သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို IRE အဖွဲ့က Don Bolles ဆုတံဆိပ်ချီးမြှင့်


မေလတွင်း တရားရုံးချိန်းတခုတွင် တွေ့ရသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦး။ ၂၁ မေ၊ ၂၀၁၈။

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီး တရားစွဲဆိုခံနေရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးရဲ့ လုပ်ဆောင်ချက်ကို နိုင်ငံတကာက အသိအမှတ်ပြု ချီးကျူး ဂုဏ်ပြုတာတွေ ပိုတိုးလာနေပါတယ်။

အခုနောက်ဆုံး ဆုချီးမြှင့်တဲ့အဖွဲ့က အမေရိကန်ပြည်ထောင်စု၊ မစ်ဇိုရီပြည်နယ်အခြေစိုက် IRE ဆိုတဲ့ စုံစမ်းထောက်လှမ်း သတင်း ထောက်နှင့် အယ်ဒီတာများအဖွဲ့ဖြစ်ပြီး ဒီနှစ်အတွက် Don Bolles ရဲစွှမ်းသတ္တိ ဆုတံဆိပ်ကို ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ချီးမြှင့်လိုက်တာပါ။

နှောက်ယှက်ခြိမ်းခြောက်တာ ဒါမှမဟုတ် လူထုအတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်တဲ့ အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားတာတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး သူမတူတဲ့ ရဲစွမ်းသတ္တိကိုပြသတဲ့ စုံစမ်းထောက်လှမ်း သတင်းထောက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီ Don Bolles ဆုတံဆိပ်ကို ရွေးချယ် ချီးမြှင့်တာပါ။

IRE အဖွဲ့ဥက္ကဌ Matt Goldberg က “ကိုယ့်အလုပ်ကို စူးနစ်လုပ်ဆောင်တဲ့ ဒီသတင်းထောက်နှစ်ယောက်ဟာ ကိစ္စရပ်တခုပေါ်မှာ စိတ်ဝင်စားကြတာပါ၊ အဲဒီကိစ္စကတော့ အမှန်တရားပါပဲ၊ အမှန်တရားကို ရှာဖွေဖော်ထုတ်တာဟာ မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ်၊ တခြား ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ရာဇဝတ်မှုမဖြစ်သင့်ပါဘူး” လို့ ပြောပါတယ်။

၁၉၇၅ ခုနှစ်မှာ စတင်ဖွဲ့စည်းတဲ့ IRE အဖွဲ့ဟာ ကမ္ဘာတဝန်း စုံစမ်းထောက်လှမ်း ရေးသားတင်ပြတဲ့ သတင်းတွေရဲ့ အရည်အသွေး ကောင်းမွန်တိုးတက်စေဖို့ ဦးတည်ထားလုပ်ဆောင်တဲ့ ပရဟိတအဖွဲ့တခုဖြစ်ပါတယ်။

အရီဇိုးနားပြည်နယ်၊ ဖီးနစ်က်စ်မြို့အခြေစိုက် Arizona Republic သတင်းစာက စုံစမ်းထောက်လှမ်းသတင်းထောက် Don Bolles ကို ဂုဏ်ပြုပြီး သူ စတင်လုပ်ဆောင်တဲ့ Arizona Project နှစ် ၄၀ ပြည့် နှစ်ပတ်လည်ဖြစ်တဲ့ ပြီးခဲ့တဲ့နှစ်က စပြီးတော့ ဒီဆုကို ဖန်တီး ချီးမြှင့်တာပါ။ Don Bolles ဟာ ၁၉၇၆ ခုနှစ်က ကားဗုံးခွဲ တိုက်ခိုက်ခံရပြီး သေဆုံးသွားတာဖြစ်ပါတယ်။

သူသေဆုံးတဲ့အချိန်မှာ Don Bolles ဟာ ရာဇဝတ်ဂိုဏ်းတွေနဲ့ အချိတ်အဆက်ရှိတဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ လူပုဂ္ဂိုလ် တွေ ပါဝင်ပတ်သက်နေတဲ့ မြေယာ လိမ်လည်လှည့်ဖျားမှုဆိုင်ရာ စွပ်စွဲချက်တွေကို စုံစမ်း သတင်းလိုက်နေချိန်ဖြစ်ပါတယ်။

သူ လုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့နောက် အမေရိကန်နိုင်ငံတဝန်းက သတင်းထောက် အယောက် ၄၀ နီးပါး အရီဇိုးနားပြည်နယ်ကို သွားပြီး Don Bolles ရဲ့ စုံစမ်းထောက်လှမ်းမှုကို ပြီးဆုံးအောင် ဆက်လုပ်ကြပါတယ်။ အဲဒီသတင်းထောက်တွေ စုံစမ်း ထောက်လှမ်း ရေးသားတဲ့ သတင်းတွေကို နိုင်ငံတဝန်း သတင်းဌာနတွေက ဖော်ပြကြပါတယ်။

သူတို့အားလုံးပေးလိုက်တဲ့ သတင်းစကားကတော့ သတင်းထောက်တယောက်ကို သတ်ပစ်လိုက်နိုင်ပေမဲ့ သတင်းကိုတော့ သတ်ပစ်လို့မရဘူး ဆိုတာပါ။

IRE အဖွဲ့ရဲ့ လူထုဆက်ဆံရေးကော်မတီဥက္ကဌ Phil Williams က “ဒီနှစ်အတွက် ကျနော်တို့ရဲ့ သတင်းစကားကတော့ အမှန် တရားကို ဖုံးကွယ်ဖို့အတွက် ကမ္ဘာကြီးက သတိမထားမိဘဲ သတင်းထောက်တွေကို ထောင်သွင်းအကျဉ်းချထားလို့ မရပါဘူး ဆိုတာပါပဲ” လို့ပြောပါတယ်။

ဒီ Don Bolles ဆုတံဆိပ်ကို ဇွန်လ ၁၆ ရက်နေ့မှာ ချီးမြှင့်မှာဖြစ်ပြီး ရိုက်တာသတင်းဌာနက ကိုယ်စားလှယ်တွေက ဆုကို လက်ခံ ရယူကြမှာပါ။

IRE အဖွဲ့က ရဲစွှမ်းသတ္တိ ဆုတံဆိပ် ချီးမြှင့်တယ်လို့ ကြေညာတဲ့ရက်နဲ့ တရက်ထဲမှာလိုပဲ အမေရိကန်အခြေစိုက် Medill အဖွဲ့က လည်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို စာနယ်ဇင်းဆိုင်ရာ ရဲစွမ်းသတ္တိအတွက် ၂၀၁၇ ခုနှစ် James Foley Medill ဆုတံဆိပ် ချီးမြှင့်ထားပါတယ်။

ဒီ့မတိုင်ခင်တုန်းကလည်း Pen American သတင်းလွတ်လပ်ခွင့်ဆိုင်ရာအဖွဲ့က Barbey Freedom To Write လွတ်လပ်စွာ သတင်းရေးသားခွင့်ဆိုင်ရာဆု ချီးမြှင့်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG