သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်မြောက်လာသူတို့ရဲ့ ခံစားချက်


မေလ ၁၆ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာကြတဲ့ နိုင်ငံရေး အကျဉ်းသားများ။
မေလ ၁၆ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာကြတဲ့ နိုင်ငံရေး အကျဉ်းသားများ။
ဒီကနေ့ ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ သာယာဝတီ အကျဉ်းထောင်က ၅ ဦးပါဝင် ပါတယ်။ သူတို့ ငါးဦးစလုံးဟာ ပုဒ်မမျိုးစုံ နဲ့ ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခံခဲ့ကြရသူတွေဖြစ်ပြီး ထောင်ထဲမှာ ၅ နှစ်ကျော် နေခဲ့ရပြီးတဲ့နောက် ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီငါးဦးထဲကမှ ကိုဇော်လွင်၊ မစန်းစန်းမော်၊ ကိုအေးမင်းနိုင်နဲ့ ကိုကျော်ဇင်ဦး တို့ကို သာယာဝတီအကျဉ်းထောင်ကနေ လွတ်မြောက်ပြီး နာရီပိုင်းအတွင်းမှာပဲ ရန်ကုန်မြို့ ဗွီအိုအေစတူဒီယိုမှာ ဖိတ်ခေါ်ပြီးတော့ ကိုကျော်ကျော်သိန်း က တွေ့ဆုံ မေးမြန်းထားပါတယ်။ လွတ်မြောက် လာချိန်မှာရှိတဲ့ သူတို့ရင်ထဲက စိတ်ခံစားမှုနဲ့ ပတ်သက်ပြီး တော့ အခုလို အသီးသီး ပြောကြားခဲ့ကြပါတယ်။

ပထမတော့ ဝမ်းသာသလိုလို၊ ဝမ်းနည်းသလိုလို ခံစားရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့လွတ်လာပြီးတော့ ကျနော်တို့နဲ့ အတူတူ တစ်နေ့တည်း တစ်ရက်တည်း အဖမ်းခံခဲ့ရတဲ့ ကျနော်တို့နဲ့ အမှုတွဲ နှစ်ယောက်စလုံး ကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့အတွက် ကျနော်တို့မှာ စိတ်ခံစားမှုက ပျော်ချင်သော် လည်း ပျော်ရွှင်လို့ မရဘူး။ စိတ်ထဲမှာ ငိုချင်ချင်ကြီးဖြစ်လာတယ်။ အခု ကျနော် တို့ အရည်ပဲ သောက်တယ်။ မုန့်လေးပဲ စားလို့ရတယ်။ ဘာထမင်းမှ မစားခဲ့ ရသေးဘူး။ စိတ်ခံစားချက်က ဘယ်လို ဖြစ်နေမှန်းကို မသိတာ။ နုန်းချည့်ချည့်နဲ့။ ကျနော်တို့ အမှုတွဲတွေ လွတ်သင့်ပါရက်နဲ့ လွတ်မလာသေးဘူး။ ဘာဖြစ်လို့လဲ - ကျနော်တို့နဲ့ ပုဒ်မ အတူတူပဲ။ တစ်နေ့တည်း တစ်ရက်တည်း တစ်ရုံးတည်းမှာပဲ ချခဲ့တာ။ သို့သော်လည်း ဒီအချိန်မှာ သူတို့တွေ ကျန်ခဲ့တယ်။ ကျနော်တို့တော့ လွတ်လာတယ်။ ဘာကြောင့်လဲ။ သူတို့တော့ ဘာလို့ ကျန်ခဲ့လဲ။ ဒါက ခေါင်းထဲမှာ ပဟေဠိဖြစ်ပြီး အဖြေဖော်လို့ မရသေးဘူး။

မေး။ ။ မစန်းစန်းမော်- အမလည်း ပြောပါအုံး။

ကျန်ခဲ့တဲ့ သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။ အဲဒါကြောင့် ပျော်တယ် လို့လည်း မရှိဘူး၊ ပျော်လည်း မပျော်ဘူး။ ဘယ် လို ပြောမလဲ။ စိတ်မကောင်း လည်း ဖြစ်တယ်ပေါ့နော်။ ဒီလို ပြန်လာတဲ့အချိန်မှာ နှုတ်ဆက်ဖို့တောင်မှ မနည်းမျက်နှာကို ကြည့်ခဲ့ ရတယ်။ သူလည်း ဘယ်လိုကြီး ဖြစ်သွားမှန်း မသိဘူးပေါ့နော်။ ကျမကို ခေါ်တဲ့အချိန်မှာ ကြိုသိတာလည်း မဟုတ်ဘူးလေ။ ရုတ်တရက်ကြီးဆိုတော့ - ခဏ၊ ရုံးခန်းကို ဆိုပြီး ခေါ်တဲ့အခါကျတော့ ကျမ သွားလိုက်တယ်။ ပြန်လည်းလာရော ပစ္စည်းတွေသိမ်း၊ လွတ်ပြီလို့ ပြောတယ်။ …ဆိုတဲ့အခါကျတော့ ဘယ်လို ပြောရမှန်းလည်း မသိဘူး၊ ဘယ်လို နှစ်သိမ့်ပေး ရမှန်းလည်း မသိဘူး။ အဲဒါကြောင့် တော်တော် စိတ်မကောင်း ဖြစ်တယ်ပေါ့။

မေး။ ။ ကိုဇော်လွင်ကရော ။

လွှတ်တဲ့အချိန်တိုင်းမှာ ကျနော်တို့ စောင့်ကြည့်နေတဲ့အချိန်တိုင်းမှာ အကျဉ်း သားတွေကို လွှတ်တာက နိုင်ငံတကာနဲ့ ခရီးစဉ်တွေ၊ နိုင်ငံတကာရဲ့ ဖိအားတွေ၊ နိုင်ငံတကာရဲ့ sanction တွေ၊ ဒီလိုကိစ္စတွေကို အသုံးချဖို့ ရည်ရွယ် တဲ့ ရည်ရွယ်ချက်ပဲ -လို့ ကျနော် ထင်တယ်။ အခုထိလည်း ရည်ရွယ်ချက် ကို ပြောင်းပုံမရသေးဘူး။ အခုဆိုရင်ဗျာ- ကျနော်တို့ အမှုတွဲထဲမှာ ၇ ယောက် ရှိတယ်။ ၅ ယောက် လွတ်လာပြီ။ ၂ ယောက်ကျန်ခဲ့တယ်ဆိုတော့ စဉ်းစား ကြည့်ပေါ့ဗျာ။ အဲဒီတော့ မိသားစုတွေ ဆုံးခဲ့ပြီ၊ ဘဝတွေ ဆုံးခဲ့ပြီ။ လူသား သိက္ခာကိုဗျာ- တိုင်းပြည်မှာရှိနေတဲ့ လူသားသိက္ခာဆိုတာ မေးခွန်းထုတ် စရာ အလွန်ကောင်းတယ်။

မေး။ ။ ထွက်တဲ့အချိန်တုန်းက အကို့ ခံစားချက်လေး ပြောပြပေးပါအုံး။

ထွက်တဲ့အချိန်တုန်းက ရှိတဲ့ ခံစားချက်က - ရုတ်တရက်ကြီး ခွာထုတ်တာပေါ့။ အရင်တုန်းကတွေးတာတော့ လွတ်ရင်တော့ ပျော်မယ်ပေါ့။ ဒါပေမဲ့ အခုတော့ မပျော်နိုင်သေးဘူး။ ကျန်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေ - နောက်တစ်ခုက ကျနော်တို့ အမှုတွဲ ၇ ယောက်မှာ ၂ ယောက်က ကျန်ခဲ့တယ်။ ပြစ်ဒဏ်တွေကလည်း အတူတူပဲ၊ အမှုလည်း အတူတူပဲ။ သူတို့ နှစ်ယောက်က ကျန်ခဲ့ တယ်။ နောက်ပြီးတော့ ကျန်ခဲ့တဲ့လူတွေ - ဦးသံချောင်းတို့ အဖွဲ့တွေ ဆိုရင် သေဒဏ်ချထားတာ။ သူတို့တွေလည်း ကျန်ခဲ့တယ်။ မပျော်နိုင်ဘူး။ ထမင်းလည်း မစားနိုင်ဘူး။ အခုချိန်ထိ ရေလောက်ပဲ သောက်နေတယ်။

မေး။ ။ ကိုအေးမင်းနိုင် တို့ကို စွဲတဲ့ ပုဒ်မတွေကလည်း အများကြီးပဲ။ နှစ်ကလည်း အများကြီးချထားတယ်။ သိချင်တာက သူတို့ပြောတဲ့ ပုဒ်မတွေအတိုင်း ကိုအေးမင်းနိုင်တို့ လက်ခံသလား။ ဒီအပြစ်တွေကို ကိုယ်ကျူးလွန်ခဲ့တယ်လို့ လက်ခံသလား၊ ဒါမှမဟုတ်ရင် ကိုယ်က အပြစ်မရှိဘူးလို့ ကိုအေးမင်းနိုင်တို့ အခိုင်အမာ အခုချိန်အထိ ပြောနိုင်သလား။

အခိုင်အမာ ပြောနိုင်ပါတယ်။ ကျနော်တို့ ပြစ်မှု မကျူးလွန်ဘူးဆိုတာလည်း ကျနော်တို့ကိုယ်ကျနော်တို့ သိပါတယ်။ အခု ဒီမှာ ကျနော့အမှုတွဲတွေ အကုန်လုံးက ကျနော့်အိမ်မှာ ကျနော့်အဆောင်မှာနေပြီးတော့ ကျောင်းတက် ခဲ့လို့၊ ကျနော်နဲ့ပတ်သက်ခဲ့လို့ အတင်း အမှုတွဲအရ ဆွဲစေ့ပြီးတော့ ထောင်ထဲ ဆွဲထည့်ခဲ့တာ ဖြစ်ပါတယ်။ သူတို့မှာ တရားဝင်ကျူးလွန်တဲ့ ပြစ်ချက် မရှိပါဘူး။ သူတို့ တရားဝင် ကျနော်တို့ကို ပြစ်မှုတပ်စရာ အကြောင်း ရှာမရဘူး။
XS
SM
MD
LG