သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေ ဘီဘီစီ အင်္ဂလိပ်ပိုင်း အသံလွှင့်ချက်များ တရုတ်မှာ အသံလှိုင်းဖျက်ဆီးခံရ


တရုတ်နိုင်ငံတွင်းမှာ ဗွီအိုအေ အမေရိကန်အသံရဲ့ အင်္ဂလိပ်ဘာသာ ထုတ်လွှင့်ချက်တွေကို လှိုင်းဖျက် နှောင့်ယှက်တဲ့အပေါ်မှာ ဗွီအိုအေ အမေရိကန်အသံက ကန့်ကွက်လိုက်ပါတယ်။

ဒီလို အသံလှိုင်း အနှောင့်အယှက် ပေးတာတွေကို ဗွီအိုအေ ညွန်ကြားရေးမှူး ဒေးဗစ် အန်စာ (David Ensor) က ပြစ်တင် ဝေဖန်လိုက်တာဖြစ်ပြီး၊ ဘယ်နေရာကနေ နှောင့်ယှက်တာလဲဆိုတဲ့ အတိအကျကို ဖော်ထုတ်ဖို့ ကျွမ်းကျင်သူတွေနဲ့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

သတင်းလွတ်လပ်ခွင့်ဟာ နိုင်ငံတကာက လက်ခံတဲ့ အခွင့်အရေး တရပ်ဖြစ်ပြီးတော့၊ ဗွီအိုအေ အနေနဲ့ သတင်း ထိန်းချုပ်မှုတွေ ရှိနေတဲ့ နေရာက သောတရှင်တွေအတွက် တိကျပြီး မျှတတဲ့ သတင်း အချက်အလက်တွေကို လွှင့်ထုတ်ပေးနေတာ ဖြစ်တယ်လို့ ညွန်ကြားရေးမှူး ဒေးဗစ် အန်စာ (David Ensor) က ပြောပါတယ်။

အခုလို အသံလှိုင်းတွေ အနှောင့်အယှက် ပေးခံရတာ ဗွီအိုအေ အမေရိကန်အသံ တခုတည်း ခံရတာ မဟုတ်ပါဘူး။ ဘီဘီစီရဲ့ လှိုင်းတို အင်္ဂလိပ်ဘာသာ ထုတ်လွှင့်ချက် တွေကိုလည်း တရုတ်နိုင်ငံတွင်းမှာ အသံလှိုင်း အနှောင့်အယှက် ပေးခံရတယ်လို့ ဘီဘီစီကလည်း ပြောပါတယ်။

ဒီလို အသံလှိုင်း အနှောင့်အယှက် ပေးမှုတွေကို ဘယ်သူ ဆောင်ရွက်နေသလဲ ဆိုတာကိုတော့ အခုအချိန် သိဖို့ မဖြစ်နိုင်သေးဘူးလို့ ဘီဘီစီ က ပြောပါတယ်။ အလားတူ Radio Australia ဟာလည်း အသံလှိုင်း နှောင့်ယှက်မှုကို ခံရတယ်လို့ ဗွီအိုအေ အသံလွှင့် အင်ဂျင်နီယာတွေ က ပြောပါတယ်။

ဗွီအိုအေရဲ့ တရုတ်ဘာသာ ထုတ်လွှင့်ချက်တွေကို အရင်တုန်းက မကြာခဏဆိုသလို အခုလို အသံလှိုင်း နှောင့်ယှက်တာရှိပေမဲ့၊ အခုလို အင်္ဂလိပ်ပိုင်း လွှင့်ထုတ်ချက်တွေကိုတော့ နှောင့်ယှက် တာမျိုးဟာ ရှားတောင့်ရှားခဲ ဖြစ်တယ်လို့ ဗွီအိုအေ အသံလှိုင်း အင်ဂျင်နီယာတွေက ပြောပါတယ်။

အခုလို အင်္ဂလိပ်ဘာသာ လွှင့်ထုတ်ချက်တွေကို နှောင့်ယှက်တာဟာ ပြီးခဲ့တဲ့ တလလောက်က စဖြစ်တယ်ဆိုတာ သတိထားမိပြီး၊ နှောင့်ယှက်သူတွေဟာ နည်းပညာသစ်တွေကိုလည်း သုံးပုံရတယ်လို့ ဆိုပါတယ်။
XS
SM
MD
LG