သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုတွေဟာ ဗုဒ္ဓဘာသာဝင် အချင်းချင်းဘက် လှည့်လာပြီလား


ဆူးလေစေတီတော်၊ ဧမာနွေလဘုရားကျောင်းနဲ့ ဗလီတစ်ခုရှိရာ ရန်ကုန်မြို့လယ်က ညရှုခင်း။
ဆူးလေစေတီတော်၊ ဧမာနွေလဘုရားကျောင်းနဲ့ ဗလီတစ်ခုရှိရာ ရန်ကုန်မြို့လယ်က ညရှုခင်း။
ဒေါ်အင်ကြင်းနိုင်။ ။ ပြီးခဲ့တဲ့ သင်္ကြန်တွင်း ဧပြီ ၁၅၊ ၁၆ နဲ့ ၁၇ ရက်တွေတုန်းက ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်မှာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ရဲ့ ထူးခြားမှုကတော့ အစ္စလာမ်ဘာသာဝင် လူငယ်လေးတစ်ယောက်ကို လက်ခံထားလို့ဆိုပြီး ဒေသခံ လူအုပ်စုကြီးက ဗုဒ္ဓဘာသာဝင် မိသားစုတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ အကြမ်းဖက်မှု ဖြစ်စဉ်မှာ လူနေအိမ် လေးလုံးပဲ ဖျက်ဆီးခံခဲ့ရတယ်ဆိုပေမယ့် အသေးစိတ် လေ့လာကြည့်တဲ့အခါ စိုးရိမ်စရာ ကြောက်စရာကောင်းတဲ့ အနေအထားတစ်ခုအဖြစ် တွေ့မြင်ကြရပါတယ်။ အဲဒီ အကြမ်းဖက်မှု ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ၊ အခု ရက်ပိုင်းအတွင်း အလားတူ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြပေးမှာ ဖြစ်ပါတယ်။

ဦးစည်သူအောင်မြင့်။ ။ ပြည်တွင်း သတင်းဖော်ပြချက်တွေအရ နတ်တလင်းမြို့ပေါ်နေ အစ္စလာမ်ဘာသာဝင် လူငယ်လေးတစ်ယောက်ဟာ တောင်ညိုမြို့သစ်က ဗုဒ္ဓဘာသာဝင် မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ကြတယ်လို့ ဆိုပါတယ်။ မိန်းကလေးရဲ့ ဖုန်းဆက်ခေါ်ဆိုမှုကြောင့် အဲဒီလူငယ်လေးဟာ တောင်ညိုမြို့သစ်က မိန်းကလေးရဲ့ အိမ်ကိုသွားပါတယ်။ အဲဒီအိမ်ကို ရောက်ပြီးနောက် ဒေသခံ လူအုပ်စုကြီးက ဘာသာခြားလူငယ်ကို ထုတ်ပေးဖို့၊ သူတို့လက်အပ်ဖို့ တောင်းဆိုပါတယ်။ ထုတ်မပေးတဲ့အခါ အရေအတွက် ၃၀၀ လောက်ရှိတဲ့ လူအုပ်ကြီးက အဲဒီ အိမ်ကို ခဲနဲ့ပေါက်၊ နေအိမ်နဲ့ အိမ်သုံးပစ္စည်းတစ်ချို့ကို ဖျက်ဆီးခဲ့ကြပါတယ်။ နောက်ရက်တွေမှာလည်း အဲဒီ လူငယ်နဲ့ရင်းနှီးတဲ့ နေအိမ်သုံးလုံးကို ဆက်ပြီး ဖျက်ဆီးခဲ့ကြပါသေးတယ်။ ဒီအတောအတွင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင် (၅၀) လောက် လာရောက်ခဲ့ပေမယ့် တစ်စုံတစ်ရာ တားဆီးတာမျိုး မလုပ်ခဲ့ကြဘူးလို့ ဆိုပါတယ်။

ဇာတ်လမ်းနိဂုံးချုပ်မှာတော့ အစ္စလာမ်ဘာသာဝင် လူငယ်ကို ရဲတပ်ဖွဲ့က ဧည့်စာရင်းမတိုင်တဲ့ပုဒ်မနဲ့ သာယာဝတီဘက်ကို ခေါ်သွားပါတယ်။ နေအိမ်ဖျက်ဆီးခံရတဲ့ ဗုဒ္ဓဘာသာဝင် မိသားစုတွေကိုတော့ ရဲတပ်ဖွဲ့က စောင့်ရှောက်ပေးထားရပါတယ်။ ထူးခြားတာတစ်ခုက လူစုလူဝေးနဲ့ နေအိမ်ဖျက်ဆီးသူတွေထဲက တစ်စုံတစ်ယောက်မှ ဖမ်းဆီး စစ်ဆေး အရေးယူ မခံရတာပါ။ ပြဥနာ မဖြစ်ပွားခင်မှာရော ပြဿနာ ဖြစ်ပွားနေစဉ်မှာပါ လူစုလူဝေးနဲ့ အကြမ်းဖက်ဖို့ ကြိုးစားသူတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင် တစ်ချို့၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးလို့ခေါ်တဲ့ မ.ဘ.သ အဖွဲ့ဝင်တစ်ချို့ အခြေအတင် မေတ္တာရပ်ခံပြောဆိုတာ၊ ညှိနှိုင်းတာမျိုး ရှိခဲ့တဲ့အတွက် အကြမ်းဖက်သူ ဘယ်သူဘယ်ဝါတွေ ဆိုတာ သိနေကြတဲ့သဘောရှိပါတယ်။ ဒါပေမယ့် အရေးယူမှု မရှိခဲ့ပါဘူး။ ဒီ ဖြစ်ရပ်ကို သုံးသပ်ကြည့်ရင် အကြမ်းဖက်သမားတွေဟာ သူတို့ ပစ်မှတ် မိသားစုတွေကို စိတ်တိုင်းကျ အကြမ်းဖက်နိုင်တဲ့ အခြေအနေ တွေ့ကြရမှာဖြစ်ပြီး ထူးခြားတာ တစ်ခုကတော့ အရင်အကြမ်းဖက်မှု ဖြစ်စဉ်တွေမှာလို တိုက်ခိုက် ခံရသူတွေဟာ ဘာသာခြားတွေ မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင် အချင်းချင်း ဖြစ်နေတာပဲဖြစ်ပါတယ်။

ဒေါ်အင်ကြင်းနိုင်။ ။ ဒါနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ဖြစ်စဉ်တွေကို ပြန်သုံးသပ်ကြည့်ရင် ဒီလိုပဲ တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲလာတာ တွေ့ရမှာဖြစ်ပါတယ်။ ပထမ တဆင့် ဘင်္ဂလီတွေနဲ့ ပဋိပက္ခ ဖြစ်ပါတယ်။ ဒီ အကြမ်းဖက်မှုကြီး ဖြစ်ပြီးတဲ့အခါ အစိုးရအာဏာပိုင်တွေကိုယ်တိုင်က ဒါဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ တစ်ဖက်နိုင်ငံက ခိုးဝင်လာတဲ့ ဘင်္ဂလီတွေ ဖြစ်ကြတာ၊ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာဝင်တွေ ဖြစ်ကြတဲ့ ပြဿနာ မဟုတ်ဘူး၊ ဒါကြောင့် ဒီ မီးပွားတွေ မြန်မာနိုင်ငံ ပြည်မထဲ ကူးစက်မလာနိုင်ပါဘူး ဆိုပြီး ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အဲဒီ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေဟာ မန္တလေးတိုင်း မိထ္တီလာ၊ ပဲခူးတိုင်း နေရာတစ်ချို့နဲ့ ရှမ်းပြည်နယ်တွေမှာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ အဖြစ် ကူးစက်ပျံ့နှံ့လာခဲ့ပါတယ်။ အမုန်းတရား ဖြန့်ဖြူးမှုတွေလည်း ပိုမို ကျယ်ပြန့်လာပါတယ်။

ရခိုင်ပြည်နယ်မှာတော့ အစွန်းရောက်တွေရဲ့ လှုပ်ရှားမှုဟာ အဲဒီလောက်နဲ့ ရပ်မနေပါဘူး။ နောက်ထပ် ပစ်မှတ်ဟာ ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာကိုးကွယ်သူ တိုင်းရင်းသား ကမန်လူမျိုး တွေဘက် လှည့်သွားပါတယ်။ ကမန်တွေကို တိုက်ခိုက်တာ၊ ကမန်ကျေးရွာနဲ့ နေအိမ်တွေ ဖျက်ဆီးတာစတဲ့ ပြဿနာတွေ ပေါ်ပေါက်လာပါတယ်။ ဒီလောက်ပဲလားဆိုတော့ မကသေးပါဘူး။ မြောက်ဦးက စပြီး နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေကို အကြပ်ကိုင်ဖို့ ကြိုးစားလာပါတယ်။ အစွန်းရောက်တွေရဲ့အမြင်မှာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေဟာ သူတို့ မုန်းတီးတဲ့ အစ္စလာမ်ဘာသာဝင် ဘင်္ဂလီတွေကို အကူအညီ အထောက်အပံ့တွေ ပေးတယ်၊ ဒါကြောင့် အဲဒီ အဖွဲ့အစည်းတွေကို ထိန်းကွပ်ဖို့ လုပ်ရမယ်ဆိုပြီး တောင်းဆိုချက်တွေထုတ်၊ ဖိအားပေးတာတွေ လုပ်လာပါတယ်။

ဦးစည်သူအောင်မြင့်။ ။ ရခိုင်ပြည်နယ် မြောက်ဦးမှာ ရပ်မိရပ်ဖလို့ ခေါ်တဲ့ အဖွဲ့တွေက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေကို တောင်းဆိုတဲ့ အချက်တွေဟာ အတော်လေး တစ်ဖက်စောင်းနင်း နိုင်ပါတယ်။ အဲဒါတွေကတော့ NGO – INGO အဖွဲ့တွေအနေနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ရာမှာ ဒေသခံတွေပါဝင်တဲ့ ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ဘက်လိုက်မှုမရှိဘဲ အချိုးညီမျှစွာနဲ့ ဆောင်ရွက်ပေးဖို့၊ ရခိုင်လူမျိုးတွေကို အကူအညီပေးတဲ့ ပစ္စည်း၊ အခြား အထောက်အပံ့တွေနဲ့ ပတ်သက်ပြီး ဒီ ကော်မတီကို စီမံခန့်ခွဲခွင့်ပေးဖို့၊ NGO – INGO အဖွဲ့တွေက ကျေးရွာတွေမှာ သွားပြီး ကူညီတဲ့အခါ ကော်မတီက အနည်းဆုံး (၅) ယောက်ကို အတူ လိုက်ပါ ခွင့်ပြုဖို့၊ အကူအညီပေးမယ့် ပစ္စည်းတွေနဲ့ သိုလှောင်ထားရှိမှု အခြေအနေ ကော်မတီကို အချိန်မရွေး ဝင်ရောက် စစ်ဆေးခွင့်ပေးဖို့၊ စီမံကိန်းကာလနဲ့ အကူအညီပေးမယ့် အဖွဲ့အစည်းရဲ့နာမည် ကော်မတီကို အသိပေးဖို့၊ မြို့နယ်ကျော် အကူအညီပေးတာမျိုး လုံးဝမလုပ်ဖို့၊ အကူအညီပေးတာကို မနက် ၆ နာရီကနေ ည ၆ နာရီ အတွင်းပဲ လုပ်ဖို့၊ အရေးပေါ် အကူအညီလိုရင်တောင် ကော်မတီနဲ့ ချိတ်ဆက်ပြီးမှ လုပ်ဖို့ စတဲ့ အချက်တွေ ပါပါတယ်။

ဒေါ်အင်ကြင်းနိုင်။ ။ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့အစည်းတွေအနေနဲ့ တဖက်စောင်းနင်း နိုင်ပြီး လိုက်နာဖို့ မဖြစ်နိုင်တဲ့ ဒီ စည်းမျဉ်းစည်းကမ်းတွေကို အလျှော့ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီ အချိန်ကတည်းက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ဝင်တွေ တည်းခိုနေထိုင်တဲ့ မြောက်ဦးက ဟော်တယ် ပိုင်ရှင်တွေနဲ့ နေအိမ်ပိုင်ရှင်တွေဟာ အစွန်းရောက်တွေရဲ့ ဖိအားပေး အကြပ်ကိုင် ခြိမ်းခြောက်မှုတွေ ခံခဲ့ရပါတယ်။ ဒီလိုနည်းနဲ့ပဲ စစ်တွေမှာ မာတေဇာ အဖွဲ့က နိုင်ငံခြားသူတစ်ဦး သာသနာ့အလံကို ဖြုတ်ချ မဖွယ်မရာလုပ်တယ်ဆိုတဲ့ ကောလဟလ သတင်းတစ်ခု ထွက်ပေါ်လာတာနဲ့ တပြိုင်နက် အစွန်းရောက်တွေဟာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ဝင်တွေ နေထိုင်ရာ နေအိမ်တွေ၊ ရုံးခန်းတွေ၊ ကုန်ပစ္စည်းသိုလှောင်ရာ ဂိုဒေါင်တွေကို အကြမ်းဖက် ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။

ဦးစည်သူအောင်မြင့်။ ။ အခု အဲလို ပုံသဏ္ဍန်ဆင်တူတဲ့ လှုပ်ရှားမှုမျိုး ပြည်မကြီးထဲမှာ စ ပြီး ပေါ်ပေါက်လာနေပြီလို့ ယူဆနိုင်ပါတယ်။ ပဲခူးတိုင်း၊ နတ်တလင်း တောင်ညိုမြို့သစ်က အကြမ်းဖက်မှုမှာဆိုရင် အစ္စလာမ်ဘာသာဝင်တစ်ယောက်ကို လက်ခံထားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ဗုဒ္ဓဘာသာဝင် နေအိမ်တွေကို ဖျက်ဆီးခဲ့တာပါ။

အလားတူပါပဲ။ သိပ်မကြာသေးခင်တုန်းက လားရှိုးအခြေစိုက် ရှမ်းပြည်မြောက်ပိုင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး မ.ဘ.သ အဖွဲ့ကလည်း ကာတာ အခြေစိုက် အော်ရီဒူး ကုမ္ပဏီက မကြာခင် ထုတ်ရောင်းမယ့် မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို သပိတ်မှောက်ကြဖို့ ထုတ်ပြန်ကြေညာတာတွေ လုပ်လာပါပြီ။ ဒီလှုပ်ရှားမှုတွေကို မတားဆီးနိုင်၊ အရေးမယူနိုင်ဘဲ ကျယ်ပြန့်လာရင် ရခိုင်ပြည်နယ်မှာလို အကြမ်းဖက်မှုဆီကို အချိန်မရွေး ကူးပြောင်းသွားနိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
XS
SM
MD
LG