သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေးအပေါ် ဗိုလ်ချုပ်မှူးကြီးအမြင်


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း (ယာ) တို့ သီးသန့်အင်တာဗျူး (နိုဝင်ဘာ ၂၂၊ ၂၀၁၄)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း (ယာ) တို့ သီးသန့်အင်တာဗျူး (နိုဝင်ဘာ ၂၂၊ ၂၀၁၄)

လက်ရှိပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေကြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) အပါအဝင် ပြုပြင်ရေးကိစ္စတွေမှာ တပ်မတော်အနေနဲ့ မပြုပြင်ရေးဘက်က ရပ်တည်ခဲ့ရတဲ့အကြောင်းရင်းတွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗွီအိုအေနဲ့ ပထမဦးဆုံးသီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။ NLD နဲ့ ၈၈ ပွင့်လင်းမျိုးဆက်ကနေ ကောက်ယူပြီး လွှတ်တော်ကိုတင်ပြခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ် (၅) သန်းကိစ္စနဲ့ပတ်သက်လို့လည်း တပ်မတော်အနေနဲ့ ကျန်ရှိနေသေးတဲ့ လူထုဆန္ဒတွေကို စောင့်ကြည့်လေ့လာအုံးမှာ ဖြစ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ လေးပွင့်ဆိုင်ဆွေးနွေးရေးကိစ္စမှာတော့ လူအများကို ကိုယ်စားပြုဆွေးနွေးရင် ပိုပြီးသင့်လျော်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်း ပထမပိုင်းကို နားဆင်ဖတ်ရှုနိုင်ပါပြီ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ ဗိုလ်ချုပ်မှူးကြီးခင်ဗျာ- အခုလို ကျနော်တို့ဗွီအိုအေကို ပထမဦးဆုံးအကြိမ် တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ်။ ဒါဟာတပ်မတော်အနေနဲ့ လူထုနဲ့ထိတွေ့ဖို့ဆောင်ရွက်လာတဲ့ အင်မတန်အရေးကြီးတဲ့အဆင့်တခုအနေနဲ့ ကျနော်တို့သတ်မှတ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ကျနော်လည်း အခုလိုတွေ့ဆုံခွင့်ရတဲ့အတွက်ကြောင့် ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ အင်မတန်လည်း ဝမ်းသာတဲ့အကြောင်း ပြောလိုပါတယ်။

ဦးသန်းလွင်ထွန်း။။ ဟုတ်ကဲ့ခင်ဗျာ။ တပ်မတော်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေထဲမှာ အရေးအကြီးဆုံး လူအပြောများဆုံးဖြစ်နေတဲ့ ကိစ္စတွေ စပြီး ဆွေးနွေးချင်ပါတယ်။ အဓိကအားဖြင့် (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ပေါ့နော်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ရဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်မှုအခန်းကဏ္ဍ။ လွှတ်တော်ထဲမှာ တပ်မတော်သားအမတ်တွေ အချိုးကျရွေးကောက်ခံမဟုတ်ဘဲ ပါဝင်ခွင့်ဆိုတဲ့ အခြေအနေမျိုးဟာ နိုင်ငံတကာကရော ပြည်တွင်းကနိုင်ငံရေးသမားတွေကပါ ဝေဖန်ကြတဲ့အခြေအနေ ရှိပါတယ်။ ဒီအတွက်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်မွမ်းမံ ပြင်ဆင်ရေးဆိုတဲ့အချက်တွေကို ဆွေးနွေးနေကြတယ်။ ဗိုလ်ချုပ်မှူးကြီးတို့ရဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ကလည်း ပါဝင်ဆွေးနွေးနေကြတာ ကျနော်တို့ တွေ့ရှိရပါတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးကို မေးလိုပါတယ်။ အဲတော့ တပ်မတော်ရဲ့ သဘောထားပေါ့နော်၊မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့ တပ်မတော်ရဲ့အခြေခံသဘောထားကို အရင်ရှင်းပြပါလား။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ၂၀၀၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျနော်တို့နိုင်ငံရဲ့ လက်ရှိ ဒီမိုကရေစီတည်ရှိမှုရဲ့ တကယ့် အသက်တခုပါပဲ။ ဒီဥပဒေပေါ်လာဖို့အတွက်လည်း နှစ်အတော်ကြာကြာလေး ကြိုးစားပြီး ဆောင်ရွက်ခဲ့ရတာပါ။ အခက်အခဲတွေလည်း အများကြီးရှိပါတယ်။ နောက် ဒါဟာလည်း ပြည်သူရဲ့တောင်းဆိုချက်အရပေါ်လာတဲ့ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကိုသွားတဲ့ နိုင်ငံရဲ့ဖွဲ့စည်းမှုပါပဲ။ ဒီမှာလည်း သတ်မှတ်ထားတဲ့ အရင်ကတည်းကရှိပြီးတဲ့ ပြည်နယ်နဲ့တိုင်း ပြန်ပြီးတော့မှ ပုံစံတကျ စည်းနဲ့ကမ်းနဲ့လုပ်ထားတဲ့ ဥပဒေတခုဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့အတွက် အင်မတန် အရေးကြီးတဲ့ ဥပဒေတခုလို့ပြောရပါမယ်။ ဒါကြောင့်လည်း ဒီဥပဒေကို အတည်ပြုတဲ့အခါမှာ ၂၀၀၈ ခုနှစ်တုန်းက မဲပေးခွင့်ရှိတဲ့သူ (၂၇) သန်း ကျော်ထဲက (၂၆) သန်းကျော်လောက် မဲပေးပါတယ်။ ထောက်ခံမဲက ၉၂.၄၈% ထောက်ခံခဲ့တဲ့ ပြည်သူ အများစုနဲ့ ထောက်ခံအတည်ပြုခဲ့တဲ့ ဥပဒေတခုပေါ့။ အဲဒီအခြေအနေအချိန်အခါတုန်းကလည်း တကယ်ကို အင်မတန်ကို လူထုကလည်း လက်ခံတဲ့ အနေအထား၊ ငြင်းလို့လည်း မရပါဘူး။ ဒီဥပဒေတခုက ဒီနိုင်ငံရဲ့တည်ရှိမှုကိုဖော်ပြနေတဲ့ဟာဖြစ်တဲ့အတွက်ကြောင့် ဒီဟာကို ကျနော်တို့ စနစ်တကျ ခိုင်ခိုင်မာမာရှိမှသာ ဖြစ်မယ်ဆိုတာကို လူတိုင်းနားလည်တယ်။ ဒါကြောင့် တပ်မတော်အနေနဲ့ ဒီဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် တာဝန်ရှိတယ်လို့ ဥပဒေမှာကို ပြဌာန်းထားပြီး ကျနော့်တို့ကိုယ်တိုင် လည်း ဒီအတိုင်းပဲ ခံယူထားပါတယ်။ နိုင်ငံတခုရဲ့အသက်က ဒီအခြေခံဥပဒေပဲ။ ဒီအခြေခံဥပဒေပေါ်မှာ ရပ်တည်တဲ့အတွက်ကြောင့် တပ်မတော်အနေနဲ့လည်း ဒီဟာကို သေချာ ခိုင်ခိုင်မာမာ ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ခံယူထားပြီးတော့ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်ခင်ဗျာ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ပါတယ်ခင်ဗျ။ အဲဒီတော့ နိုင်ငံတကာမှာဆိုလို့ရှိရင်လည်း နိုင်ငံအသီးသီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအသီးသီးရှိကြပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေတွေဆိုတာ အချိန်ကာလနဲ့အကြောင်းအားလျော်စွာ ပြုပြင်မွမ်းမံသင့်ရင် ပြုပြင်မွမ်းမံလို့ရအောင်ဆိုတဲ့ အနေအထားလေးတွေနဲ့ ပြဌာန်းဖို့ အချက်အလက်ကလေးတွေ ထည့်သွင်းထားတာ ရှိပါတယ်။ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးပြောသလို ၂၀၀၈ ခုနှစ်တုန်းက ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေဟာ အခု ၂၀၁၄ ခုနှစ်မှာ ပြင်ဆင်မွမ်းမံစရာလေးတွေလည်း၊ ဆန္ဒတွေလည်း ပေါ်ပေါက်လာနေတဲ့အခါကျတော့ - ဘာသွားတွေ့နေလဲဆိုတော့ ဒီအခြေခံဥပဒေဟာ ပြုလွယ်ပြင်လွယ် မဟုတ်တဲ့အခြေခံဥပဒေဆိုတာကို သွားတွေ့နေရပါတယ်။ အဲဒီတော့ ဒီပုဒ်မ ၄၃၆ အရင်းအမြစ်ကို ပြင်နိုင်ဖို့အတွက် လွှတ်တော်ထဲမှာ အခု လက်ရှိဆွေးနွေးနေကြတဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီးတို့ရဲ့ တပ်မတော်ကိုယ်စားလှယ်တွေက ဒါ မပြင်ရေးဘက်ကို ဝိုင်းဝန်းဆန္ဒပြုကြတယ်တာတွေလည်း တွေ့နေရပါတယ်။ အဲဒီအကြောင်းရင်းလေးကို ပြောပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ အဲဒါဆိုရင်တော့ ကျနော်တို့ကလည်း သူ့ရဲ့နောက်ခံသမိုင်းလေးနဲ့ ပြောရမှ ပိုပြီး ကောင်းမယ်လို့ ထင်တာပေါ့လေ။ ကျနော်တို့နိုင်ငံကလည်း အင်္ဂလိပ်ရဲ့ ကိုလိုနီဖြစ်ခဲ့ပါတယ်။ ဒါ လူတိုင်းလည်း သိပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရဖို့အတွက်ကို တိုင်းရင်းသားပြည်သူတွေရဲ့ အသက်၊ သွေး၊ ချွေးများစွာ ပေးပြီးတော့ တိုက်ခိုက်ခဲ့ရပြီး လွတ်လပ်ရေးရခဲ့တာပေါ့။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း အခြေအနေအမျိုးမျိုးကြောင့် ကျနော်တို့မှာ အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ နောက်တခါ ကျနော်တို့နားလေးမှာလည်း အိမ်နီးနားချင်းနိုင်ငံတွေကို ကြည့်မယ်ဆိုရင် အရှေ့ဘက်မှာလည်း လူဦးရေ သန်းပေါင်း (၁၃၀၀) လောက်ရှိတဲ့ တရုတ်နိုင်ငံပေါ့၊ အနောက်ဘက်မှာဆိုလို့ရှိရင်လည်း လူဦးရေသန်းပေါင်း (၁၂၀၀) လောက်ရှိတဲ့ အိန္ဒိယနိုင်ငံပေါ့။ တခါ အရင်ကတော့ အရှေ့ပါကစ္စတန်ပေါ့၊ အခုတော့ ဘင်္ဂလားဒေ့ရှ်လို့ ခေါ်တဲ့ လူဦးရေသန်းပေါင်း (၁၆၀) လောက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိတာပေါ့။ အင်မတန်အင်အားများပြားတဲ့နိုင်ငံတွေပေါ့။ ဒီလိုတွေနဲ့ ထိစပ်ပြီးနေရတဲ့ ကျနော်တို့နိုင်ငံပေါ့- နောက်တခါ ကိုလိုနီဖြစ်ခဲ့တဲ့သမိုင်းကြောင်းပေါ့။ ဒါကိုမူတည်ပြီးတော့ နိုင်ငံရဲ့တည်ရှိမှုဟာ ခိုင်မာဖို့တော့ လိုအပ်ပါတယ်။ ဒီအတွက်ကြောင့်လည်း ဥပဒေနဲ့ပတ်သက်ပြီးတော့ ခိုင်ခိုင်မာမာရှိနေဖို့ဆိုတာတော့ ပိုပြီးတော့ လိုအပ်ပါတယ်။ နိုင်ငံတည်ရှိမှုအရေးလိုအပ်သလို ဒီနိုင်ငံတည်ရှိမှုအတွက် အထောက်အကူပေးနိုင်တဲ့ဥပဒေကလည်း ခိုင်ခိုင်မာမာ ရှိနေဖို့ဆိုတာတော့ ပိုပြီးတော့ လိုအပ်ပါတယ်။ ဥပဒေတခုကို မကြာခဏ ဟိုဟာလုပ်မယ်၊ ပြုမယ်ဆိုတာကလည်း - ဒါကတော့ ငြင်းလို့တော့ မရပါဘူး။ အမြဲတမ်းပြည့်စုံတဲ့ ဥပဒေတခုဆိုတာကတော့ မရှိပါဘူး။ သို့သော်လည်းပဲ ဥပဒေအရ အကောင်အထည်ဖော်တဲ့နေရာမှာ လူကြီးတွေကလည်း တော်တော်လေးကို တွက်ဆပြီးတော့မှ ရှေ့လူကြီး ခေါင်းဆောင်တွေ အသီးသီးက တွက်ဆပြီးတော့မှ ဒီဥပဒေခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်ပေးထားတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့လည်း ဒီဟာကို ဆက်လက်ထိန်းသိမ်းတဲ့သဘောအနေနဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲဒီတော့ ဒီနေရာမှာ တချက်လေးပြောချင်တာက မကြာသေးခင်ကာလကပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်းအဖွဲ့တွေကနေပြီးတော့ လူထုရဲ့သဘောထားဆန္ဒတွေ ကောက်ယူပြီး မဲလက်မှတ်ပေါင်း (၅) သန်းပေါ့နော်၊ ကောက်ယူပြီးတော့ လွှတ်တော်ထဲမှာ တင်ပြခဲ့ပါတယ်။ ဒါ လူထုရဲ့ဆန္ဒပေါ့၊ လူထုဆန္ဒ (၅) သန်းဆိုတဲ့လက်မှတ်က နည်းတာတော့ မဟုတ်ပါဘူး။ အဲဒီ ဆန္ဒအပေါ်ရော၊ ဆန္ဒမှာ ဖော်ပြထားတာကတော့ ပုဒ်မ ၄၃၆ ကိုပြင်ပေးရေး ဆိုတဲ့ဆန္ဒ ပါဝင်ပါတယ်။ ဒီ ဆန္ဒအပေါ်ရော တပ်မတော်အနေနဲ့ ဘယ်လို မြင်ပါသလဲခင်ဗျ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ အကယ်၍ မဲဆန္ဒ ငါးသန်းပေါ့၊ ဒီ ငါးသန်းရဖို့အတွက် ဘယ်လို ကောက်လဲ၊ ပြုလဲဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါကတော့ ပုံစံအမျိုးမျိုး ရှိမှာပေါ့။ ဘယ်လောက်ထိ ခိုင်မာမှု ရှိမယ်၊ မရှိမယ်ဆိုတာလည်း ကျနော် မပြောနိုင်ပါဘူး။ နောက် ဒီ (၅) သန်းဆိုတဲ့ သူတို့ပြောတဲ့ပမာဏက လက်ရှိ ကျနော်တို့ဆုပ်ကိုင်ထားတဲ့ လူဦးရေ (၅၁) သန်းနဲ့ဆိုရင်တော့ ဆယ်ပုံတပုံပဲ ရှိတာပေါ့။ ဒီ (၅) သန်းရဲ့ဆန္ဒကို အလေးထားရမှာဖြစ်သလို တဘက်ကလည်း စောစောက ကျန်နေတဲ့ လေးဆယ်နဲ့ ခြောက်သန်းသော ပုဂ္ဂိုလ်များ၊ လူများရဲ့အထဲမှာ ၁၈ နှစ်အထက် လူများလည်း ရှိကြမှာပေါ့။ သူတို့ရဲဆန္ဒတွေကိုလည်း ကျနော်တို့က ကြည့်ဖို့ လိုမှာပေါ့။ ကြည့်ဖို့ လိုမယ်။ ဒါတွေကလည်း ဘယ်လောက်ထိ မှန်မလဲ၊ မမှန်မလဲဆိုတာလည်း စောစောကပြောသလိုပေါ့၊ ရှိသလိုပဲဘဲ ဒီဘက်က ကျန်တဲ့လူတွေရဲ့ဆန္ဒကလည်း ဘယ်လိုရှိမလဲဆိုတာ ကျနော်တို့ မသိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ ပြောကြရင်လည်း သူ့မှာလည်း လုပ်ထုံးလုပ်နည်းတွေ အများကြီးပါပါတယ်။ ဥပမာအားဖြင့် အခြေခံဥပဒေပြင်ဆင်ရေးဆိုလို့ရှိရင်လည်း အခန်း (၁၂) မှာ ပြဌာန်းပြီးသား ရှိတာပေါ့။ အဲဒီမှာ ပြဌာန်းထားတဲ့ သူ့ရဲ့အဆင့်အတိုင်း လုပ်ဆောင်သွားမယ်ဆိုလို့ရှိရင် ခုနပြောတဲ့ ပြည်သူ (၅) သန်းဆိုတဲ့ ပုဂ္ဂိုလ်များကလည်း တကယ်လို့သာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ လုပ်လာခဲ့လို့ရှိရင်လည်း ဒီလူတွေရဲ့ဆန္ဒတွေမှာ ထည့်ပြီးတော့ ဆောင်ရွက်ခွင့်ရမယ်လို့ ကျနော် ပြောလိုပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပဲပတ်သက်လို့ အများက တော်တော်လေး စိတ်ဝင်စားတဲ့ အချက်တခုလည်း ရှိပါတယ်။ ဒါက ပုဒ်မ ၅၉ (စ) ပေါ့နော်။ ဒါဆိုလို့ရှိရင်လည်း နိုင်ငံတော်အကြီးအကဲဖြစ်ပိုင်ခွင့်-ဆိုတော့ နိုင်ငံတော်အကြီးအကဲဆိုတာ နိုင်ငံတော်ရဲ့အရေးအပါဆုံးပုဂ္ဂိုလ်၊ နိုင်ငံတော်ရဲ့လုံခြုံရေး၊ ကာကွယ်ရေး ကိစ္စအဝဝကို ဆောင်ရွက်ရတဲ့သူဆိုတော့ ဒီ ပုဒ်မ ၅၉ (စ) ကိစ္စနဲ့ပတ်သက်လို့ရော ဗိုလ်ချုပ်မှူးကြီးရဲ့ အပြတ်သားဆုံးသဘောထားကို သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ကျနော်တို့က ဒီဥပဒေရေးတုန်းက လူပုဂ္ဂိုလ်တယောက်အတွက် ရည်ရွယ်တာလည်းမဟုတ်ဘူး၊ လူတစုအတွက် ရည်ရွယ်တာလည်း မဟုတ်ဘူး။ တိုင်းရင်းသားလူမျိုးစုတခုအတွက် ရည်ရွယ်တာလည်းမဟုတ်ဘူး၊ အဖွဲ့အစည်းတခုအတွက် ရည်ရွယ်တာလည်း မဟုတ်ပါဘူး။ တနိုင်ငံလုံးကို ခြုံငုံပြီးတော့မှ ရည်ရွယ်ပြီးရေးခဲ့တာပေါ့လေ၊ နောက်တခုက ထည့်စဉ်းစားရမယ့်အချက်တခုရှိတယ်။ စောစောကပြောတဲ့သမိုင်းကြောင်းပေါ့။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရခဲ့တဲ့အချိန်ကာလရဲ့ မတိုင်ခင်ကာလနဲ့ တိုင်ပြီး ဒီဘက်ကာလပေါ့။ ခုနက ကျနော်ပြောခဲ့တဲ့ ကျနော်တို့နိုင်ငံရဲ့ ပထဝီနိုင်ငံရေး တည်ရှိပုံအနေအထားပေါ့- လူဦးရေများပြားတဲ့နိုင်ငံတွေကြားမှာတည်ရှိနေတဲ့ ကျနော်တို့နိုင်ငံအတွက်က လူဝင်မှုပြဿနာတွေက အများကြီးရှိနိုင်တယ်၊ ရှိတယ်။ ဒါကြောင့် လွတ်လပ်ရေးမရခင်မှာဖြစ်ပေါ်ခဲ့တဲ့ အကျိုးဆက်တွေက အခုထိ ကျနော်တို့ခံနေရတုန်း၊ ရင်ဆိုင်နေရဆဲရှိပါတယ်။ ဒါတွေကလည်း အများကြီးပါ။ ဒါတွေကို ခြုံငုံပြီးတော့မှ - စောစောက ကျနော်ရှင်းပြခဲ့တဲ့ထဲမှာ တချက်ပါသွားတယ်။ ရှေ့ကလူကြီးတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေ၊ ကျနော်တို့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်ပေါ့။ နိုင်ငံ့ခေါင်းဆောင်တွေက ဒီဘက်ခေတ် ခေါင်းဆောင်တွေအထိ ပါပါတယ်။ သူတို့ တောက်လျောက်ကို ဒါတွေက ချိန်ဆစပြီး တွေးခေါ်ပြီးလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာနဲ့ပြောလို့ရှိရင် ကျနော်တို့ ၅၉ (စ) သည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောကို ရည်ရွယ်ခြင်းမဟုတ်ပါဘူး။ တနိုင်ငံလုံးအတွက် အမျိုးသားရေးကို ရည်ရွယ်ပြီးတော့မှ လုပ်ထားရတာ ဖြစ်ပါတယ်။ ဒါ - ကျနော် ခိုင်ခိုင်မာမာပြောရဲတယ်။ လူတစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီးလုပ်ထားတာ မဟုတ်ဘူးဆိုတာ ခိုင်ခိုင်မာမာ ပြောရဲတယ်။ ကျနော်တို့အနေနဲ့ အမျိုးသားရေးကိုတော့ ကြည့်ဖို့ လိုအပ်ပါတယ်လို့ မြင်ပါတယ်။ ဒါကလည်း ရေရှည်ပေါ့လေ။ ကျနော်တို့ ကာလတိုတခုကိုကြည့်ရင်တော့ မှန်ကောင်းမှန်နိုင်ပေမယ့် ရေရှည်ကျလို့ရှိရင်တော့ ချိန်ဆရမယ့်ကိစ္စတွေ အများကြီး ရှိတယ်။ ကျနော်တို့တိုင်းပြည်မှာလည်း လက်ရှိ အခြေအနေမှာကိုဘဲ လူဝင်မှုပြဿနာလေးတွေနဲ့ ရင်ဆိုင်နေရတာရှိပါတယ်။ လုပ်ငန်းတွေမှာလည်းရှိတယ်။ တည်ရှိမှုအနေအထားမှာလည်း ရှိနေတာကို တွေ့ရတယ်။ ဒါ့ကြောင့် ဒါကိုတော့ ကျနော့အနေနဲ့ပြောရလို့ရှိရင် အရေးကြီးတဲ့ကာလတခုအနေနဲ့ ရှုမြင်ပေးပါလို့- ပြောလိုပါတယ်။

ဦးသန်းလွင်ထွန်း။ ။ တပ်မတော်အနေနဲ့ကလည်း နိုင်ငံရေးပိုင်းမှာ အမျိုးသားနိုင်ငံရေးဆိုပေမယ့် လက်ရှိနိုင်ငံရေးပိုင်းမှာ အင်မတန် အရေးပါတဲ့ အခန်းကဏ္ဍက ပါနေတော့ အထူးသဖြင့်ဆိုလို့ရှိရင် ဗိုလ်ချုပ်မှူးကြီးနဲ့လည်း တွေ့ပြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဆိုလို့ရှိရင် - တေ့တေ့ဆိုင်ဆိုင် ထိုင်ပြီးတော့ ဆွေးနွေးတယ်ဆိုတာ မကြားရသေးပေမယ့် သမ္မတကြီးဖိတ်ခေါ်တဲ့ပွဲမှာ တွေ့ထားပြီးပါပြီ။ နောက်ဆက်တွဲ မေးမြန်းခဲ့တာတွေကိုလည်း ကြားရတယ်လေ။ ဒေါ်အောင်ဆန်းစုကြည်က ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးအပါအဝင် လေးပွင့်ဆိုင် တွေ့ချင်တယ်-ဆိုတဲ့ ဆန္ဒလေးတွေ သူပြုခဲ့တယ်လို့လည်း ကြားပါတယ်။ ဗိုလ်ချုပ်မှူးကြီကရော ဒါ တွေ့ဖို့ ဆန္ဒရှိလားခင်ဗျ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ လေးပွင့်ဆိုင် ဆိုတာ နည်းနည်းလေး ကျဉ်းမလားလို့- ကျနော့်အမြင်ကတော့လေ။ နည်းနည်းကျဉ်းပါတယ်။ တိုင်းပြည်ကို ဒီလေးယောက်မှ သူတွေ့ဆုံပြီး ဆွေးနွေးမှ ဖြစ်မယ်ဆိုတာ တိုင်းရင်းသားတွေလည်း အများကြီးရှိပါတယ်။ ကျနော်ကတော့ အကုန်လုံးခြုံငုံပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လေးပေါ့လေ။ ဖြစ်နိုင်သလောက်ပေါ့- ကျယ်ကျယ်ပြန့်ပြန့်ဆိုတော့လည်း လူတွေအများကြီး ဖိတ်ပြန်တော့လည်း အဲဒါကျ ထိန်းရ၊ ပြောရဆိုရတာလည်း တယောက်တပေါက်နဲ့ဆိုရင်လည်း မဖြစ်ပြန်ဘူး။ သို့သော် ကိုယ်စားပြုတဲ့လူတွေနဲ့ ပြောရဆိုရမယ်ဆိုရင်တော့ ပိုပြီးတော့ အကျိုးရှိမယ်လို့ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သမ္မတကြီးတို့ ဖိတ်ခေါ်ချက်အရ ကျနော်တို့ တွေ့ပါတယ်။ ဘာဘဲပြောပြော ကျနော်တို့က တိုင်းပြည်မှာတော့ သူ့နေရာနဲ့သူ တာဝန်ထမ်းဆောင်နေတဲ့သူတွေဖြစ်တယ်။ ကျနော့်အနေနဲ့လည်း ဘာမှ မတွေ့နိုင်စရာအကြောင်းလည်း မရှိဘူး။

ဦးသန်းလွင်ထွန်း။ ။ အဲဒိတော့ လေးပွင့်ဆိုင်မဟုတ်ရင်ကော နှစ်ဘက်ပွင့်ပွင့်လင်းလင်း တွေ့ဆုံဖို့ -

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ဒီလိုကျတော့လည်း ကျနော်တို့က ဘာပြောစရာရှိလို့လဲ။ ကျနော်တို့အလုပ်ကိုက အမျိုးသားနိုင်ငံရေးလုပ်နေတဲ့သူတစ်ယောက်ဘဲ။ သူလိုချင်တဲ့ intention နဲ့ ကျနော်ပြောချင်တဲ့ intention နဲ့တူချင်မှလည်း တူနိုင်မှာပေါ့။ အဲဒီလိုကျတော့လည်း နှစ်ယောက်ချင်းဖြစ်ဖို့ဆိုတော့လည်း ခက်ပါတယ်။ ခက်တော့ခက်တယ်၊ ဒါကတော့ ခက်ပါတယ်။ ဒါပေမယ့် အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးမယ့်အချိန်မျိုး ကြုံတဲ့အခါကျတော့လည်း ဆွေးနွေးဖြစ်ကောင်းလည်း ဖြစ်နိုင်ပါတယ်။ မတွေ့ဘူးလို့ ကျနော် မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လိုအပ်တဲ့အခြေအနေမှာ တွေ့ဖြစ်ရင်လည်း တွေ့သွားမှာပါ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီလောက်ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။

XS
SM
MD
LG