ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီးဟာ အီတလီနိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံဖို့အတွက် ရောမမြို့ကို ဒီနေ့မှာရောက်ရှိလာခဲ့ပါတယ်။ ရုရှားက ကိဗ်မြို့ အပါအဝင် ယူကရိန်းအလယ်ပိုင်း နဲ့ တောင်ပိုင်းက မြို့တွေကို ဒရုန်းတွေ နဲ့ တိုက်ခိုက်နေချိန်မှာပဲ၊ သမ္မတဇလန်းစကီးဟာ အီတလီနိုင်ငံကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သမ္မတဇလန်းစကီးဟာ ဒီခရီးစဉ်အတွင်း အီတလီသမ္မတ Sergio Mattarella, ဝန်ကြီးချုပ် Georgia Meloni အပြင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ မနေ့ညက ရုရှားဘက်က တိုက်ခိုက်လာတဲ့ ဒရုန်းတွေ အားလုံးကို ယူကရိန်းက လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တွေနဲ့ ပစ်ချနိုင်ခဲ့တယ်လို့ ကိဗ်မြို့မှာရှိတဲ့ ယူကရိန်းစစ်တပ်က ဒီနေ့ ပြောပါတယ်။ ဒါပေမဲ့ အရေအတွက် ဘယ်လောက်ဆိုတာကိုတော့ အတိအကျ ပြောမသွားပါဘူး။
ဒါဟာ အခုလအတွင်း ရုရှားဘက်က ကိဗ်မြို့ကို ဒရုန်းနဲ့ ၆ ကြိမ်မြောက် တိုက်ခိုက်တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် အဆောက်အအုံတွေ တစုံတရာ ထိခိုက်ပျက်စီးတာမရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အလယ်ပိုင်းက Khmelnytskyy မြို့မှာတော့ ရုရှားဘက်က အမြောက်နဲ့ ပစ်ခတ်တာကြောင့် လူတွေထိခိုက်ဒဏ်ရာရတာတွေရှိသလို ကျောင်းတွေ၊ ဆေရုံတွေ အပါအဝင် အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ Mykolaiv မြို့မှာလည်း ရုရှားဘက်က ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် လူ ၃ ယောက် ဒဏ်ရာရပြီး အဆောက်အအုံတွေ ပျက်စီးသွားခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဂျာမနီနိုင်ငံကလည်း ယူကရိန်းကို အမေရိကန်ဒေါ်လာ ၃ ဘီလျံ တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ အကူအညီပေးဖို့ ပြင်ဆင်နေတယ်လို့ ပြောလိုက်ပါတယ်။