သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအပြောင်းအလဲမှာ သံဃာတော်များ ကြားနေသင့်


အာရှအလင်းရောင် ဆရာတော် ဘဒ္ဒန္တစိန္တိတ
အာရှအလင်းရောင် ဆရာတော် ဘဒ္ဒန္တစိန္တိတ

မြန်မာနိုင်ငံရေး အပြောင်းအလဲမှာ သံဃာတော်တွေကြားနေသင့်တယ်..ဒါ့အပြင် အမျိုးဘာသာ၊ သာသနာရေး သဘောထားတင်းမာသူတွေဟာ အကာအကွယ်ပေးနေသူတွေအားကိုးနဲ့ ထကြွလှုပ်ရှားနေကြတာသာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ အာရှအလင်းရောင်ဆရာတော် ဘဒ္ဒန္တ စိန္တိတ ကမိန့်ပါတယ်။ ဒီအခြေအနေမှာ သဘောထားမတင်းမာသူတွေ ဘက်က ဘယ်လိုတုံ့ပြန်ပြုမူ သင့်ပါသလဲဆိုတဲ့ VOA ဝိုင်းတော်သား ကိုကျော်ကျော်သိန်းရဲ့ မေးခွန်းကို ဆရာတော်က အခုလိုစတင်ဖြေကြားပါတယ်။

အာရှအလင်းရောင်ဆရာတော် ဘဒ္ဒန္တ စိန္တိတ။ ။ အမှန်ကတော့ ဘုန်းဘုန်းတို့ သဘောထားမတင်းမာတဲ့ ပုဂ္ဂိုလ်တွေ ရိုးရိုးလေးပြောရင်လည်း လွှမ်းမိုးသွားနိုင်ပါတယ်။ သူတို့လောက် အင်အားစိုက်စရာမလိုပါဘူး။ ဒါပေမယ့် သူတော်ကောင်းဓမ္မ၊ သူတော်ကောင်း ပုဂ္ဂိုလ်တွေရဲ့ သွားနှုန်းကတော့ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားကြတဲ့အခါကျတော့ လူ့လောကကြီးက တော်တော်များများ ပြင်းထန်တဲ့ သဘောထား ပြင်းထန်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တထပ်တည်းကျတဲ့လူတွေက အားကောင်းတာ ပိုများတယ်ဗျ။ ရိုးရိုးရှင်းရှင်းလေးပြောမယ်ဆိုရင် တွေးတတ်တဲ့လူတွေ အားကောင်းတဲ့နိုင်ငံမှာဆိုရင်တော့ဒါက ရယ်စရာလေးသွားဖြစ်မှာပေါ့။ တွေးတတ်တဲ့လူတွေ အားနည်းရင်တော့ သူတို့ဘက်က အားကောင်းသွားတတ်ပါတယ်။

ကိုကျော်ကျော်သိန်း။ ။ တင်ပါ့ဘုရား။ အရှင်ဘုရားဒီကနေ့ မြန်မာနိုင်ငံ သံဃလောကပေါ့နော် သံဃလောကတရပ်လုံးရဲ့ အခြေအနေဟာ အရှင်ဘုရားပြောသွားတဲ့ အမြင်နဲ့ ပြောရင် သာသနာတော် အဓွန့်ရှည်ပြန့်ပွားရေးအတွက် အားရစရာကောင်းတဲ့အခြေအနေလို့ မြင်လို့ရပါသလား ဘုရား။

အာရှအလင်းရောင်ဆရာတော် ဘဒ္ဒန္တ စိန္တိတ။ ။ ဒီနေ့ ဘုန်းဘုန်း သုံးသပ်ပြီးတော့ ကြည့်ရတာပေါ့လေ နိုင်ငံရေးအပြောင်းအလဲမှာ ဝမ်းနည်းစရာကောင်းတာပေါ့နော်။ ဗုဒ္ဓဘာသာ သံဃာတော်များကိုပေါ့နော် အသုံးချမှုတွေက အရမ်းများလွန်းအားကြီးတာကို ဘုန်းဘုန်းတို့သွားတွေ့ရတယ်။ အသုံးချတဲ့ ပုဂ္ဂိုလ်ကလည်း ဗုဒ္ဓဘာသာပုဂ္ဂိုလ်တွေပဲ ။အသုံးချခံရတဲ့ပုဂ္ဂိုလ်တွေကလည်း အကိုးကွယ်ခံတွေကြီးပဲ ဘုန်းဘုန်းတွေ့ရတယ်။ အဲဒီတော့ ဘုန်းဘုန်းအနေနဲ့ပေါ့နော်။ နိုင်ငံရေးအပြောင်းအလဲမှာ ဗုဒ္ဓဘာသာ သံဃာတော်များအနေနဲ့ ဘက်မလိုက်ပေါ့ ကြားထဲကရပ်တည်ပြီးတော့ သြဇာကို တည်ဆောက်စေချင်တယ်။ တဖက်ဖက်ကို လိုက်လိုက်မယ်ဆိုရင် နှစ်ဘက်စလုံးမှာတော့ ကိုယ့်ကို ကိုးကွယ်မယ့်လူတွေကတော့ ရှိနေကြမှာပဲ။ တဖက်ကို လိုက်လိုက်ရင် တဖက်ကတော့ လွတ်သွားမှာပဲ။ အဲဒီတော့ ဘုန်းဘုန်းတို့က ကြားထဲကနေပြီးတော့ မားမားမတ်မတ်ရပ်ပြီးတော့ တကယ့်ကိုပေါ့နော် ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆောင်နှင်းပေးခဲ့တဲ့ ပြဿနာပြေလည်ရေး ဓမ္မလမ်းစဉ်တွေအတိုင်း ပေါ့နော် ရှေးဟောင်းလမ်းစဉ်တွေအတိုင်းပေါ့ သံဃာတော်များက ရပ်တည်နိုင်ခဲ့မယ်ဆိုရင်တော့ အင်မတန်ကောင်းမှာပါပဲ။ အခုအတိုင်းဆိုရင် ဘုန်းဘုန်းတို့ ဝမ်းနည်းစရာတွေ ဖြစ်နေပါတယ်။ Facebook မှာကြည့်မယ်ဆိုရင် သံဃာတော်တွေရဲ့ ဂုဏ်က ဆိုးဆိုးဝါးဝါးကို ရေးနေကြတယ်၊ ပုံတွေနဲ့ ထုတ်ပြီးတော့ ပြောနေကြတယ် ပြနေကြတာတွေ တွေ့နေရတယ်။ ဒါကြောင့်မို့ သံဃာတော်တွေအတွက် စိုးရိမ်ရတဲ့အနေထားတော့ ဖြစ်နေပါပြီလို့ ဘုန်းဘုန်းက ပြောချင်ပါတယ်။”

အာရှအလင်းရောင်ဆရာတော် ဘဒ္ဒန္တ စိန္တိတ ဟာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြီးမှုးကျင်းပတဲ့ ဘာသာရေးလွတ်လပ်ခွင့် ညီလာခံကို တက်ရောက်ဖို့ အမေရိကန်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဆရာတော်ဟာ မကြာသေးခင်က မြန်မာနိုင်ငံအတွင်း နှင်းဆီဖြူ လှုပ်ရှားမှုလို့ ခေါ်တဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တပါးဖြစ်ပါတယ်။ ဆရာတော်နဲ့ တွေ့ဆုံမေးမြန်းခန်း အပြည့်အစုံကို စနေနေ့ TV မဂ္ဂဇင်းအစီအစဉ်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG