ။ သမ္မတမကလို့ ဘယ်သူပဲဖြစ်ဖြစ် အစိုးရရော၊ ဘာရောဆိုပြီးတော့။ အဲဒါကတော့ မပြောင်းလဲဘူး။ အဲဒါက ကျေနပ်ဖွယ်ကောင်းပါတယ်။”

ဗွီအိုအေ မြန်မာဌာနအနေနဲ့ မြန်မာနှင့် နိုင်ငံတကာသတင်းတွေကို တိတိကျကျ၊ မှန်မှန်ကန်ကန်၊ ပြည့်ပြည့်စုံစုံနဲ့ ထုတ်လွှင့်ပေးနေအောင် အစဉ်ထာဝရ ကြိုးပမ်းအားထုတ်နေသလို ဖျော်ဖြေရေးနဲ့ ပညာပေးအစီအစဉ်တွေ အပါအ၀င် စိတ်ဝင်စားဖွယ် တခြား အစီအစဉ်များစွာကိုလည်း အကောင်းဆုံး တင်ဆက်ပေးနေပါတယ်။

မနေ့က ဗွီအိုအေ ရုံးချုပ်မှာ ကျင်းပတဲ့ ဗွီအိုအေ (၇၅)နှစ်ပြည့်အခမ်းအနားမှာ အမေရိကန် လွှတ်တော်အမတ်တွေရဲ့ ဂုဏ်ပြု နှုတ်ခွန်းပြောကြားချက်တွေနဲ့ ဗွီအိုအေ အသံလွှင့် အစီစဉ်တွေနဲ့ပတ်သက်လို့ နိုင်ငံတကာမှာ ဘယ်လို ထိရောက်မှုရှိခဲ့လဲဆိုတဲ့ ရုပ်သံ ပြသမှု အစီအစဉ် အပါအ၀င် နိုင်ငံတကာ ဂီတ ဖျော်ဖြေပွဲတွေလည်း ကျင်းပခဲ့ပါတယ်။ ဒါအပြင် မြန်မာဌာနအပါအ၀င် အခြား ဘာသာစကား ဌာနတွေက လူမျိုးအလိုက် ရိုးရာဝတ်စုံတွေ ၀တ်ဆင် ပြသခဲ့ကြပါတယ်။

XS
SM
MD
LG