သုံးရလွယ်ကူစေသည့် Link များ

ချင်းပြည်နယ် ဝန်ကြီးချုပ်နဲ့ ဗွီအိုအေ အမေးအဖြေ


ချင်းပြည်နယ် ဝန်ကြီးချုပ်နဲ့ ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်း သီးသန့်တွေ့ဆုံမေးမြန်းခန်း။

ချင်းပြည်နယ်မှာ အရင်ကာလတွေကလိုမဟုတ်ပဲ အခု အစိုးရလက်ထက်အတွင်း ဖွံဖြိုးရေး အစီအစဉ်တွေအတွက် အခြေအနေကောင်းတွေဖြစ်ပေါ်လာတယ်လို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းက ပြောပါတယ်။ ဒါပေမယ့်လို့ ပြည်နယ်ရဲ့ တိတိပပ ထွက်ကုန်ရောင်းချနိုင်မယ့် အစီအစဉ်တွေ ကြီးကြီးမားမား မလုပ်နိုင်သေးတဲ့ အခြေအနေမှာ ဒေသခံလူထု ဆင်းရဲမွဲတေမှု ပပျောက်ရေး အစီအစဉ်တွေမှာ အခက်အခဲတွေတော့ ရှိနေဆဲဖြစ်တယ် လို့လည်း ပြောပါတယ်။ ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်း ကို ဗွီအိုအေ ရန်ကုန်ရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်း က တွေ့ဆုံမေးမြန်း ထားတာပါ။

ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်း
ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်း

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း ။ ။ " လမ်းပမ်းဆက်သွယ်မှု မှာ နှစ်ပိုင်းရှိ တာပေါ့။ ပထမပိုင်းက ဘာလဲဆိုတော့ ကျနော်တို့ ဒီပြည်ထောင်စုကနေပြီးမှ စီမံခန့်ခွဲတယ်။ ပြည်ထောင်စု ဘက်ဂျက်နဲ့ဆောင်ရွက်တဲ့ လမ်းဆိုပြီးတော့ အဓိက ကျတဲ့ လမ်း (၈) လမ်း။ နောက်တခါ ကျနော်တို့ ပြည်နယ် အစိုးရ ဘက်ဂျက်နဲ့ဆောင်ရွက်မယ့် ပြည်နယ်လမ်းဆိုပြီး လမ်း(၂၀)။ နောက် ကြားထဲမှာ ကျေးရွာချင်းဆက်လမ်း တို့ဘာတို့က ကျေးလက်တို့ နောက် အလှူရှင်တွေက ဝိုင်းပြီးတော့ ဆောင်ရွက်ပေးတာနဲ့ ဆောင်ရွက်တာပေါ့လေ။ တဖက်က ဖြည့်ဆည်းဆောင်ရွက်တာပါ။ အဲ့တာကြောင့် အခုဆိုရင် လမ်းတွေက တခုပြီးတခု မြို့နယ်တွေဆိုရင်လည်း မဖောက်တဲ့မြို့နယ်မရှိတော့ဘူး။ တမြို့နဲ့ တမြို့ အားလုံး ဆက်သွယ်လို့ရပြီ။

ဒေါ်ခင်စိုးဝင်း။ ။ နောက် လျှပ်စစ်မီးရရှိရေးပေါ့နော်။ လျှပ်စစ်မီးရရှိရေးနဲ့ ပတ်သက်ပြီးတော့ရော အခု ကျမတို့ လမ်းတလျောက်မှာ တွေ့ခဲ့ပါတယ်။ တာဝါတိုင်ကြီးတွေလေ တော်တော်လေးလည်း ခိုင်ခိုင်ခန့်ခန့် ဆောက် ထားတာ ရှိပါတယ်။ အဲ့တော့ အဲ့ဒီ့စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ လျှပ်စစ် ဓာတ်အားဖြန့်ဝေရေးမှာရော ဘယ်အပိုင်းအထိပေါ့ ဥပမာ အောက်ခြေကျေးလက်ဒေသတွေ အထိရော ဖြန့်ဖြူးနိုင်ပါပြီလားရှင့်။

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း ။ ။ " မြို့တွေရဲ့ မီးလင်းရေးနဲ့ ကျေးလက် မီးလင်းရေး ဆိုပြီး နှစ်ပိုင်း ရှိပါတယ်။ ကျေးလက်မီးလင်းရေးကို ကျနော်တို့က တတ်နိုင်တဲ့ သဘာဝ ရရှိတဲ့ ရေအားလျှပ်စစ်နဲ့ အဓိက ထားခဲ့ တာပေါ့လေ။ နောက် တခါ မြို့ပေါ်မှာ ကျတဲ့အခါကျတော့ နိုင်ငံတော် က ရေအား လျှပ်စစ် ရတဲ့ဟာ ဥပမာဆိုပါစို့ မင်းတပ်တို့ နောက်တခါ ဟားခါး၊ ဖလမ်း၊ နောက် တီးတိန် ဒီလိုဟာမျိုးတွေက ရေအားလျှပ်စစ်နဲ့ တတ်နိုင်သလောက် ပေးတယ်ပေါ့။ ဒါ ဒီဘက်ပိုင်းကျတဲ့အခါမှာ မဟာ ဓာတ်အားလိုင်းကို စဖွင့်ပြီးတော့ ကျနော်တို့က အဓိက မြို့တော်ဖြစ်တဲ့ ဟားခါးကို ၂၀၁၂၊ ၂၀၁၃ ကနေ စပြီးတော့ စီမံပြီးတော့ ပေးလာတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ဇူလိုင်လမှာ ဟားခါးမြို့တော်မှာ မဟာဓာတ်အားလိုင်း ရရှိပြီးလည်းဖြစ်ပါတယ်။ ကျနော်တို့ တဖက်က ဓာတ်အားခွဲရုံလေးတွေ လုပ်နေပါတယ်။

ကျေးရွာတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့မှာ နှစ်အလိုက် စီမံချက်တွေတော့ လုပ်တယ်။ ရေအားလျှပ်စစ် မရနိုင်ဘူးဆိုရင် ကျနော်တို့က ဆိုလာစနစ်ပေါ့လေ။ အဲ့တာလေးတွေကို နိုင်ငံတော်က ကျေးလက်ကို ပံ့ပိုးပေးတာနဲ့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။ နောက်တခါ "ဆင်းရဲနွမ်းပါး" က ရတဲ့ဟာလေးတွေနဲ့ လုပ်နေပါတယ်။ နောက်တခါ ကျနော်တို့ တခြား အကူအညီက ရတာတွေနဲ့လည်း လုပ်နေပါတယ်။ တော်တော်လေးတော့ ကျန်သေးတာပေါ့လေ။"

ဒေါ်ခင်စိုးဝင်း။ ။ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး လုပ်တယ်ဆိုတဲ့ နေရာမှာ ဒီဆင်းရဲတဲ့သူတွေအတွက်ကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ သူတို့အတွက်ကို ပံ့ပိုးတဲ့နေရာမှာပေါ့နော် ဥပမာ သူတို့ရှိတဲ့ပစ္စည်းကို ဈေးကွက် ရှာဖွေပေးတာတို့ ဘာတို့ပေါ့လေ။ အဲ့လိုမျိုး အစီအစဉ်တွေရော တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ကူညီတာ ရှိပါလားရှင့်။

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း ။ ။ "သူတို့လိုအပ်တဲ့ ဥပမာ နည်းပညာပိုင်းတို့ သင်တန်းတွေ ပို့ချတာ။ နည်းပညာပိုင်း ပေးတာ ရှိပါတယ်။ ချေးငွေနဲ့လည်း ပေးနေတာရှိပါတယ်။ ဒီကနေ ထွက်ကုန်တွေနဲ့ ပတ်သက်ပြီးတော့ စနစ်တကျ ဆောင်ရွက်နိုင်အောင် လုပ်နိုင်တဲ့ အဆင့်တော့ မရှိသေးဘူးလေ။ ဒါကလည်း တဖက်က စဉ်းစားကြည့်ရင် ကျနော်တို့ဆီက ဗြောင် ဝန်ခံရမယ်ဆိုရင် ထွက်ကုန်၊ ထုတ်ကုန်ပေါ့လေ ထုတ်ကုန်ကို စနစ်တကျနဲ့ ရောင်းချဆောင်ရွက်နိုင်တဲ့ဟာ ကြီးကြီးမားမား ဘာတခုမှ မရှိသေးပါဘူး။ နောက် အဲ့ဒီ့အပေါ် မူတည်ပြီး အလုပ်အကိုင် အခွင့်အလမ်းဆိုတာ တော်တော်လေး ခက်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း ဆိုတာက တကယ့် လုပ်ငန်းရှင်တွေရှိမယ်။ နောက်တခါ ကြီးမားတဲ့ လုပ်ငန်းတွေ ရှိမယ် ဆိုရင် အခွင့်အလမ်း ပေးလို့ရတာပေါ့။ အခုဟာက ကျနော်တို့ဆီက ဒါတွေကလည်း မရှိဘူး။ စက်မှုလက်မှုကလည်း အသေးစားဆိုတာတောင်မှ ကျနော်တို့ဆီမှာက ဂဟေဆော်၊ ဝပ်ရှော့ အဲ့ဒီ့အဆင့်လောက်ပဲ ရှိတဲ့အခါကျတော့ ကြီးကြီးမားမား အလုပ်အကိုင် အခွင့်အလမ်းပေးဖို့က ဘယ်လိုမှ မရှိနိုင်ဘူး။

မရှိနိုင်တဲ့အခါကျတော့ လူတွေက ဝန်ထမ်းလောကမှာ ဝင်လိုက်တာရှိတယ်။ ကိုယ်ကျွမ်းကျင်တာနဲ့ ကုမ္ပဏီတွေမှာ လုပ်တာ ဒီလိုပဲ ရှိနေပြီးတော့ ကြီးမားတဲ့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးဖို့က လုပ်ငန်းတွေ ပြည်နယ်တွင်းမှာ ပေါ်ပေါက်လာမှသာ ဖြစ်နိုင်မယ့် အနေအထား ရှိပါတယ်။"

ဒေါ်ခင်စိုးဝင်း။ ။ နောက်တခု ကျမ အခုတလော သတိထားမိတာကပေါ့ ပုဂံကို သွားတဲ့ နိုင်ငံခြားသားခရီးသည်တွေ ကနေပြီးတော့ ပုဂံကနေ ချင်းပြည်နယ်ကို တက်ပါတယ်။ အဲ့ဒီ့တက်တဲ့နေရာမှာလည်း နတ်မတောင်တို့ဘာတို့ ကို ရောက်တာပေါ့နော်။ အဲ့ဒီ့မှာ သဘာဝ ECO Tourism လို့ခေါ်တဲ့ သဘာဝ တောတောင်ရေမြေလေ့လာမယ်။ အဲ့ဒီ့မှာ ရှိတဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့တွေကို လေ့လာမယ်။ ဥပမာဆို ပါးရဲ ထိုးထားတဲ့ အမျိုးသမီးတွေကို စိတ်ဝင်စားတယ်ပေါ့။ အဲ့လိုမျိုး တိုးရစ်ခရီးသွား လုပ်ငန်းကိုရော တိုးချဲ့ဖို့ ရှိပါလားရှင့်။

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း ။ ။ " ရှိပါတယ်။ ကျနော်တို့မှာ ဒါကိုလည်း အလေးအနက် ထားပါတယ်။ ပြည်ထောင်စုဝန်ကြီး ဟိုတယ် ခရီးနဲ့လည်း ဒါကို တွေ့ဆုံပြီး လုပ်တဲ့ သူနဲ့အတူ ကျနော်တို့က နယ်မြေဆင်းပြီးတော့ သွားခဲ့တယ်။ အဲ့ဒီ့တုန်းက ကုမ္ပဏီလုပ်ငန်းရှင် ပြည်မက ကုမ္ပဏီပေါင်း ၁၈ခုကျော်တောင် လာပါတယ်။ သုံးလေးကြိမ်လောက်ရှိပါတယ်။ သူတို့ကိုယ်တိုင် လာတာရော၊ ကျနော်တို့ ကိုယ်တိုင် လိုက်ပါဆောင်ရွက်ပေးတာရော သူတို့ရဲ့အကြံညဏ်တွေ ယူပြီးတော့ ညှိနှိုင်းပြီးတော့ လုပ်နေပါတယ်။"

ဒေါ်ခင်စိုးဝင်း။ ။ ဝန်ကြီးချုပ် လက်ထက်မှာ ပွင့်လင်းလာတဲ့ အခါကျတော့ နိုင်ငံရေးပါတီတွေနဲ့လည်း ငြိမ်းချမ်းရေး ရယူထားတာပေါ့နော်။ အပစ်အခတ်ရပ်စဲရေးတွေ လုပ်ထားတယ်။ နိုင်ငံရေးပါတီတွေလည်း ပူးပေါင်းဆောင်ရွက်မှုရှိတယ်။ အတိုက်အခံလို့ ပြောရမယ့် အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှု ရှိလာတယ်။ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှု ရှိလာပြီ။ အဲ့တော့ ဝန်ကြီးချုပ်အနေနဲ့ အခုလိုမျိုး အရင်ခေတ်ကနဲ့ မတူတော့ပဲနဲ့ အခုလို ပွင့်ပွင့်လင်းလင်း ဆောင်ရွက်လာရတဲ့ အပေါ်မှာရော ဘယ်လိုများ သုံးသပ်လို့ရလဲရှင့်။

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း ။ ။ "လမ်းပမ်းဆက်သွယ်ရေး အခက်အခဲကြောင့် သွားလာမှု တယောက်နဲ့တယောက် ကူးလူးဆက်နွယ်မှု အားနည်းခဲ့တယ်။ အဲ့ဒီ့ အားနည်းတဲ့ အပေါ်မှာပဲ ကိုယ့်အမျိုးလိုက် ခင်တာတို့၊ ဘယ်လိုပြောရမလဲ။ မျိုးချစ်စိတ်ဓာတ်လို့ ပြောရမယ်ဆိုတာထက် အတ္တကြီးတာပေါ့။ နောက်တခါ မြို့နယ်အလိုက် ဆိုလည်း မြို့နယ်အလိုက်ပေါ့။ ဒါလေးတွေ အများကြီးရှိခဲ့တယ်။ အဲ့ဒီ့အပေါ်မှာ လုပ်ရကိုင်ရ အင်မတန်ခက်ခဲခဲ့တယ်။ အဲ့တာကြောင့် ကျနော်တို့မှာ ဒီဘက်အစိုးရဖွဲ့တဲ့အခါမှာ ယခင်တုန်းကလည်း ပြောကြတယ်။ ပြည်နယ် အတောအတွင်းမှာပေါ့။

ဒါ လူထုရဲ့ သဘောသဘာဝလည်း ဆိုင်တာပေါ့လေ။ ဥပမာ တီးတိန်က ကြီးစိုးတယ်ဆိုရင် တီးတိန်ကချည်းပဲ ကြီးစိုးတယ်။ ဟာ ဖလမ်းက ကြီးစိုးတယ်ဆိုရင် ဖလမ်းက ကြီးတယ်။ ချင်းက တောင်နဲ့မြောက်ဆိုပြီး နှစ်ပိုင်းက ရှိသေးတယ်။ နောက် အယူအဆတွေ လူမျိုးကလည်း ကွဲနေတဲ့အခါကျတော့ ဥပမာဆိုပါစို့ ကျနော်က မင်းတပ်သား။ ကိုးရှစ်၊ ရှစ်နှစ်လောက် လုပ်နေပြီဆိုရင် ဟာ မင်းတပ်-သားတွေချည်းပဲ ချင်းပြည်နယ်ကို ကြီးစိုးနေတယ်။ ဒီလိုလုပ်နေတယ်။ အဲ့လိုဖြစ်တယ်။ ကျနော်က ဒီလိုမဖြစ်စေချင်ဘူး။ မဖြစ်စေချင်တာ ကျနော်တို့က ပြည်နယ်အစိုးရ စပြီးတော့ ဖွဲ့ကတည်းက လူကြီးတွေ တင်ပြတယ်။ တမြို့နယ်ကို အစိုးရအဖွဲ့မှာ ဆယ်ဦးရှိတယ်။ ဟိုဘက်က ဥပဒေချုပ်တို့ရှိမယ်။ နောက်တခါ တရားသူကြီးရှိမယ်။ စာရင်းစစ် စသဖြင့်ရှိတယ်။ အဲ့တာက ဆယ့်ငါးယောက်လောက်ကို ရှိနေပြီ ဟုတ်ပြီ အဲ့တာဆို ကျနော်တို့ ကိုးမြို့နယ်ပဲ ရှိမယ် နှစ်ယောက်ရှိရင်လည်း ရှိတဲ့နေရာ ရှိမှာပေါ့။ တမြို့နယ်ကို အနည်းဆုံး တယောက်လောက်ကတော့ ပြည်နယ်ဝန်ကြီးအဆင့် ရှိကို ရှိရမယ်။ သူ့ပြည်နယ် အကြောင်းကို ပြောနိုင်ရမယ်။ ဆိုနိုင်ရမယ်။ အဲ့တာမှ မြို့နယ် တခုချင်းရဲ့အတ္တစိတ်တွေ ပျောက်သွားပြီးတော့ ပွင့်ပွင့်လင်းလင်း တယောက်နဲ့တယောက် ဆွေးနွေး တိုင်ပင်လို့ရမယ်။ ဒါဆို ပိုပြီးတော့ ချင်းပြည်နယ် ရဲ့ စည်းလုံးညီညွတ်မှုကို ပိုရမယ်ဆိုပြီး ကျနော်တို့ လူကြီးတွေကိုပြောပြီး လက်ခံပြီး ကျနော်တို့ အဲ့ဒီ့အတိုင်း ဖွဲ့ပါတယ်။ "

ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်း ကို ဗွီအိုအေ ရန်ကုန်ရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်း က တွေ့ဆုံမေးမြန်း ထားတာပါ။

XS
SM
MD
LG