သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ဗိုလ်ချုပ်မှူးကြီးအမြင်


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း (ယာ) တို့ သီးသန့်အင်တာဗျူး (နိုဝင်ဘာ ၂၂၊ ၂၀၁၄)

နိုဝင်ဘာလ (၁၉) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကချင်၊ လိုင်ဇာ ဗိုလ်သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ ဒီ့မတိုင်မီ ရက်ပိုင်းအတွင်း ကချင်ဘက်က ထိပါးတိုက်ခိုက်မှုတွေအပေါ် စစ်ရေးသဘောတရားအရ သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗွီအိုအေနဲ့ တွေ့ဆုံစဉ်မှာပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ စိုးရိမ်စရာပြန်ဖြစ်လာနေတဲ့ တိုင်းရင်းသား ပဋိပက္ခများ အရေးနဲ့ပတ်သတ်ပြီး ဗိုလ်ချုပ်မှူးကြီးနဲ့ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းတို့ သီးသန့်မေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။ မြန်မာနိုင်ငံမှာ အရေးအကြီးဆုံးကဏ္ဍတခုလို့လည်း ပြောလို့ရပါတယ်။ ဒါက နိုင်ငံတော် ငြိမ်းချမ်းသာယာရေးပေါ့နော်၊ ငြိမ်းချမ်းရေးဆိုတော့ အခုတက်လာတဲ့အစိုးရအနေနဲ့လည်း ဦးစားပေးအစီအစဉ်အနေနဲ့ တနိုင်ငံလုံးခြုံတဲ့အပစ်အခတ်ရပ်စဲရေးကို အဖွဲ့အားလုံးနဲ့ သဘောတူစာချုပ် ချုပ်ဖို့လည်း ကြိုးစားနေခဲ့ပါတယ်။ ဒါပေမယ့် မဖြစ်လာခဲ့ပါဘူး။ အထူးသဖြင့်နောက်ပိုင်း ဒီရက်ပိုင်းတွေမှာဆိုလို့ရှိရင် ကချင်ပြည်ဘက်မှာ တိုက်ပွဲသတင်းတွေ ပြန်ကြားရပါတယ်။ မကြာသေးခင်ရက်ပိုင်းအတွင်းကပဲ ကချင်ပြည်ဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်မှု သတင်းကြားပြီးတော့ လူငယ်အရာရှိလောင်းတချို့ သေဆုံးရတဲ့သတင်းလည်း ကြားပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့သဘောလေး နည်းနည်းရှင်းပြပေးပါလား။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရတဲ့အချိန်မှာ လွတ်လပ်ရေးနဲ့အတူ တပါတည်းပါလာတဲ့ ပြဿနာကတော့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေပဲဖြစ်တယ်။ အဲဒီပြဿနာက ယနေ့တိုင်ထိ ရှင်းနေရဆဲဖြစ်ပါတယ်။ အဲဒီမှာလည်း တိုင်းရင်းသားဘက်က သေကျေခဲ့တာတွေ ရှိသလို တပ်မတော်ဘက်က သေကျေခဲ့တာတွေလည်းရှိတယ်။ ပြည်သူပြည်သားတွေဘက်က အပြစ်မရှိတဲ့ပြည်သူပြည်သားတွေ သေကျေခဲ့ရတာတွေလည်း အများကြီးရှိပါတယ်။ တိုင်းပြည်မှာ တည်ငြိမ်အေးချမ်းဖို့ကတော့ လူတိုင်း လိုလားတာဖြစ်ပါတယ်။ နောက်တခါ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့အခြေအနေအရပ်ရပ်ကို တိုက်ပွဲတွေဖြစ်နေတဲ့ အခြေအနေအရပ်ရပ်ကို မလိုချင်ဆုံးပုဂ္ဂိုလ်အနေနဲ့ပြောရင်တော့ ကျနော်တို့ တပ်မတော်သားလို့ပဲ ကျနော် ပြောချင်တယ်။ ဘယ်သူမှ ဒါတွေ မလုပ်ချင်ကြဘူးပေါ့။ တကယ်ကတော့ ကျနော်လည်း မလိုလားပါဘူး။ ငြိမ်းချမ်းရေးလည်း တကယ်လိုချင်ပါတယ်။ ကျနော် ပြည်ပနိုင်ငံတွေကို အခါအားလျော်စွာသွားတဲ့အချိန်မှာ တွေ့ရှိတဲ့ခေါင်းဆောင်တွေရော၊ ကျနော်တို့မြန်မာနိုင်ငံကို လာရောက်တဲ့အချိန်မှာ တပ်မတော်ပိုင်းဆိုင်ရာ၊ နယ်ဘက်ဆိုင်ရာခေါင်းဆောင်တွေ ကျနော်တို့နဲ့တွေတဲ့အချိန်တွေမှာ ပြောပါတယ်။ ‘ကျနော်တို့ ငြိမ်းချမ်းရေးလိုချင်တယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ကျနော်တို့လိုအပ်ပါတယ်။’ - တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကလိုအပ်ချက်ဟာ ဘာလဲဆိုတော့ တည်ငြိမ်အေးချမ်းဖို့ပါပဲ။ တည်ငြိမ်အေးချမ်းမှ ကျန်တဲ့လုပ်ငန်းကို လုပ်နိုင်လိမ့်မယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ငြိမ်းချမ်းရေးရအောင်ကြိုးစားနေတယ်။ တပ်မတော်ရဲ့ပြင်းပြတဲ့ဆန္ဒကတော့ ငြိမ်းချမ်းရေးရချင်တဲ့ဆန္ဒပါပဲ။ သို့သော်လည်းပဲ အခု ကျနော်တို့သွားနေတဲ့ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းမှာ လက်နက်ကိုကိုင်ပြီးတော့မှ လိုအပ်တဲ့တောင်းဆိုမှုတွေ ပြောဆိုပြီးတော့မှ သူတို့အခွင့်အာဏာရဖို့အတွက် လုပ်ဆောင်ချက်တွေကတော့ မရှိသင့်ဘူးလို့ ကျနော်တို့ ယူဆတယ်။ ဒီမိုကရေစီထဲတော့ စည်းကမ်းဥပဒေနဲ့အညီ သွားကြ လာကြ လုပ်ကြ ကိုင်ကြရမှာဖြစ်ပါတယ်။ လက်နက်နဲ့ကိုင်ပြီးတော့ လုပ်လို့တော့ မရနိုင်ဘူးပေါ့လေ။ ဒါကြောင့်မို့လို့ ဖြစ်နေတဲ့ပြဿနာတွေအားလုံး ငြိမ်းချမ်းအောင် ကျနော်တို့ ကြိုးစားလျှက်ရှိပါတယ်။ ကျနော်နဲ့တွေ့ဆုံတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကိုလည်း ကျနော် ဒီအတိုင်းပဲ ပြောပြတယ်။ သို့သော်လည်းပဲ ကျနော်တို့ပြောထားတဲ့ ငြိမ်းချမ်းရေးမူတွေရှိတယ်။ ငြိမ်းချမ်းရေးဆိုတာလည်း ကိုယ်တစ်ယောက်တည်းလိုချင်လို့ မရဘူးဗျ။ သူတို့ကိုယ်တိုင်လည်း လိုချင်မှရမယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ ဒီလို လက်နက်ကိုင်ပြီးတော့ ဆွေးနွေးမယ်ဆိုတဲ့အစား အားလုံးက ဒီမိုကရေစီနည်းကျ နိုင်ငံရေးအရ ဖြေရှင်းကြဖို့ ဆိုလို့ရှိရင် အပစ်အခတ်ရပ်စဲရေးက ပထမဆုံးဖြစ်ရမယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ဒါပေါ့၊ ဒါပေါ့။

ဦးသန်းလွင်ထွန်း။ ။ အပစ်အခတ်ရပ်စဲဖို့ဆိုလို့ရှိရင် ကျနော်တို့ လေ့လာမိသလောက်ကတော့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ KNU ကရင်တပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ပါတယ်။ မကြာခဏဆိုသလို ရှမ်းတပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့တွေ့ပါတယ်။ ဒါပေမယ့် အခု နောက်ဆုံးဖြစ်နေတဲ့ ကချင်တပ်ဖွဲ့ ခေါင်းဆောင်ပိုင်းနဲ့တော့ တွေ့တယ်ဆိုတာ ကျနော်တို့ မကြားမိသေးဘူးခင်ဗျ။ ဒါက ဘယ်လိုအခက်အခဲများရှိနေလို့လဲ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ပထမဦးဆုံး ကရင်ပေါ့၊ ကရင် KNU ခေါင်းဆောင်ပိုင်းနဲ့တွေ့တယ်။ နံပါတ် (၁) အချက်ကတော့ ကျနော်တို့ တပ်မတော်ကနေပြောထားတဲ့ ငြိမ်းချမ်းရေးမူ (၆) ချက်ပေါ့။ ဒီထဲမှာတော့ တော်တော်လေးကို အလေးထားပြီးတော့ သူတို့ ဆောင်ရွက်တာ တွေ့ပါတယ်။ သူတို့နဲ့ပြောဆိုကြည့်တဲ့အခါမှာ တကယ်ကို ငြိမ်းချမ်းရေးလိုချင်တဲ့သဘောထားတွေ့တယ်။ ပြောရလို့ရှိရင်တော့ လူပုဂ္ဂိုလ်အရပြောရလို့ရှိရင်တော့ သူတို့ကို ကျနော် ယုံကြည်မှုရှိပါတယ်။ ရှမ်းခေါင်းဆောင်တွေနဲ့ပြောရင်လည်း ကျနော်တို့က အထူး (၄) တို့၊ အထူး (၂) တို့ခေါင်းဆောင်တွေရှိပါတယ်။ ဒီဘက်က အထူး (၁) တို့ ခေါင်းဆောင်တွေ ရှိပါတယ်။ သူတို့နဲ့လည်း ဆွေးနွေးတဲ့အခါမှာ သူတို့လည်း ငြိမ်းချမ်းရေးစိတ်ဓာတ်တွေ အများကြီးရှိတာကို ကျနော်တို့ တွေ့ပါတယ်။ ဆိုလိုတာကတော့ သူတို့နဲ့ ပြောဆိုကြည့်တဲ့အခါမှာ သူတို့ရဲ့လိုလားချက်တွေကို ကျနော်တို့က ခန့်မှန်းမိပါတယ်။ ဒါကတော့ တချက်ပေါ့-

“KIA နဲ့ကျတော့ ကျနော်တို့စပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ကာလမတိုင်ခင်ပေါ့လေ။ အဲဒီအခြေအနေပေါ့။ နောက်ပြီးတော့ ဒီဘက်အခြေအနေ ပြန်ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့ စောစောကပြောတဲ့ ငြိမ်းချမ်းရေးမူ (၆) ချက်ထဲမှာပြောထားတဲ့ တချို့အချက်အလက်တွေကို သူတို့လိုက်နာဖို့ အားနည်းတာကို တွေ့တယ်။ သူတို့အားနည်းတာတွေ့တဲ့အခါကျတော့ သူတို့နဲ့တွေ့ဖို့ကျတော့ တပ်မတော်အကြီးအကဲတစ်ယောက်အနေနဲ့ တော်တော်လေး စဉ်းစားရပါတယ်ဗျ။ ဒါလေး စဉ်းစားရပါတယ်။ တွေ့ပြီးတော့မှ ဘာမှလည်း အကျိုးမရှိဘူးဆိုရင် အဓိပ္ပာယ်မရှိပါဘူး။ သူတို့ဘက်က တကယ်ကို ငြိမ်းချမ်းရေးလုပ်ချင်တယ်၊ ပြုချင်တယ်ဆိုရင်တော့ ခုနကပြောတဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်ထဲက လိုက်နာရမယ့်၊ လိုက်နာသင့်တဲ့အချက်တွေပေါ့- အားလုံးတော့ အတိအကျလိုက်နာရမယ်လို့တော့ မဟုတ်ပါဘူးဗျာ။ ဒါပေမယ့် တတ်နိုင်သလောက် ဒါတွေ လိုက်နာပြီးတော့မှ ဆောင်ရွက်မယ်ဆိုရင် အပြုသဘောဆောင်တဲ့လုပ်ဆောင်ချက်တွေ ပေါ်လာပါလိမ့်မယ်။ ဒါဆို သူတို့အပေါ် ယုံကြည်မှုတွေ ရှိလာမှာပေါ့။ ကျနော်တို့အနေနဲ့ အခု ဖြစ်ပျက်နေတဲ့ အပစ်အခတ်နဲ့ပတ်သက်ပြီး အခုနက ခင်ဗျားမေးတဲ့အထဲမှာ တချက်ပါတယ်။ ပြီးခဲ့တဲ့ (၁၉) ရက်နေ့ပေါ့နော်၊ ဒီမတိုင်ခင် အခြေအနေတွေကို ပြန်ပြီး နည်းနည်း ပြန် ပြောပြချင်တယ်။ အဲဒီတော့ သမ္မတကြီးက ကျနော်တို့ကို လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးတော့ သွားကို မတိုက်ဖို့ ပြောထားတာ ရှိပါတယ်။ သွားမတိုက်ပါဘူး။ ယနေ့တိုင်အထိ သူတို့ရဲ့စခန်းတွေကို တိုက်တာ၊ ပြုတာ၊ ဌာနချုပ်တွေပေါ့၊ သူတို့ကို တရားဝင်ပေါ့ ပေးထားတဲ့နေရာတွေကို ကျနော်တို့ တိုက်တာ ပြုတာမရှိဘူး။ ဒါပေမယ့်လည်း ကျနော်တို့အပေါ်မှာ လာပြီးတော့ သွေးတိုးစမ်းပြီး တိုက်တာ၊ ပြုတာ၊ ပစ်တာ၊ ခတ်တာတွေတော့ ရှိတယ်။ သူတို့ဘက်ကရှိတော့ တခါတလေတော့ လက်တုံ့ပြန်ရတာတွေ ရှိပါတယ်။ ဒါတွေတော့ရှိတယ်။ သမ္မတကြီးက မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်အရ တိုက်ပါလို့ ပြောတယ်။ ခုခံပိုင်ခွင့်ဆိုတာမှာ အဆင့်တွေ အများကြီးရှိတယ်ဗျ။ စစ်ရေးအမြင်တခုအရ ပြောရလို့ရှိရင် ခုခံပိုင်ခွင့်ဆိုတာ မလှုပ်နိုင်အောင် လုပ်ရတဲ့အဆင့်အထိ ကျနော်တို့ လုပ်ရတာတွေ ရှိပါတယ်။ ဒီအဆင့်ကိုကျတော့ တော်တော်လေး ထိန်းထိန်းသိမ်းသိမ်းလုပ်ရပါတယ်။ တွေ့မှတိုက်တာထက်စာရင် မတွေ့ခင်မှာ မလုပ်နိုင်အောင် တားရတာတွေလည်း အဆင့်ဆင့်ရှိတယ်ဆိုတာ ကျနော်ပြောချင်တယ်။ အဲဒီတော့ စောစောက ပြောသလိုပေါ့၊ သူတို့အနေနဲ့ မကြာခဏလာလာပြီး ပစ်ခတ်နှောင့်ယှက်တဲ့အခါကျတော့ ကျနော်တို့က မလုပ်ဖို့ ပြောတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ လာပြီး ပစ်တာလေးတွေ ရှိပါတယ်။

“စောစောကပြောတဲ့ (၁၉) ရက်နေ့ဖြစ်စဉ်ဆိုရင်လည်း ကျနော်တို့ကိုလာပြီး ပစ်တဲ့ဖြစ်စဉ် ဖြစ်လာတဲ့အတွက်ကြောင့် သတိပေးပါတယ်။ မလုပ်ပါနဲ့လို့ ထပ်ပြောတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ (၁၉) ရက်မတိုင်ခင်က ဖြစ်တဲ့ဖြစ်စဉ်ပေါ့။ တပ်မတော်ဘက်က အကျအဆုံးတွေ ရှိခဲ့သလား။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ရှိတယ်။ ရှိပါတယ်။ အများကြီးပါဗျာ- ဒါတွေပြောမယ်ဆိုရင် ပြန်ဆွသလိုဖြစ်မှာစိုးလို့ တော်ရုံတန်ရုံ ကျနော်ပြောခဲပါတယ်။ တပ်မတော်နဲ့ဖြစ်တယ်လို့ ကျနော် တော်တော်သည်းခံပြီးနေတယ်။ ကျနော် ပြောလိုက်လို့၊ ပြောစရာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကျနော် မပြောဘူး။ မပြောဘဲနဲ့ ကိုယ်ရအောင်ပဲ အောက်ခြေချင်းပဲ ရအောင် ဖြေရှင်းပါတယ်။ တချို့ဟာတွေမှာ တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ သို့သော် ကျနော်တို့ ကြိတ်မှိတ် သည်းခံပြီးတော့မှ ငြိမ်းချမ်းရေးမပျက်ချင်တဲ့စိတ်နဲ့ လုပ်တာပါ။ သတိပေးပါတယ်။ မလုပ်ကြပါနဲ့၊ ကျနော်ကိုယ်တိုင်လည်း သက်ဆိုင်ရာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို ကျနော် လှမ်းပြောတယ်၊ မင်းတို့ ပြောပါ၊ သေချာ နားလည်အောင်ပြောပါ၊ ဒါတွေ မလုပ်ကြဖို့၊ ငြိမ်းချမ်းရေးတကယ်လိုချင်လို့ရှိရင် အဓိကကတော့ ပစ်ခတ်မှုတွေလုံးဝမရှိအောင်ထိန်းဖို့တော့ လိုတာပေါ့။ အနည်းဆုံးတော့ ပစ်ခတ်မှုထိန်းမှသာ လုံခြုံမှုဆိုတာ ဖြစ်လာလိမ့်မယ်။ ဒီလိုမဖြစ်အောင် နှစ်ဦးနှစ်ဘက်လုံးက လုပ်ဖို့တော့ လိုမယ်လေ။ ဒါကြောင့်လည်း ကျနော်တို့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်နေတယ်ဆိုတာ ကျနော် ပြောလိုတာပေါ့။

ဦးသန်းလွင်ထွန်း။ ။ ဆိုတော့… ဗိုလ်ချုပ်မှူးကြီးပြောသလိုပဲလေ၊ တဘက်နဲ့တဘက် အပြန်အလှန်ပစ်ခတ်မှုတွေ၊ ထိတွေ့မှုတွေ၊ ကျဆုံးမှုတွေ၊ အထိအခိုက်တွေရှိတယ်ဆိုတာလည်း ကျနော်တို့ နားလည်ပါတယ်။ ဘယ်သူမှန်တယ်။ ဘယ်ဝါမှန်တယ်ဆိုတဲ့ သဘောမဟုတ်ဘူးဆိုပေမယ့် အခု ထပ်ပြီးမေးချင်တဲ့ကိစ္စက- ဗိုလ်ချုပ်မှူးကြီး ရှင်းပြတဲ့အထဲမှာလည်း နည်းနည်းတော့ ပါပါတယ်။ အခု (၁၉) ရက်နေ့ ဖြစ်စဉ်ကတော့ နှစ်ဘက်အဖွဲ့တွေကြား ထိတွေ့တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့နေရာနဲ့ တော်တော်လှမ်းတဲ့နေရာ၊ သူတို့ရဲ့ဌာနချုပ် အတွင်းပိုင်းအထိ ရောက်နိုင်နေတဲ့အနေအထားဆိုတော့- ဒါက.. ဒီလို နှစ်ဘက် ဒီလို ကိုယ့်ကိုကိုယ် ခုခံပိုင်ခွင့်ဆိုတဲ့ ဘောင်ကိုကျော်နေသလား၊ ဒီလိုဖြစ်လာတဲ့အတွက် တဘက်ကရော ဒီဘက်အတွင်းပိုင်းနယ်ဘက်ကို ပြန်လှန်တိုက်ခိုက်မှုတွေလုပ်လာဖို့ ဖိတ်ခေါ်သလိုများ ဖြစ်မနေဘူးလား။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ သူတို့ဘက်ကတွေးရင်လည်း ဒီလိုတွေးရင်တွေးမှာပေါ့။ ကျနော်တို့ဘက်က ဒီလိုမတွေးဘူးဗျ။ ကျနော်တို့က သူတို့ကို သတိပေးမယ်လို့ ပြောထားတယ်။ သတိပေးပစ်ခတ်တာပေါ့။ ကျနော်တို့မှာတော့ မင်းတို့ကို ငါတို့ ပစ်ပြီဆိုရင်တော့ ပြန်ပြီးသတိပေးတဲ့ ပစ်ခတ်မှုပါ။ သူတို့ ဘယ်နေရာကပစ်မှန်းတောင် မသိပါဘူး။ သူတို့ကို မေးလိုက်လို့ရှိရင် ဥပမာ အကြောင်းတခုခုပြောလိုက်ရင် - ‘ကျနော်တို့အောက်က ပစ်တာ၊ ကျနော်တို့ မသိပါဘူး၊ စိစစ်ပါအုံးမယ်။’ဆိုတာလေးပဲ သူတို့ပြောပါတယ်။ တခါတခါကျရင် သူတို့လူတွေသူတို့၊ ကျနော်တို့လူတွေကို ကျနော်တို့ ပြောလို့မရပါဘူးဆိုတဲ့ အဖြစ်မျိုးလည်း ရခဲ့တဲ့ဟာလည်း ရှိပါတယ်။ အဲဒီတော့ စောစောကဖြစ်တဲ့ လမ်းဖောက်လုပ်ရေးလုပ်ငန်းမှာဖြစ်တဲ့ ဖြစ်စဉ်နဲ့ ဒီဘက်ကဖြစ်တဲ့ဖြစ်စဉ်နဲ့ ဝေးတယ်လို့ ပြောတဲ့အခါမှာ ကျနော်တို့အနေနဲ့ကတော့ တနယ်ကဖြစ်ပြီဆိုရင်တော့ သူတို့ဖြစ်နိုင်တဲ့နေရာတွေပေါ့။ အသိပေးနိုင်မယ့်နေရာတွေကို သတိပေးပစ်ခတ်မှုတွေလုပ်တာပေါ့။ ဒါကြောင့်လည်း ဒီလိုမျိုး သတိပေးပစ်ခတ်မှုဆိုတာ ဖြစ်တယ်ဆိုတာပဲ ပြောလို့ရပါတယ်။ ဝေးတာ မဝေးတာတော့ ကျနော်တို့ မသိဘူးပေါ့လေ၊ ဒါပေမယ့် သူတို့သိအောင်တော့ အသိပေးရတာပေါ့။ စစ်ရဲ့သဘောတရားမှာတော့ဗျာ-အများကြီးရှိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အခုလောလောဆယ်ကတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးကို ဦးဆောင်ပြီး ညှိနှိုင်းနေတာက ငြိမ်းချမ်းရေးဖော်ဆောင်ရေး စင်တာပေါ့နော်။ MPC - ဒီအဖွဲ့တွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ဆွေးနွေးတာတွေ၊ ပြောဆိုတာတွေ၊ ညှိနှိုင်းတာတွေရှိပါတယ်။ ရှိပေမယ့်လည်း တခါတခါကျလို့ရှိရင် ထိတွေ့မှုတွေက ဆက်တိုက်ဖြစ်နေပြီးတော့ သူတို့ရဲ့ညှိနှိုင်းမှုတွေ မအောင်မြင်တတ်တဲ့ ပုံစံမျိုးတွေ ကျနော်တို့ ကြားရတယ်လေ။ အဲဒီတော့ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးစင်တာရဲ့ လုပ်ငန်းစဉ်တွေနဲ့ ဘယ်လောက်ထိများ ပူးပေါင်းဆောင်ရွက်မှုရှိသလဲဆိုတာကို သိပါရစေ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ MPC ကနေ လုပ်နေတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီရှိပါတယ်။ ရုံးတွေရှိပါတယ်။ သူတို့လုပ်တာနဲ့ ပတ်သက်ပြီး ကျနော်တို့အနေနဲ့လည်း ငြိမ်းချမ်းရေးအောင်မြင်ချင်တဲ့အတွက်ကြောင့် ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ တပ်မတော်က အရာရှိကြီးတွေ၊ အခါအားလျော်စွာလုပ်တဲ့ အစည်းအဝေးတွေမှာ ကျနော် မပျက်မကွက်တက်ပြီး ပြောသင့်ပြောထိုက်တဲ့အချက်တွေ ကျနော်တို့ပြောတာပေါ့။ သူတို့လည်း သူတို့နည်းလမ်းပေါင်းစုံနဲ့ သူတို့ ကြိုးစားတာပဲ။ တချို့လည်း အလျှော့ပေးတာတွေ လျှော့ပေး၊ တချို့လည်း ညှိညှိနှိုင်းနှိုင်းလုပ်တာတွေ ကျနော်တို့ တွေ့ပါတယ်။ တချို့ဟာတွေလည်း ကျနော်တို့ လက်ခံနိုင်တာတွေရှိတယ်။ တချို့ဟာတွေကျတော့လည်း စောစောကပြောသလို ကျနော်တို့က အမျိုးသားနိုင်ငံရေးကိုကြည့်တော့ တိုင်းပြည်ရဲ့အခြေအနေကို ချိန်ဆပြီးတော့မှ ကြည့်တဲ့အခါကျတော့ တခါတလေကျ အံမဝင် ခွင်မကျတဲ့ အချက်အလက်လေးတွေ ရှိတတ်တယ်။

ဦးသန်းလွင်ထွန်း။ ။ ဘယ်လို အချက်အလက်မျိုးကို လက်မခံနိုင်တာလဲ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ သူတို့တောင်းဆိုတာ - ဥပမာ လက်နက်ကိုင်နဲ့ပတ်သက်တဲ့ဟာလေးတောင်းဆိုတာတွေ ရှိတယ်။ နယ်မြေနဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောရခင် သူတို့ပြောတာလေးတွေရှိတာပေါ့။ နောက်ပြီး လုပ်ပိုင်ခွင့် တောင်းတာတွေ ရှိတာပေါ့။ ဒါတွေကျတော့လည်း တချို့ဟာတွေ မလိုက်လျှောနိုင်တဲ့ဟာတွေကျတော့ မလိုက်လျှောနိုင်တဲ့ဟာတွေလည်းရှိတယ်။ အဲဒါကြောင့် ဥပဒေအရ သွားကြမှ ဖြစ်တာပေါ့။ ကျနော် စောစောကပြောသလိုပေါ့၊ ကျနော်တို့က ပါတီစုံ ဒီမိုကရေစီစနစ်ကို သွားနေတယ်၊ ဥပဒေအရပဲ သွားကြဖို့၊ ဥပဒေအရ သူလိုချင်တဲ့ဟာလေးတွေ တောင်းပေါ့ဗျာ၊ ဒီလိုတော့ မဟုတ်ဘူး၊ သူတို့က- တချို့ဟာတွေကျတော့လည်း တောင်းဆိုမှုလေးတွေ နည်းနည်း များတာပေါ့။ အဲဒါလည်း ကျနော်ထင်ပါတယ်။ သူတို့က စိုးရိမ်မှုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စိုးရိမ်မှုကို မရှိအောင် ကျနော်တို့ကလုပ်ပြဖို့လည်း - နှစ်ဦးနှစ်ဘက်ကတော့ လုပ်ဖို့တာဝန်ရှိတာပေါ့။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ဒါကတော့ MPC နဲ့ပတ်သက်ရင်တော့ ကျနော်တို့လည်း အောင်မြင်အောင်တော့ လုပ်စေချင်တယ်။ တိုင်းပြည်ငြိမ်းချမ်းဖို့ကတော့ သိပ်အဓိကကျတာပေါ့၊ သိပ်အဓိကကျပါတယ်။ တိုင်းပြည်မငြိမ်းချမ်းဘဲနဲ့ကတော့ ရှေ့ဆက်တိုးဖို့ဆိုတာတော့ အရှိန်ကတော့ နှောင့်နှေးနေမှာပဲ။ သွားတော့သွားမှာပဲ။ မသွားဘူးမဟုတ်ဘူး၊ ကျနော်တို့လည်း သွားနေမှာပဲ၊ လျှောက်နေမှာပဲ။ သို့သော်လည်း တလှမ်းလှမ်းမယ့် အပြည့်လှမ်းမယ့်နေရာမှာ အပြည့်မလှမ်းနိုင်ဘူး၊ အလှမ်းဝက်လောက် လှမ်းနိုင်တဲ့အခြေအနေမျိုး၊ လေးပုံသုံးပုံလောက်လှမ်းနိုင်တဲ့အခြေအနေမျိုးဖြစ်တဲ့ဟာမျိုး ကျနော်တို့ ကြုံနေရတာပေါ့။ အခုဖြစ်နေတာကတော့-

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အခု ကျနော်တို့သတိထားမိတဲ့အချက်ကတော့ ဒီလို ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးနေရင်းနဲ့ တချို့ရင်ဆိုင်တိုက်ခိုက်မှုလေးတွေ၊ ထိတွေ့မှုလေးတွေဖြစ်တယ်ဆိုလို့ရှိရင် ပြည်သူတွေအနေနဲ့ရော ကျနော်တို့သတင်းဌာနတွေအနေနဲ့ပါ တိတိကျကျ သတင်းအချက်အလက်တွေ မရတာတွေရှိပါတယ်။ အထူးသဖြင့်တော့ တပ်မတော်ဘက်ပိုင်းက ထုံးတမ်းစဉ်လာအရ ထုတ်ပြန်လေ့သိပ်မရှိဘူး။ အခုနောက်ပိုင်းမှာတော့ သတင်းထုတ်ပြန်ရေးအဖွဲ့ လုပ်ဆောင်လာပြီးတော့ သတင်းလေးတွေပေးလာတာ တွေ့ရပါတယ်။ ဒီဟာနဲ့ပတ်သက်လို့တော့ ကျနော်တိုက်တွန်းချင်တာကတော့ သတင်းများများ၊ ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးပါဆိုတာကိုပဲ တိုက်တွန်းချင်ပါတယ်။ တပ်မတော်လိုပဲ ပြည်သူလူထုကလည်း ငြိမ်းချမ်းရေးကိုလိုလားတယ်။ ဖြစ်စဉ်ကို အမှန်အတိုင်း တိတိကျကျနားလည်ချင်တဲ့ဆန္ဒ အားလုံးမှာ ရှိကြတယ်ဆိုတော့ ဘက်ပေါင်းစုံကကြားရင် ပိုကောင်းပါတယ်။ အဲဒါလေးတချက် ပြောပါရစေ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ ။ သတင်းပေ့ါလေ- သတင်းဆိုတာလည်း အားလုံးပြောတိုင်းလည်း သိပ်ကောင်းတာတော့ မဟုတ်ဘူး။ တချို့ဟာကျတော့လည်း ဖိအားပေးသလို ဖြစ်ပါတယ်။ တခါတလေကျတော့လည်း အဲဒါကြီးကို ပုံဖော်ပြီးတော့မှ ပုံကြီးချဲ့တဲ့ဟာမျိုးလည်း ဖြစ်တတ်ပါတယ်။ သတင်းဌာနတွေကလည်း သူတို့ရဲ့ရှုဒေါင့်ကနေ သူတို့ရေးကြတာကိုး၊ ရေးတဲ့အခါကျတော့လည်း ကောင်းတဲ့ဘက်ကနေ ရေးလိုက်ရင် တမျိုးပေါ့။ အဲလိုမဟုတ်ဘဲနဲ့ သူတို့အယူအဆ လွဲမှားပြီးတော့- သူတို့လည်း ရိုးရိုးသားသားဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျနော်တို့က မစွပ်စွဲပါဘူး။ ရိုးရိုးသားသားဆိုပေမယ့်လည်း သူတို့ရှုဒေါင့်က တမျိုးမြင်ပြီးတော့မှရေးတဲ့အခါကျလို့ရှိရင် ပဋိပက္ခ ပိုပြီးကြီးမားတဲ့အသွင်ကို ဆောင်သွားတတ်တယ်။ ဒါကြောင့် သူတို့ဘက်က ဘယ်လောက်ပဲဘာပြောပြော၊ ကျနော်တို့အနေနဲ့ကတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်တယ်။ သိပ်ပြီးတော့မှ ထိခိုက်တယ်ဆိုလို့ရှိရင် ကျနော်တို့က သတင်းထုတ်ပြန်ပေးတာပေါ့။ ဒါ ကျနော်တို့ရဲ့ အရိုးခံစိတ်ပါပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ပဋိပက္ခကို ပိုမကြီးထွားစေချင်လို့သာ ကျနော်တို့ပြောတာပါ။

ဦးသန်းလွင်ထွန်း။ ။ မှန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ။ တချို့ဆိုရင် လူတွေရှိတယ်ဗျ။ ကျနော်တို့ဆီမှာလည်း လူမှုကွန်ယက်တွေကနေပြီးတော့ ပြောတာတွေ ရှိတယ်။ မခံနိုင်လို့ပြောတဲ့ဟာတွေလည်းရှိတယ်။ ဒါတွေလိုက်ပြီးပြီးတော့ သူတို့ပြောထားတဲ့အတိုင်း ကျနော်တို့လိုက်လုပ်ပေးနေမယ်ဆိုလို့ရှိရင် ပိုပြီးတော့ ကြီးသထက်ကြီး၊ ကြီးသထက်ကြီး- ကျနော်တို့က အောက်မှာ အနည်းဆုံး Low Porfile ဖြစ်အောင်၊ အတတ်နိုင်ဆုံး၊ သူတို့ကိုလည်း အတတ်နိုင်ဆုံး ဒီဟာနဲ့ပတ်သက်ပြီးတော့ tension ကျအောင် ကျနော်တို့က လုပ်တယ်။ tension မြင့်အောင် ကျနော်တို့မလုပ်ချင်ဘူး။ ကျနော့်ရဲ့စိတ်ကတော့ ဒီအတိုင်းပဲရှိတယ်။

ဦးသန်းလွင်ထွန်း။ ။ သတင်းသမားတွေကြားထဲမှာရော၊ လူထုကြားထဲမှာရော အဓိက-ကတော့ ရနိုင်တဲ့အချက်အလက်ကနည်းလေလေ၊ ခန့်မှန်းယူဆချက်တွေနဲ့ သံသယတွေက ကြီးလေလေပါပဲ။ ဒါလေးရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ကျနော် ဒါလေး သဘောပေါက်ပြီ။ ကျနော် ပြောသင့်တဲ့အချက်လေးတွေ နောက်ပိုင်းလည်း ကျနော်ပြောပါတယ်။ အရင်ကတော့ တော်တော်လည်း ထိန်းထိန်းသိမ်းသိမ်းလုပ်တယ်ဗျ။

ဦးသန်းလွင်ထွန်း။` ။ အဲဒီတော့ ငြိမ်းချမ်းရေးမှာပဲ အခု ဗိုလ်ချုပ်မှူးကြီးလည်း စောစောက တော်တော်လေးရှင်းပြခဲ့ပါတယ်။ ဒီ်နေရာမှာ တိုင်းရင်းသားတွေက ပြောတဲ့အချက်တွေထဲမှာ တိုင်းရင်းသားတွေက ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်ဆိုတဲ့ စကားလုံး အသုံးအနှုန်းလေးတွေကို မကြာခဏတွေ့ပါတယ်။ တောင်းဆိုချက်တွေ ပြင်းပြင်းထန်ထန် ရှိပါတယ်။ တပ်မတော်အနေနဲ့ ဒီအချက်တွေကို ကြားထဲမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တပ်မတော်နဲ့ကြားမှာ ဘာများကွဲလွဲမှုရှိလဲ။ ဖက်ဒရယ်-ဆိုတဲ့ စကားလုံး စကားရပ်တွေကြားမှာ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ အင်း…ပြဿနာကတော့ ဖက်ဒရယ်ရဲ့ definition ပေါ့။ အဲဒီတော့ အရင် ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောသွားတာတွေ ရှိတယ်။ ယူနီယံတို့၊ ဖက်ဒရယ်တို့ ပြောတာစကားရှုပ်ပါတယ်ကွာ-တဲ့။ wording ကတော့ ကျနော် အတိအကျ မဟုတ်ဘူးပေါ့နော်၊ အဲဒီသဘောပေါ့- ရှုပ်တယ်၊ တို့ မြန်မာလိုပဲ ပြည်ထောင်စုပဲ ခေါ်တာကောင်းတယ်ဆိုပြီးတော့ ပြည်ထောင်စုဆိုတဲ့အသုံးအနှုန်းလေး သူစခဲ့တာပါ။ ဒီစကားလုံးလေး ကျနော်တို့ မှတ်သားမိဖူးပါတယ်။ အရေးကြီးတာတော့ ဖက်ဒရယ်တို့၊ ပြည်ထောင်စုတို့ အဓိပ္ပာယ်လိုချင်တာ လျှောက်ဆွဲထုတ်မယ့် အစား တကယ်တော့ ကျနော်တို့ တိုင်းရင်းသားအားလုံးစုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ နေဖို့အတွက်ပေါ့လေ၊ ဒီလိုဆိုချင်ပါတယ်။ သူတို့ပြောနေတဲ့ ဖယ်ဒရယ်ဆိုတာကတော့ သူတို့ရဲ့ ဖယ်ဒရယ် UNFC ရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရေးထားတဲ့အချက်အလက် နောက် သူတို့ရေးထားတဲ့ အချက်အလက်၊ နောက်သူတို့ပြောတဲ့ ပြောမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့တော့မတူဘူး၊ ကွဲပြားမှုရှိနေတာကို သွားတွေ့တယ်။ ခုနကပြောတဲ့ဖယ်ဒရယ် ပြည်ထောင်စုတပ်မတော်ပေါ့ ။ ဖယ်ဒရယ် ယူနီယံအာမီပေါ့ FUA ပေါ့၊ ဖယ်ဒရယ် ယူနီယံအာမီကလည်း သူတို့ ဖွဲ့ဖို့အတွက် ဖွဲ့ထားတာ၊ အဲ့ဒီခုနက ဖယ်ဒရယ် ပြည်ထောင် - UNFC ထဲမှာ ပါပါတယ်။ ဒီလိုသာဆိုလို့ရှိရင် ကျနော်တို့ဆီမှာလည်း တပ်မတော်ရှိတာပေါ့၊ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာတော့ အမျိုးသားတပ်မတော်ဆိုတာ ရှိတယ်၊ ကျနော်တို့ဆီမှာ ဆို ကျနော်တို့ တပ်မတော်ပေါ့၊ ဘယ်နိုင်ငံမှာ ကြည့်ကြည့် အမျိုးသားတပ်မတော်ဆိုတာ တစ်ခုပဲ ရှိတယ်၊ နှစ်ခု သုံးခု အပြိုင်ဖွဲ့ထားတာ ဘယ်မှာမှ မရှိဘူး။ Even အမေရိကန်လည်းမရှိဘူး၊ အိမ်းနီးနားချင်း အိန္ဒိယလည်း မရှိဘူး၊ တရုတ်လည်းမရှိဘူး၊ ထိုင်းလည်းမရှိဘူး၊ ဘင်္ဂလားဒေ့ရှ်လည်း မရှိပါဘူး၊ ဒါ နိုင်ငံတကာ စံနှုန်းနဲ့ ကြည့်မယ်ဆိုရင်ပေါ့၊ ကျနော်တို့တပ်မတော်ပေါ့၊ ကျနော်တို့ တပ်မတော်ဟာ တိုင်းရင်းသားအားလုံးနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်ဖြစ်ပါတယ်၊ အရာရှိထဲမှာဆိုရင် (၄၅၀၀) တိုင်းရင်းသားအရာရှိတွေဖြစ်ပါတယ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်အထိ ရှိတယ်၊ ကျွန်တော်ကိုယ်တိုင်ပင်လျှင် ထားဝယ်က ဖြစ်ပါတယ်။ မိဘတွေက ထားဝယ်က ဖြစ်ပါတယ်။ အဲ ကျွန်တော်က မြန်မာစိတ်ရှိပါတယ်။ မြန်မာစိတ်ပါပဲ။ အဲ့တော့ ဒီ နေရာမှာလည်း စောစောကပြောတဲ့ ဖက်ဒရယ် တပ်မတော်တပ်မတော်လို့ပြောရင် ကျနော်တို့ တပ်မတော်မှာလည်း စစ်မှုထမ်းတဲ့ စဉ်းမျဉ်းစဉ်းကမ်းတွေရှိတယ်၊ မည်သည့်တိုင်းရင်းသားမဆို ၁၈ နှစ်ပြည့်ပြီးတဲ့ မိမိသဘောဆန္ဒအလျှောက်ပြည့်တဲ့ ၊ ဆန္ဒအလျှောက် တာဝန်ထမ်းဆောင်တဲ့ ၁၈ နှစ်ပြည့်တယ်၊ ကျန်းမာသန်စွမ်းတဲ့သူဆိုရင်တော့ တပ်မတော်က စံချိန် သတ်မှတ်ထားချက်တော့ ရှိတာပေါ့ဗျာ၊ ၁၃ ချက်ပေါ့၊ ၁၃ ချက်နဲ့ ကိုက်ညီမယ်၊ ကိုယ်တိုင်ဆန္ဒပြုမယ်၊ အသက် ၁၈ နှစ် ပြည့်ပြီးမယ် အဲ ဆိုလို့ရှိရင်တော့ မည်သည့် တိုင်းရင်းသားမဆို တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်ပိုင်ခွင့်ရှိပါတယ်။ အဲလုပ်လို့လည်းရပါတယ်၊ စစ်မှုထမ်းစည်းမျဉ်စဉ်းကမ်းနဲ့ ပေါင်းမယ်ဆိုရင် ဒါ အများကြီးဖြစ်တာပေါ့၊ အဲ့တော့ ဒီမှာတင် သူတို့နဲ့ ကျနော်တို့က နည်းနည်းလေး သဘေားထားလေးတွေ မတူတာလေးတွေဖြစ်လာတာပေါ့၊ အရင်တုန်းက ကျနော်တို့ဆီမှာလည်း တိုင်းရင်းသားတပ်တွေရှိပါတယ်။ ဥပမာ အရင် ဗမာ့ သေနတ်ကိုင်တပ်ရင်းတို့၊ ရှမ်းသေနတ်ကိုင်တပ်ရင်းတို့၊ ချင်းသေနတ်ကိုင်တပ်ရင်းတို့၊ အရင်က လွပ်လပ်ရေးမရခင်က ကျနော်တို့ လွပ်လပ်ရေးရတဲ့အချိန်မှာတပါတည်း ပါလာတဲ့ တပ်တွေရှိတယ်။ ဒါတွေလည်း အခက်အခဲတွေ အများကြီးကြုံရတယ်။ ဒါကြောင့်လည်း လူကြီးတွေက အရင်တပ်မတော် အကြီးအကဲတွေက ဒါလေးတွေကို နံပါတ်တစ်အရ လူတွေကိုပြောင်းလဲ ဖွဲ့စည်းတာပေါ့၊ တခါ ခြေလျှင် ခြေမြန်တွေနဲ့ နံမည်ပြောင်းပြီးတော့ တပ်မတော်ပုံစံတခုတည်းနဲ့ ပြောင်းခဲ့တာဖြစ်ပါတယ်။ တပ်မတော်ဆိုတာကတော့ စည်းစည်းလုံးလုံးရှိမှဖြစ်မယ်။ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့အတွက် တပ်မတော်ဆိုတာ ကွဲနေလို့ မရဘူး။ ဒါကြောင့် စုစည်းညီညွတ်တဲ့ တပ်မတော်တခုဘဲ ရှိဖို့သင့်တယ်လို့ ကျနော်တို့ ယူဆတယ်။

ဦးသန်းလွင်ထွန်း။ ။ အခုတော့ လက်ရှိတပ်မတော်အနေနဲ့က ပြောရမယ်ဆိုလို့ရှိရင် ပြည်ထောင်စုတပ်မတော်၊ ဒါပေမယ့်လည်း တဘက် အသုံးအနှုန်း အနေနဲ့ဆိုလို့ရှိရင် ဖက်ဒရယ်တပ်မတော်ဆိုတဲ့သဘောမျိုး ပြောနိုင်ပါသလား။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ဒီလိုပါပဲ။ ဒီအဓိပ္ပာယ်ပါပဲ။ ပြည်ထောင်စုတပ်မတော်ပါပဲ။ တိုင်းရင်းသားအားလုံး - ကျနော်တို့ကောက်နုတ်ထားတဲ့ စာရင်းမှာဆိုရင် တိုင်းရင်းသားအားလုံးရှိတယ်။ တပ်မတော်ထဲမှာ တိုင်းရင်းသားအားလုံးရှိတယ်။ တချို့လည်းကပြား၊ တချို့လည်း တိုင်းရင်းသား စစ်စစ်တွေ ရှိပါတယ်။ လက်ရှိလည်း တပ်သားကနေစပြီးတော့ အရာခံဗိုလ်အထိ အခြားအဆင့်ပေါ့။ ရှိတယ် ။ အရာရှိဆိုလို့ရှိရင်လည်း စောစောက ပြောသလို အရာရှိငယ်ကနေ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တိုင်းရင်းသားတွေရှိတယ်ဆိုတာ ပြောလိုတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲတော့ ပြည်ထောင်စုတပ်မတော်အနေနဲ့ ပြည်ထောင်စုကြီးတရပ်လုံးကိုကာကွယ်ပေးရမယ့် အခွင့်အရေး၊ ကိစ္စတွေကို လုပ်ဆောင်နေတယ်ဆိုတာ ကျနော်တို့လည်း နားလည်ပါတယ်။ ဒါပေမဲ့နိုင်ငံတကာမှာတော့ မြန်မာနိုင်ငံရဲ့ တပ်မတော်နဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြနေတဲ့အချက်ထဲမှာ အခြားအရေးကြီးဆုံး နောက်တခုရှိပါတယ်။ အဲဒါက တပ်မတော်နဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေပါ။ အထူးသဖြင့်တော့ တပ်မတော်အနေနဲ့ တိုက်ပွဲတွေရင်ဆိုင်နေရတဲ့အနေအထားဆိုတော့တိုက်ပွဲဒေသတွေမှာဆိုရင် လူ့အခွင့်အရေး ကျူးလွန် ဖောက်ဖျက်မှုတွေ ရှိတယ်ပေါ့နော်။ အဲဒါအပြင် ကလေးစစ်သားစုဆောင်းမှုတွေရှိခဲ့တယ်။ ဒါတွေကတော့ ကလေးစစ်သားစုဆောင်းမှုကိစ္စမှာတော့ ဗိုလ်ချုပ်မှူးကြီးတို့အနေနဲ့ ပြုပြင်စရာတွေပြုပြင်ပြီးတော့ ကလေးစစ်သား မဖြစ်အောင်ကာကွယ်နေတဲ့ အကြောင်းအရင်းတွေတော့ ကျနော်တို့လည်း ကြားပါတယ်။ ဒါပေမယ့် တခြားနယ်စပ်ဒေသတွေမှာဖြစ်နေတဲ့ လူ့အခွင့်အရေးဖောက်ဖျက်မှု၊ သတ်ဖြတ်ကျူးလွန်မှု၊ သူတို့စွပ်စွဲတဲ့ အဓမ္မမှု၊ ဒီလုပ်အားပေး စေခိုင်းမှု ဒီကိစ္စတွေနဲ့ပတ်သက်လို့ကတော့ ပြောဆိုစွပ်စွဲသံတွေကြားနေရဆဲခင်ဗျာ။ အဲဒါနဲ့ပတ်သက်လို့ရော ဗိုလ်ချုပ်မှူးကြီးရဲ့လမ်းညွန်မှုက ဘယ်လိုရှိလဲ။ ဘယ်လိုဖြေရှင်းဖို့ အစီအစဉ်တွေရှိလဲဆိုတာ သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ အင်မတန်ကောင်းတဲ့ မေးခွန်းတခုလို့ ပြောရမယ်။ ဒါကျနော် နည်းနည်း ရှင်းပြချင်တာပေါ့။ ကျနော်တို့ တပ်မတော်သားဆိုတာ မ-တထောင်သားဖြစ်ပါတယ်။ စည်းကမ်းမဖောက်ဘူးလို့ ကျနော်မပြောလိုပါဘူး။ ရှိကောင်းရှိနိုင်တာပေါ့။ သို့သော် စည်းကမ်းကိုတော့ တော်တော်လေး ထိန်းသိမ်းထားတာပေါ့။ ကျနော်တို့မှာလည်း အမိန့်နဲ့ညွန်ကြားချက်တွေရှိပါတယ်။ နောက် (၁၉၅၉) တပ်မတော် အက်ဥပဒေ ဆိုတာရှိတယ်။ စည်းကမ်းတွေဖောက်ဖျက်ရင် အရေးယူတဲ့ဟာတွေရှိတယ်။ နောက် ကျနော်တို့ရဲ့ပြစ်ဒဏ်-အပြစ်ပေးတဲ့အခါမှာလည်း နယ်ဖက်ဆိုင်ရာအပြစ်ပေးတာထက် ကျနော်တို့ကပိုပြီး ပြင်းထန်တယ်။ ပိုကြီးပါတယ်။

“ဥပမာ လူသတ်မှုတခုဖြစ်တယ်ဆိုရင် သူတို့ဆီမှာ အခြေအနေအချိန်အခါပေါ်မူတည်ပြီး နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ်၊ ငါးနှစ်နဲ့ ပြီးကောင်းပြီးသွားနိုင်တာပေါ့။ ကျနော်တို့ဆီမှာကျတော့ မရဘူး။ များသောအားဖြင့် ခုနှစ်နှစ်၊ ဆယ်နှစ်။ တချို့ဆိုရင်သေဒဏ်ထိ ပေးပါတယ်။ အခုနကပြောတဲ့ နယ်ဖက်နဲ့ပတ်သက်ပြီး ပြစ်မှုဖြစ်နေတဲ့ ကိစ္စတွေပေါ့။ ဥပမာဖြင့် ပြောရလို့ရှိရင် သေမှုတွေ၊ လူသေတဲ့ကိစ္စရှိတယ်၊ လူသတ်တဲ့ကိစ္စရှိတယ်၊အဓမ္မပြုကျင့်တဲ့ကိစ္စတွေ ကျနော်တို့ကပဲ သေ၊ သတ်၊ ကျင့် ဆိုတာဟာ မျိုးပြောကြတာပေါ့။ ဒါနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်အရေးယူတာတွေရှိတယ်။ တချို့အရပ်ဖက်မှာ ဖြစ်တဲ့ကိစ္စဆိုရင်တပ်မတော်ပိုင်းဆိုင်ရာ တရားစီရင်မှုပြီးတာနဲ့ ကျနော် နယ်ဘက်ကိုလွဲှပေးလိုက်တာပေါ့။ ဒါတွေလည်း အများကြီးရှိပါတယ်။ ကျနော်တို့အပိုင်းမှာဆိုရင်လည်း တပ်မတော်သားတွေစစ်မှုထမ်းချိန်မှာဖြစ်တယ်ဆိုရင်လည်း တော်တော်ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချတယ်။ အဓမ္မမှုနဲ့ လူသတ်မှုပါတဲ့ဟာရယ်၊ အဓမ္မမှုနဲ့ ငယ်ရွယ်တဲ့ကလေးနဲ့ပတ်သက်ပြီးဖြစ်တာဆိုရင် သေဒဏ်ထိပေးတဲ့ထိပေးပါတယ်။ ပြစ်ဒဏ်စီရင်တာ မစီရင်တာ တပိုင်းပေါ့လေ။ ဥပဒေကတော့ ကျနော်တို့ အမြင့်ဆုံးပြစ်ဒဏ်ကို ကျနော်တို့ပေးတယ်။ ဒါတော့ ကျနော်ကတော့ လုံးဝလက်မခံဘူး။ လူမှုရေးအရလည်း လက်မခံနိုင်ဘူး။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ practice အရလည်း လက်မခံနိုင်ဘူး။ တိုင်းရင်းသားရေးရာအရလည်း ကျနော်တို့သည် ပြည်သူတွေကြား ပေါက်ဖွားလာတဲ့ တပ်မတော်သားတွေဖြစ်တဲ့အတွက်ကြောင့် ပြည်သူကိုစော်ကားတဲ့ဟာမျိုးတော့ ဖြစ်လို့မရဘူး။ ကျနော်တို့က ပြည်သူရဲ့ ထောက်ပံ့အားပေးမှု မရဘဲနဲ့လည်း နိုင်ငံတော်ကာကွယ်ရေးဆိုတာလည်း ပြီးပြည့်စုံတဲ့ ကာကွယ်ရေးတခုဖြစ်ဖို့မလွယ်ဘူး။ပြည်သူက ကျနော်တို့ကို ပူးပေါင်းဆောင်ရွက်လို့ရမှသာဖြစ်တယ်။ ဒါကြောင့် ပြည်သူနဲ့ပတ်သက်ပြီးဖြစ်လာတဲ့ဟာဆိုရင်တော့ ထိထိရောက်ရောက်ကို ကျနော်အရေးယူတယ်။

“ဒီလိုပဲ ခုနက ငယ်ရွယ်တဲ့စစ်သားလေးကိစ္စပေါ့။ ဒီလိုပဲ ဖြစ်လေ့ဖြစ်ထရှိခဲ့တာပါ။ ကျနော်တို့လည်း ဒါနဲ့ပတ်သက်ပြီး ကျနော် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တဲ့အချိန်မှာ တော်တော်ထိထိရောက်ရောက်ကို ဖေါ်ထုတ်ပြီးအရေးယူပါတယ်။ အရေးယူတာခံရတဲ့အရာရှိစစ်မှုထမ်းများစွာရှိပါတယ်။ ပြန်လွဲှပေးတဲ့ case တွေထဲကဆိုရင် ကျနော်ထင်တယ်။ ဒီဘက်ပိုင်းမှာ လူ (၄၀၀) ကျော်လောက် ရှိပါတယ်။ ၂၀၀၂ ခုနှစ်ကစပြီး count လုပ်မယ်ဆိုရင် ၁,၀၀၀ အစွန်းထွက်လောက် ကျနော်တို့ ပြန်ပြီးပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုလည်း တော်တော်ကို စစ်ထုတ်ပြီးတော့ကို လုပ်နေပါတယ်။ ဒါလည်း ရှင်းရှင်းပြောရရင်ဗျာ တပ်မတော် သိက္ခာကျတဲ့ကိစ္စပေါ့။ ကျနော်တော်တော်လေး ဒါနဲ့ပတ်သက်ပြီး စောင့်ထိန်းပါတယ်။ ခံလည်း ခံပြင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါလေးက ၁% တောင်မရှိဘူး။ ၁% တောင်မရှိတဲ့ကိစ္စကို ကျနော့်မှာ ဒါနဲ့ခေါင်းခြောက်နေလို့လည်း အလုပ်မဖြစ်ပါဘူး။

(တပ်မတော်ကာကွယ်ရေးဦးစီးချုုုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဗွီအိုအေ သီးသန့် တွေ့ဆုံမေးမြန်းခဲ့တာပါ။ တပ်မတော်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများ၊ တပ်မတော် နိုင်ငံတကာဆက်ဆံရေး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အနာဂတ်နိုင်ငံရေး စတာတွေနဲ့ ပတ်သတ်ပြီး တတိယနဲ့ နောက်ဆုံးပိုင်းကို မနက်ဖြန်မနက်မှာ ဆက်ပြီး ထုတ်လွှင့်ပေးသွားဖို့ ရှိပါတယ်။)

ဆက်စပ်သတင်းများ ...

XS
SM
MD
LG