သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်က အမေရိကန်တပ်ဖွဲ့ ၃၃,၀၀၀ အိုဘားမား ရုပ်သိမ်းမည်


သမ္မတ ဘရက်ခ် အိုဘားမားကို ဗွီအိုအေ အမေရိကန်အသံက တွေ့ဆုံ မေးမြန်းနေစဉ်။
သမ္မတ ဘရက်ခ် အိုဘားမားကို ဗွီအိုအေ အမေရိကန်အသံက တွေ့ဆုံ မေးမြန်းနေစဉ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကို ဗွီအိုအေ အမေရိကန်အသံက သီးခြား တွေ့ဆုံ မေးမြန်းခန်းမှာ သမ္မတက အာဖဂန်နိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် အန်ဒရေ ဒါ နက်စ်နာရာ (André de Nesnera) က ဝါရှင်တန်မြို့တော်က ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံကနေ အမေရိကန်တပ်တွေ ပြန်ခေါ်ယူဖို့ သူဆုံးဖြတ်ခဲ့တာဟာ အမေရိကန် ပြည်ထောင်စုက အာဖဂန်နစ္စတန် နိုင်ငံကို စွန့်ခွာသွားမယ့်သဘော မဟုတ်ပါဘူးလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

“ဒီမှာ ကျနော်တို့က ဒီနှစ်ကုန် တပ်သား ၁၀,၀၀၀ ပြန်ခေါ်မယ်ဆိုတာ ခေါင်းထဲ ထည့်ထားရပါမယ်။ နောက်နှစ်နွေမှာ တပ်သား ၂၃,၀၀၀ ပြန်ခေါ်ယူပါ့မယ်။ အဲဒီအခါမှာ ညွန့်ပေါင်းတပ်ဖွဲ့တွေအပြင် ကျနော်တို့တပ်သား ၆၈,၀၀၀ အဲဒီမှာ ကျန်ပါမယ်။ တပ်သားအင်အား အတော်လေး ကျန်ရှိနေဦးမယ့် သဘောပါ။ ဒါပေမဲ့ ဒါက ဘာကိုပြသလဲဆိုရင် အာဖဂန်တွေဟာ ဖြည်းဖြည်းချင်း ကိုယ့်ရဲ့ လုပ်ငန်းတာဝန်တွေ ပိုယူလာတဲ့ လက္ခဏာပါ။”

သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ သူ့အဆို အသွင်ကူးပြောင်းရေး အဆင့်တဆင့် ဆိုတာနဲ့အညီ ဖြစ်တယ်လို့ သမ္မတက ဆက်ပြောပါတယ်။

“အဲဒီမှာ ဆက်လက်ပြီး တိုက်ပွဲဝင်နေတဲ့ အာဖဂန်တွေ ရှိပါတယ်။ ကိုယ့်တိုင်းပြည်အတွက် အသက်စွန့်ပြီးတော့ သူတို့ရဲ့ လွတ်လပ်ခွင့်အတွက်၊ သူတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်နေကြတာပါ။ ကျနော်တို့ဘက်ကလည်း ဒီလုပ်ငန်းစဉ်မှာ သူတို့အတွက် မိက်ဘက်ကောင်း အဖြစ်နဲ့ ဆက်ပြီး ရှိနေချင်ပါတယ်။ ဒီနိုင်ငံဟာ သူတို့ရဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒီနိုင်ငံအတွက် သူတို့ တာဝန်ရှိတယ် ဆိုတာ အာဖဂန် ပြည်သူတွေကို ကျနော်တို့ အသိပေးလိုပါတယ်။”

အခုလပိုင်းတွေ အတွင်းမှာ အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) က အမေရိကန် ပြည်ထောင်စုအပေါ် အတော်လေး ဝေဖန် ပြောဆိုမှုတွေ ရှိပါတယ်။ ဒါပေမဲ့ အားလုံးကို ခြုံကြည့်ရင်တော့ သမ္မတ ကာဇိုင်းဟာ အမေရိကန်တို့နဲ့ ရည်ရွယ်ချက်ချင်း အတူတူပါပဲလို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

“နိုင်ငံတနိုင်ငံမှာ နိုင်ငံခြား တပ်သားတွေ အများကြီး ရောက်ရှိနေတာမျိုး ခက်ခဲတဲ့ ပတ်ဝန်းကျင် အခြေအနေမှာ ပြဿနာတွေတော့ ရှိမှာ သေချာပါတယ်။ နိစ္စဓူ၀ တာဝန်တွေ ထမ်းဆောင်နေတဲ့ နေရာမှာ တင်းမာမှုတွေ တခါတလေ ဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အခြေအနေကို ခြုံပြောရရင် အာဖဂန်နစ္စတန် နိုင်ငံဟာ အကြမ်းဖက်သမားတွေ စိတ်ချလက်ချ ခိုနားရာနေရာ မဖြစ်စေဖို့အတွက် အာဖဂန်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ သူ သေချာလုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေဟာ အမေရိကန်တို့ အလေးထားတဲ့ ကိစ္စရပ်တွေပါ။”

သမ္မတက ဒေသတွင်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ နိုင်ငံရေးအရ အဖြေထုတ်ရမယ် ဆိုတဲ့ အချက်ကိုလည်း အလေးပေး ပြောသွားခဲ့ပါတယ်။

“နိုင်ငံရေး အဖြေရှာတယ်ဆိုတဲ့ စကားလုံးက သိပ်ပြီး အရေးကြီးပါတယ်။ ကျနော်တို့ရဲ့ သတ်မှတ်ချက်တွေကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ အာဖဂန်တွေကို ကျနော်တို့ အားပေးသွားမယ်၊ ကျနော်တို့လည်း ဘယ်သူနဲ့မဆို ပြောဆိုဆွေးနွေးမယ်။ ဒါပေမဲ့ သူတို့ အယ်လ်ခိုင်းဒါး (Al Qaida) နဲ့တော့ အပြတ်ဖြတ်မှ ရပါမယ်။ အာဖဂန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့ လိုက်နာမယ်လို့ ကတိပြုရမယ်။

“နိုင်ငံရေး အင်အားကို ဖော်ဆောင်ဖို့ အကြမ်းဖက် လုပ်ရပ်တွေကို သူတို့ ရပ်တန့်ပစ်ရပါမယ်။ အဲဒီအချက်တွေအတိုင်း လုပ်ဆောင်မယ် ဆိုရင်တော့ အာဖဂန် ပြည်သူတွေ အနှစ် ၃၀ စစ်ပွဲက နောက်ဆုံး လွတ်မြောက်နိုင်ဖို့ နိုင်ငံရေး အဖြေတခုကို ဖန်တီးနိုင်မယ့် အလားအလာ အများကြီး ရှိပါတယ်။”

အမေရိကန်နဲ့ ပါကစ္စတန် နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ ဆက်ဆံရေးဟာ အချိန်ကြာလာတာနဲ့အမျှ ပိုပြီးတော့ ရိုးသား ပွင့်လင်းမှု ရှိတယ်လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။

“ဒီမှာတွေ့ရတာက တကယ့် ဝိဝါဒ ကွဲပြားနေတဲ့ အချက်တွေကိုပါ။ အိုစမာ ဘင်လာဒင် (Osama Bin Laden) ကို ချေမှုန်းတဲ့ စစ်ဆင်ရေးကြောင့်လည်း နှစ်ဘက်အကြားမှာ ပိုပြီးတော့ တင်းမာကုန်ရတာ အသေအချာပါ။ ဒါပေမဲ့ ဘင်လာဒင်ကို တွေ့လို့ကတော့ သူ့ကို ကျနော်တို့ပဲ သုတ်သင်မယ်ဆိုတာ ပါကစ္စတန်ကို ဟိုးအရင်ကတည်းက ပြောထားပြီးသားပါ။”

ပါကစ္စတန်နိုင်ငံမှာ တာဝန်တင်ရှိတာ မဟုတ်ပါဘူး၊ သူတို့ပိုင်နက်ထဲမှာ အကြမ်းဖက်သမားတွေ၊ အကြမ်းဖက် လုပ်ရပ်တွေကို ကိုင်တွယ် ဖြေရှင်းဖို့က သူတို့ရဲ့ အကျိုးစီးပွားလည်း ဖြစ်နေပါတယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ဗွီအိုအေနဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းမှာ ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG