သုံးရလွယ်ကူစေသည့် Link များ

တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေး တည်ငြိမ်ရေးအတွက် ရှေ့ရှုပြီး ငြိမ်းချမ်းရေးလုပ်ငန်းတွေကို လာမယ့် အစိုးရ အနေနဲ့ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တယ်လို့ ဒုသမ္မတ အရွေးချယ် ခံထားရသူ ဦးဟင်နရီ ဗန်တီးယူက ဗွီအိုအေကို ပြောပါတယ်။ ဦးဟင်နရီ ဗန်တီးယူကို ဗွီအိုအေ ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်းရာ မှာ အခုလို ပြောဆို သွားတာပါ။ အပြည့်အစုံကို ဖတ်ရှု့နိုင်ပါပြီ။

“ဒေါ်ခင်စိုးဝင်း။ ။ မင်္ဂလာပါရှင်။ Congratulations ပါ အခုလို ဒုသမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံရတဲ့အတွက် အများကြီး ၀မ်းသာ ဂုဏ်ယူမိပါတယ်။ ဒုသမ္မတ အနေနဲ့ပေါ့နော် ပထမဆုံး အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ဒီလို တိုင်းရင်းသား လူမျိုးစုတွေထဲကမှ ချင်းတိုင်းရင်းသား တယောက်ကို အခုလို ရွေးချယ်လိုက်တာဟာ ဘယ်လိုရည်ရွယ်ချက်နဲ့များ ရွေးချယ်လိုက်တာပါလဲရှင့်။

ဦး ဟင်နရီဗန်ထီးယူ။ ။ ကျနော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် အဓိကရည်ရွယ်ပြီး လုပ်တယ်လို့ပဲ ကျနော်ယူဆပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ချင်းလူမျိုးတယောက်အနေနဲပေါ့နော် ချင်းပြည်နယ်ဆိုတာလဲ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ်ထဲမှာ တခုဖြစ်ပါတယ်။ ဥပမာ ရခိုင်ပြည်နယ်လည်း ဖွံ့ဖြိုးမှု နိမ့်ကြပါတယ်။ ဒါပေမယ့် ချင်းပြည်နယ်ကတော့ သဘာဝ သံယံဇာတတွေလည်း မရှိသလောက်ပဲဖြစ်တဲ့အခါကျတော့ ချင်းပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးပေါ့နော် အခုလည်း ကိုယ်က လုပ်ပိုင်နိုင်ခွင့်ရှိတဲ့နေရာကို ရောက်လာပြီဆိုတဲ့အခါကျတော့ ဘာများရှေ့ဆက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်ကဏ္ဍကို လုပ်ချင်ပါသလဲရှင့်။

ဦး ဟင်နရီဗန်ထီးယူ။ ။အဲဒါနဲ့ ပတ်သက်ပြီးတော့ အခုကျနော်တို့နိုင်ငံတော် ဒုတိယသမ္မတ ဆိုတော့ တနိုင်ငံလုံးမှာ တာဝန်ရှိပါတယ်ခင်ဗျ။ အဲဒါကြောင့်လဲ ကျနော် ဘယ်တိုင်းရယ်၊ ဘယ်ပြည်နယ်ရယ် ဆိုပြီးတော့ ကွက်ပြီးတော့ ကျနော့်အနေနဲ့ ကြည့်လို့တော့ မဖြစ်တော့ဘူးခင်ဗျ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ပဲ တန်းတူညီတူပေါ့နော် လိုအပ်ချက်ကို နိုင်ငံတော်အစိုးရအနေနဲ့ စီစဉ်ပြီးတော့ အကောင်းဆုံး တိုင်ပင်ဆွေးနွေးပြီးတော့မှ ဆောင်ရွက်ဖို့ဖြစ်ပါတယ်ခင်ဗျ။

ဒေါ်ခင်စိုးဝင်း။ ။ဟုတ်ကဲ့ပါ။ ကျမချင်းပြည်နယ်ကို ရောက်ဖူးပါတယ်ရှင့်။ အခုကတော့ အရင်ကလောက် လမ်းပန်း ဆက်သွယ်ရေး မဆိုးတော့ဘူးပေါ့နော်။ ဒါပေမယ့်လည်း အခုလောလောဆယ်မှာကတော့ အကောင်းကြီးတော့ မဟုတ်သေးဘူး တော်တော်လေးကို ရုန်းကန်လှုပ်ရှားနေရသေးတယ်။ ချင်းတောင်ဆိုတာလည်း ရွာတွေက တတောင်နဲ့တတောင်သွားကြရတာလေ ဆိုတော့ တော်တော်ခက်ခဲပါတယ်။ အဲဒီမှာ ပိုပြီးခက်ခဲတာဘာလဲဆိုတော့ အလုပ်အကိုင်လုပ်နိုင်တဲ့ လူငယ်တွေ သိပ်မရှိကြတော့ဘူးရှင့် အကုန်လုံးပြည်ပထွက်ကြတာရှိတော့လေ။ ဆိုတော့ ဒီအလုပ်အကိုင် ဖန်တီးရေးကများပိုပြီးအရေးမကြီးဘူးလားလို့။

ဦးဟင်နရီဗန်ထီးယူ။ ။ဟုတ်ကဲ့ အဲဒါနဲ့ ပတ်သက်ပြီးတော့ ချင်းပြည်နယ် တခုထဲကိုပဲ သိပ်ပြီးတော့ ကွက်ကြည့်လို့ မဖြစ်ဘူး ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုနိုင်ငံခြားကို ထွက်ပြီးတော့ အလုပ်လုပ်ကြတယ်ဆိုတာ တနိုင်ငံလုံးဖြစ်ပါတယ်ခင်ဗျာ။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေလည်း အကုန်လုံးပါကြပါတယ်။ ပြည်နယ်တခုအနေနဲ့ ကွက်မကြည့်ပဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံပြီးတော့ကြည့်မှပဲ သင့်မယ်လို့ ထင်ပါတယ် ခင်ဗျာ။

ဒေါ်ခင်စိုးဝင်း။ ။ဒီ တိုင်းရင်းသားနယ်မြေတွေမှာပေါ့နော် လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ရှိနေသေးတယ်ဆိုတော့ ဒီမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအလားအလာနဲ့ ပတ်သက်လို့ ရော ဘယ်လိုများ သုံးသပ်လို့ ရပါသလဲရှင့်။

ဦးဟင်နရီဗန်ထီးယူ။ ။အန်တီ ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောပါတယ်။ သူအမြဲတမ်းပြောတာက ကျနော်တို့ အစိုးရသစ်ဖွဲ့ပြီဆိုလို့ရှိရင် ကျနော်တို့တိုင်းပြည်ရဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပေါ့နော် ၊ အဓိက တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးပေါ့နော် အဲဒါကို နံပတ် ၁ ဦးစားပေး အကောင်အထည်ဖော်ဖို့ဆိုတာကို ခနခန ပြောပါတယ်။ အဲဒါကြောင့် ဒီဟာကို ကျနော်တို့ ကြိုးစားပြီးတော့ လုပ်မယ်ဆိုရင် ကျနော်တို့မျှော်လင့်တဲ့အတိုင်းပဲ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဟာ ဖြစ်မယ်လို့ ကျနော်ယုံကြည်ပါတယ်ခင်ဗျာ။ အောင်မြင်မယ်လို့ ကျနော်ယုံကြည်ပါတယ်ခင်ဗျာ။

ဒေါ်ခင်စိုးဝင်း။ ။အခု ဒုတိယ သမ္မတ ၂ ဦးရွေးလိုက်တဲ့အထဲမှာ နောက်ထပ်တဦးကလည်း တပ်မတော်သားကိုယ်စားလှယ်တွေက တင်လိုက်တာပေါ့နော် သူနဲ့ ပတ်သက်ပြီးတော့ ရှေ့ဆက်လက်တွဲလုပ်ဆောင်နိုင်ဖို့ အခြေအနေ ဘယ်လိုများရှိပါသလဲရှင့်။

ဦးဟင်နရီဗန်ထီးယူ။ ။အဆင်ပြေမယ်လို့ ယုံကြည်ပါတယ် ၊ မျှော်လင့်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ သူကလည်း အရင်တုန်းက တပ်မတော်သားဟောင်းတယောက်ဖြစ်ပါတယ်။ ကျနော်တပ်မတော် သားဟောင်းဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် သူနဲ့ ကျနော်တို့ကြားမှာ အဆင်မပြေစရာအကြောင်းမရှိပါဘူးခင်ဗျ။ နိုင်ငံ အကျိုး၊ တိုင်းပြည်အကျိုးအတွက် စိတ်ရင်းစေတနာ ကောင်းကောင်းနဲ့ပဲ ထားပြီးတော့ လုပ်ကြမယ်ဆိုရင် ဘာမှ အဆင်မပြေစရာအကြောင်းမရှိပါဘူး။ အားလုံးပြေလည်မှာပါခင်ဗျ။

ဒေါ်ခင်စိုးဝင်း။ ။ ဦး ဟင်နရီဗန်ထီးယူ အနေနဲ့ပေါ့နော် ကိုယ့်ရဲ့ ဘ၀အတွေ့အကြုံလေးပေါ့နော် အဲဒါများ နည်းနည်း မျှဝေပေးလို့ရမလားမသိဘူး။ ဘယ်မှာကြီးပြင်းလာတာပါလဲရှင့်။

ဦးဟင်နရီဗန်ထီးယူ။ ။ကျနော်က ကျနော့်ရွာဇာတိက သီးကီးရ်ရွာ၊ ထန်တလန်မြို့မှာ ကျနော်မွေးဖွားပြီးတော့ ၇ တန်းအထိ ၊ အလယ်တန်းအထိ ကျောင်း အောင်လာတယ်။ ဟားခါးမြို့မှာ ၁၀ တန်းအောင်ပါတယ်။ ၁၀ တန်းအောင်ပြီးတော့ ကျနော်တပ်မတော်ထဲကို ၀င်ပါတယ်။ တပ်မတော်မှာ နှစ် ၂၀ လောက် ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ပါတယ် ခင်ဗျ။ အဲဒီနောက်မှာကျနော် အမှတ် ၁ စက်မှုဝန်ကြီးဌာန အရပ်ဘက်ကို တာဝန်ပြောင်းရွေ့ပြီးတော့ တာဝန်ထမ်းဆောင်ပါတယ်။ အမှတ် ၁ စက်မှုဝန်ကြီးဌာနမှာ ၉ နှစ်ကျော်ကျော် ၁၀ နှစ်လောက် တာဝန်ထမ်းဆောင်ပြီးတော့ အလုပ်က နားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ဟုတ်ကဲ့ နိုင်ငံခြားမှာနေဖူးတယ်လို့ မှတ်တမ်းတွေက ပြောနေကြလို့လေ။

ဦးဟင်နရီဗန်ထီးယူ။ ။အဲဒါကတော့ ကျနော့်အမျိုးသမီး နိုင်ငံတော် အစိုးရခွင့်ပြုချက်နဲ့ပေါ့ ၊ နိုင်ငံခြားမှာ ပညာတော်သင်သွားဖို့ရှိပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ မိသားစုအားလုံးပေါ့နော် ၊ ကလေးတွေလည်း ငယ်သေးတယ်ဆိုတော့ ထားခဲ့လို့မရဘူး။ အဲဒါနဲ့ ကျနော်တို့ မိသားစုလိုက် အမျိုးသမီးက ပညာသင်ကိစ္စနဲ့ ကျနော်တို့ ထွက်ခွာသွားခြင်းဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။အခု မိသားစုကော ဒီပြန်ရောက်နေကြပြီလား။

ဦးဟင်နရီဗန်ထီးယူ။ ။ ဟုတ်ကဲ့ သူတို့ ပြန်ရောက်နေပါပြီ။

ဒေါ်ခင်စိုးဝင်း။ ။အခု ဒုသမ္မတတယောက်ဖြစ်လာတယ်ဆိုတော့ ချင်းတောင်ကအမျိုးတွေရော ဂုဏ်ယူနေကြမှာပေါ့နော်။

ဦးဟင်နရီဗန်ထီးယူ။ ။အမျိုးတွေမှ မဟုတ်ပါဘူးခင်ဗျ။ ချင်းတိုင်းရင်းသားအားလုံး ကျနော်နဲ့ ထပ်တူထပ်မျှ ဂုဏ်ယူ ၀မ်းသာနေကြပါတယ်ခင်ဗျာ။ ဂုဏ်ယူမဆုံးဖြစ်နေကြပါတယ်ခင်ဗျ။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

ဦးဟင်နရီဗန်ထီးယူ။ ။ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျ။”

XS
SM
MD
LG