သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး လုံလောက်တဲ့ မဲအရေအတွက်မရ


ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုဥပဒေကြမ်းအတွက် ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့မဲခွဲရာ အဓိကအချက်တွေကို ပြင်ဆင်နိုင်ဖို့ လုံလောက်တဲ့ မဲအရေအတွက်မရခဲ့ပါဘူး။ ဖွဲ့စည်းပုံပြင်ဖို့ အရေးပါတဲ့ ပုဒ်မ ၄၃၆ (က)နဲ့ သမ္မတရွေးခြယ်ခံပိုင်ခွင့် ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ) တွေကို ပြင်ဆင်ဖို့ အဆိုပြုထားရာမှာ၊ ၂၀၀၈ဖွဲ့စည်းပုံအရ ပြင်ဆင်နိုင်ဖို့ လုံလောက်တဲ့ မဲအရေအတွက် မရခဲ့ပါဘူး။ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ရေးအဆို မဲခွဲ ဆုံးဖြတ်ခဲ့တာကိုတော့ ရန်ကုန်ရုံးက ဗွီအိုအေ သတင်းထောက်ကိုမိုးဇော် သတင်းပေးပို့ထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ပတ်သက်တဲ့ လတ်တလောပြင်ဆင်သင့်တဲ့ ပုဒ်မတွေကို ဒီလ ၂၃ရက်နေ့က စတင်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ရာက ဒီကနေ့မှာတော့ ပြင်ဆင်မယ့်အချက် တချက်ချင်းစီကို လွှတ်တော်ကိုယ်စားလှယ်တွေက လျှို့ဝှက်မဲပေးပြီး အဆုံးအဖြတ် ပြုခဲ့ကြပါတယ်။ မဲပေးအပြီး နောက်ဆုံးရလဒ်ကိုတော့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ပြောပါတယ်။

“ပြီးပါပြီခင်ဗျာ။ မဲခွဲတာ။ အဲ့ တခုပဲ နိုင်တယ်။ ကျန်တဲ့ဟာတွေ အကုန်လုံး ပေးလိုက်ရတယ် ခင်ဗျ။ မဲခွဲတာ ခြောက်ခုလေ။ ခြောက်ခုမှာ ၅၉ (ဃ) ပေါ့နော်။ စစ်ရေးအမြင်ဆိုတာကနေပြီးတော့ ကာကွယ်ရေးအမြင်ဆိုပြီး တပ်က ထောက်ခံတဲ့အတွက် အဲ့တာတခုပဲ နိုင်တယ်ခင်ဗျ။ အဲ့တာက ၅၅၆ယောက် ထောက်ခံပြီးတော့ ၇၅% ကျော်တယ်ခင်ဗျ။ အဲ့တာတခုပဲ ကျနော်တို့ referendum ဆက်လုပ်ရမှာခင်ဗျ။ ၅၉ (စ) ကကျတော့ ၃၇၁မဲပဲ ထောက်ခံတော့ သူက ၇၅% အောက်ကို ရောက်သွားတယ်။ ပြီးတော့ ၄၃၆ (က)ကလည်း ၃၈၈ ယောက်ကပဲ ထောက်ခံတော့ ဒါလည်း ၇၅% အောက်ကို ရောက်သွားတယ်။ ၄၃၆(ခ) လည်း အဲ့လိုပဲ အဲ့ဒီ့တော့ ကျနော်တို့က ခြောက်ခုမှာ ငါးခုက ရှုံးပြီးတော့ တခုပဲ နိုင်တယ်ပေါ့ဗျာ။ အဲ့လိုဖြစ်သွားတယ်။ ”

မဲပေးတာနဲ့ မဲရေတွက်တာအပေါ်မှာတော့ သံသယမရှိကြောင်း ပြောပါတယ်။

မဲခွဲအပြီး သတင်းစာ ရှင်းလင်းပွဲကျင်းပရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုပါတယ်။

“ကျမတို့ကတော့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေလည်း ပျောက်ကွယ်သွားစရာမလိုဘူး။ ပြည်သူတွေ အနေနဲ့ စိတ်ဓာတ်ကျ သွားစရာလည်း မလိုဘူး။ ဆက်ပြီးတော့ ဘယ်လိုပုံစံနဲ့သွားရမလဲ ဆိုတာကို ပိုတောင်မှ ရှင်းရှင်းလင်းလင်းနဲ့မြင်နိုင်တဲ့ အနေအထားဖြစ်သွားနိုင်တယ်လို့ ဒီလိုပဲ ယူဆတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး အချက်တခုတည်းနဲ့ မသက်ဆိုင်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးဆောင်းပါးတွေ ရေးသားနေတဲ့ ဆောင်းပါးရှင် မိုးလယ်ညကတော့ ဒါဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားအရ မပြောင်းလဲနိုင်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ ပြည်သူငါးသန်းကဗျာ ၄၃၆ ပြင်ဆင်ပေးဖို့ လက်မှတ်ရေးထိုးပြီးတော့ တောင်းဆိုထားတာ ရှိတယ်ဗျာ။ ဒီနေ့က ပြည်သူတွေ လိုလားတဲ့ အချက်တွေ မရဘူးဆိုတဲ့အခါကျတော့ ပြည်သူ့လွှတ်တော်လို့ နာမည်တပ်ထားပေမဲ့ ပြည်သူ့လွှတ်တော်က ပြည်သူ့ဆန္ဒကို မထင်ဟပ်ဘူးဆိုတဲ့ သဘောပေါ့ဗျာ။ အဓိကကတော့ ဒါ စစ်တပ်ကိုယ်စားလှယ် ၂၅% က ဟိုဘက်က ပါနေပြီးတော့ ၂၅% ရဲ့ မဲသည် ရှင်းရှင်းလေးပဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့သဘောထား အဲ့တော့ ကာကွယ်ရေးဦးစီးချုပ်က တကယ်ပြောင်းစေချင်တယ်ဆိုရင် ပြောင်းမှာပဲ။ မပြောင်းစေချင်ရင်တယ်ဆိုရင် မပြောင်းဘူး။ ဒါကြောင့်လည်း ကျနော်တို့က ၄၃၆ ကိုပြောင်းစေချင်တာလေ။ လူတစ်ဦးတယောက်ရဲ့ လက်ထဲမှာ နိုင်ငံရေးကံကြမ္မာရှိနေတာဟာ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီဘူးပေါ့ဗျာ။”

ဗွီအိုအေနဲ့ သီးသန့်အင်တာဗျူးမှာတော့ ကာကွယ်ရေး ဦးစီးချုပ် က ၄၃၆ ပြင်ဆင်ဖို့ လက်မှတ်ထိုးဆန္ဒ ပြုထားတဲ့ လူဦးရေ ငါးသန်း ဟာ မြန်မာနိုင်ငံ လူဦးရေရဲ. ၁၀ ရာခိုင်နှုန်းပဲရှိကြောင်းနဲ့ ကျန် တဲ့ လူဦးရေ ၄၆ သန်းရဲ့ ဆန္ဒကိုလည်း ကြည့်ရဦးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ပုဒ်မ ၄၃၆ (က) နဲ့(ခ) ဟာ ဖွဲ့စည်းပုံပါ ပုဒ်မတွေကို ပြင်ဆင်လိုတယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းကျော်က ထောက်ခံရမယ် ဒီလို ထောက်ခံပြီးတဲ့နောက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့သာ ပြင်ဆင်ရမယ်လို့ ပါရှိတာဖြစ်ပါတယ်။

လက်ရှိပြင်ဆင်ဖို့ တင်ပြတဲ့အထဲမှာမူလ ၇၅ရာခိုင်နှုန်းကို ၇၀ရာခိုင်နှုန်းအထိ လျော့ချထားတာဖြစ်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်အစား ဆန္ဒမဲပေးသူရဲ့ ထက်ဝက်ကျော်လို့ ပြင်ဆင်ဖို့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီက တင်ပြ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီပြင်ဆင်ချက်ဟာ လုံလောက်မှုမရှိကြောင်း ထောက်ပြထားပေမဲ့ အခုအခါမှာတော့ တပ်မတော်သားကိုယ်စားလှယ်တွေ ထောက်ခံမှုမရတာကြောင့် ပြင်ဆင်ဖို့အရေးဟာ ရှုံးနိမ့်ခဲ့တာပါ။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အရေးပါတဲ့ ပုဒ်မဖြစ်တဲ့ ၄၃၆ ကိုပြင်ဆင်နိုင်တာ မရှိတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းဖြစ်လာနိုင်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာလည်း ရိုက်ခတ်လာနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်တာတွေ ရှိနေပါတယ်။

၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအရ ဖွဲ့စည်းပုံပါ အရေးကြီးတဲ့ပုဒ်မတွေကို ပြင်ဆင်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရဲ့ ထောက်ခံမှုနဲ့ လူထုဆန္ဒခံယူပွဲကျင်းပရမယ်လို့ ဆိုထားပါတယ်။ လူထုဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိသူ တဝက်ကျော်ဆန္ဒမဲနဲ့ ပြင်ဆင်ချက်အတည်ဖြစ်မယ်လို့ ဆိုပါတယ်။

အခု ပြင်ဆင်ရေးအဆိုပြုချက်မှာ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းထောက်ခံမှုအစား၊ ၇၀ ရာခိုင်နှုန်းထောက်ခံမှုဖြစ်ရမယ် ဆိုထားတာပါ။ ဒီအဆိုပြုချက်ကို မဲခွဲရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရဲ့ထောက်ခံချက်မရတာကြောင့်၊ ဖွဲ့စည်းပုံပြင်ရေးမှာ လွှတ်တော်အမတ်တွေရဲ့ လုံလောက်တဲ့ မဲအရေအတွက် မရခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG