သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပြန်ဖြစ်ဖို့ ဝ တပ် မလိုလား


UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေတွင်းက ဝပြည်သူများကို တွေ့ရစဉ်။
UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေတွင်းက ဝပြည်သူများကို တွေ့ရစဉ်။

မြန်မာအစိုးရတပ်တွေနဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်တွေကြား တင်းမာမှုဖြစ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းတုံ၊ မိုင်းဆတ်ဒေသမှာ အစိုးရတပ်တွေ အင်အားတိုးချထားပြီး နှစ်ဘက်တပ်တွေ အသင့်အနေအထားရှိပေမယ့် စစ်ပွဲတွေ ပြန်ဖြစ်မှာကိုမလိုလားဘူးလို့UWSA က ပြောပါတယ်။ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့ အကြီးအကဲတွေနဲ့ UWSA တောင်ပိုင်းတပ် ဆက်ဆံရေးတာဝန် ခံတို့ ဒီသီတင်းပတ်ထဲ နေပြည်တော်မှာ တွေ့ဆုံအပြီး အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရတာဝန်ရှိသူတွေက ဖိတ်ခေါ်တာကြောင့် UWSA တောင်ပိုင်းတပ် ဆက်ဆံရေးတာဝန်ခံနဲ့အဖွဲ့ဟာ ဇွန်လ၂၅ ရက်နေ့က နေပြည်တော်ကို သွားရောက်ပြီး မြန်မာအစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးမှု အသေးစိတ်ကို နှစ်ဘက်စလုံးက သတင်းမထုတ်ပြန်ပေမယ့် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ထိပ်တိုက်ဖြစ်နေတဲ့ နှစ်ဘက်တပ်တွေရဲ့အနေအထားကို ညှိနှိုင်းတာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ စစ်ရေးသုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။ အစိုးရတပ်တွေနဲ့ တင်းမာမှုဖြစ်နေတယ်ဆိုပေမယ့် စစ်ပွဲတွေ ပြန်ဖြစ်လာမှာကို မလိုလားဘူးလို့UWSA ပြောခွင့်ရသူ ဦးအောင်မြင့်က ပြောပါတယ်။

“ကျနော်တို့ကတော့ ငြိမ်းချမ်းရေးကိုလိုလားတယ်။ ဒါကြောင့်မို့လို့ တင်းမာမှုတွေ တခါပြီးတခါ၊ တခါပြီးတခါ ဒီလို မတော်တဆ ဖြစ်သွားမှာကိုလည်း စိုးရိမ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကလည်း သတိနဲ့တော့ ရှိပါတယ်။ တိုက်ပွဲတွေက မဖြစ်ချင်ဘူး၊ သေနတ်သံလည်း မကြားချင်ဘူး။ သေနတ်သံ မကြားလို့လည်း ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေလာတာ ၂၆ နှစ် ရှိလာပြီလေ။”

သစ်ခိုးထုတ်မှုကြောင့်ဆိုပြီး အစိုးရတပ်တွေက ဒေသခံတွေကိုဖမ်းဆီးခဲ့သလို သစ်တွေကိုလည်း သိမ်းဆည်းခဲ့ပြီးနောက် အစိုးရတပ်နဲ့ UWSA တပ် တွေကြား ကျိုင်းတုံမြို့နယ် ပုံပါကျင်ဒေသမှာ ဇွန်လ ဒုတိယအပတ်လောက်ကစလို့ တင်းမာမှုတွေပြန်ဖြစ်လာရတာပါ။ ဒါပေမယ့် ဖမ်းဆီး ထားသူတွေကိုရော သစ်တွေကိုပါ ဒဏ်ငွေနဲ့ ပြန်ရွေးလို့ရခဲ့တယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

“တောင်ပိုင်းက မိုင်းတုံ၊ မိုင်းဆတ်ဒေသက ဒုတိယအကြိမ် ထပ်ပြီးတော့ တင်းမာမှုဖြစ်လာတဲ့ ကိစ္စတွေပါ။ ဆွေးနွေးတယ်ဆိုတာလည်း နိုင်ငံတော် လူကြီးက ခေါ်လို့ပါ။ ကိုယ်စားလှယ်နှစ်ယောက်ကနေပြီး ဟိုသွားတာဖြစ်ပါတယ်။။ ပထမအကြိမ်ကတော့ သစ်ကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြစ်တဲ့ကိစ္စ၊ ဖြစ်တဲ့ကိစ္စကို သမ္မတကြီးရဲ့ညွှန်ကြားချက်နဲ့ လက်ခံတယ်။ လက်ခံတော့ ကျနော်တို့လည်း တပ်ကိုပြန်ဆုတ်တယ်။

မြန်မာနဲ့ နယ်ချင်းထိနေတဲ့ ယူနန်ပြည်နယ်အတွင်းက ပရိဘောဂစက်ရုံကို ရောက်သွားတဲ့ မြန်မာ့သစ်မာတွေကို တွေ့ရစဉ်။
မြန်မာနဲ့ နယ်ချင်းထိနေတဲ့ ယူနန်ပြည်နယ်အတွင်းက ပရိဘောဂစက်ရုံကို ရောက်သွားတဲ့ မြန်မာ့သစ်မာတွေကို တွေ့ရစဉ်။

တပ်မတော်ဘက်ကလည်း ဆုတ်သွားပြီးပြီ။ ဆုတ်သွားပြီးတော့ သမ္မတကြီးရဲ့ညွှန်ကြားချက်အရ သစ်တွေကို သိမ်းမယ်။ သိမ်းပြီးတော့ သူတို့ သစ်တောရဲ့လုပ်ထုံးလုပ်နည်းအရ ဒီသစ်တွေကို ဒဏ်ငွေရိုက်ပြီးတော့ ကျနော်တို့ကို ပြန်ရောင်းပေးတယ်။ ဖမ်းထားတဲ့ ၁၆ ယောက်ကိုလည်း အားလုံး ပြန်လွှတ်ပေးမယ်၊ ဒါကလည်း ဒဏ်ငွေနဲ့ပဲ။ အယောက် ၅၀ ပြန်လွှတ်မယ်။ ဒါတွေကိုလည်း ကျနော်တို့က အားလုံးလက်ခံပါတယ်။ ဒီတော့ ကျနော်တို့တပ်လည်းဆုတ်တယ်။ တပ်မတော်ကလည်း ဆုတ်သွားတယ်။”

သစ်ခိုးထုတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူ ၁၆ ယောက်ထဲမှာ တဘက်နိုင်ငံက တရုတ်နိုင်ငံသားတွေပါဝင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။ ဒီအချက်ကိုတော့ UWSA ဦးအောင်မြင့်က ငြင်းဆိုပါတယ်။

“တရုတ်နိုင်ငံသားဆိုတာ တရုတ်နိုင်ငံထဲက နိုင်ငံသားမဟုတ်ပါဘူး။ ဗမာဆယ်ယောက်ပါတယ်ဗျာ၊ အလုပ်သမားပါ။ နောက် လားရှိုးက ပလောင် တိုင်းရင်းသား တယောက်ပါတယ်။ သူလည်း အလုပ်သမားပါပဲ။ နောက် ဝ တယောက်ပါတယ်။ ပြီးတော့ တရုတ်က လေးယောက်ဆိုပြီးတော့ ပြောတယ်။”

အစိုးရတပ်တွေနဲ့ UWSA တပ်တွေကြား ပြေလည်မှု ရခဲ့ပေမယ့် ဇွန်လလယ်ပိုင်းမှာ နှစ်ဘက်တပ်တွေ အပြန်အလှန်ပိတ်ဆို့တဲ့အထိ တင်းမာမှုတွေ ပြန်ဖြစ်လာခဲ့တယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

“တပ်မတော်ဘက်က လုံခြုံရေးအရဆိုပြီးတော့ ဟိုဘက်ကို ပြန်ဝင်တယ်။ ကျိုင်းတုံရဲ့အောက်က ပုံပါကျင်အောက်က လွယ်ပုံ…လား၊ ဒီဒေသမှာ ဖြစ်ပါတယ်။ ပြန်ဝင်လာတာနဲ့ ကျနော်တို့နဲ့ ပြန်ပြီးတော့ သူ့လမ်းပိတ်၊ ကိုယ့်လမ်းပိတ်ပေါ့ဗျာ။ သူတို့တပ်တွေကတော့ တိုးတယ်။ တင့်ကားပါ အမြောက်တွေ ဘာတွေ အားလုံး တိုးတာပဲ။ တပ်မ ၅၅ က တပ်လည်းပါတယ်။ … တပ်ရင်း ၅ ရင်း- ၆ ရင်းတော့ တိုးတယ်။”

အင်အား ၃ သောင်းလောက်ရှိမယ်လို့ ခန့်မှန်းနေကြတဲ့ UWSA ဝတပ်ဖွဲ့ဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ၂ဝ၁၃ ခုနှစ်ကစလို့ အရေးကြီး ကာလအဖြစ် သတ်မှတ်ပြီး သူ့ရဲ့ လက်အောက်ခံတပ်တွေနဲ့ မိသားစုဝင်တွေကို စစ်ရေးသတိ အသင့်ပြင်ထားဖို့ အမိန့်ထုတ် ထားပါတယ်။

XS
SM
MD
LG