သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ရိုက်တာသတင်းထောက်နှစ်ဦး အမြန်ဆုံးပြန်လွှတ်ဖို့ CPJ တောင်းဆို


wa lone and ko kyaw soe oo (Facebook)
wa lone and ko kyaw soe oo (Facebook)

ရခိုင်ပြည်နယ်တွင်းဖြစ်ပွါးတဲ့ သတင်းတွေရေးဖို့ ကြိုးစားတဲ့ ရိုက်တာသတင်းဌာနက သတင်းသမား ၂ ဦးကို ဖမ်းဆီးလိုက်တာဟာ မြန်မာနိုင်ငံတွင်းမှာ သတင်းမီဒီယာဘောင် ပိုပြီး ကျဉ်းမြောင်းလာတာကို ပြနေတယ်လို့ CPJ သတင်းသမားများ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့က ပြောဆိုလိုက်ပြီး သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အာရှလူ့အခွင့်ရေး ကော်မရှင်ကလည်း သတင်းသမား ၂ ဦးကို ဖမ်းဆီးခဲ့တဲ့ ဥပဒေမှာ အသုံးအနှုန်း ဆိုင်ရာမှာ တိတိကျကျ သတ်မှတ် ထားတာမျိုး မရှိတဲ့ အတွက် ကန့်သတ်ချက်မရှိဘူးလို့ ယူဆပြီး သတင်းယူခဲ့ပြီးမှ အဖမ်းခံရတာမျိုးက မဖြစ်သင့်ဘူးလို့ ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ဒီဇင်ဘာလ ၁၂ ရက်နေ့က အဖမ်းခံခဲ့ရတဲ့ ရိုက်တာသတင်းဌာနက မြန်မာသတင်းသမား ၂ ဦးဟာ သူတို့ တာဝန်ကို သူတို့ လုပ်ဆောင်သူတွေဖြစ်ကြောင်း နဲ့ သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နယူးရောက် အခြေစိုက် CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ က အမှုဆောင် ဒါရိုက်တာ Joel Simon က ပြောကြားလိုက်ပါတယ်။

“သူတို့ ၂ ယောက်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ဒီသတင်းထောက်တွေဟာ ကမ္ဘာမှာ သိပ်ကို အရေးပါတဲ့ သတင်းကို လိုက်နေတာမို့ သူတို့ လုပ်ရမယ့် အလုပ်ကို လုပ်နိုင်ဖို့ လိုပါတယ်။ အခု မြန်မာနိုင်ငံမှာ သတင်းမီဒီယာဘောင် ကျဉ်းမြောင်း လာတာ ကို တွေ့နေရပြီး အခုလို သူတို့ကို ဖမ်းဆီးလိုက်တာကနေ ဥပမာအဖြစ် တွေ့နိုင်ပါတယ်။ သူတို့ ၂ ယောက်က တရားဥပဒေ ချိုးဖေါက်မှု တစုံတရာ ကျူးလွန်ခဲ့တာမျိုးလည်း ကျွန်တော်တို့ မတွေ့ရပါဘူး။ ဒါကြောင့် သူတို့ လုပ်နေတာဟာ သတင်းသမားတွေ အလုပ်ကို တရားဝင်လုပ်တာ လို့ ကျွန်တော်တို့ ယုံကြည်ကြောင်း ပြောပါရစေ။”

ရိုက်တာသတင်းဌာနက အယ်ဒီတာချုပ်ကလည်း ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပြီး သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ သူတို့သတင်းနဲ့ ပတ်သက်ပြီး အဖမ်းခံရတာမို့ အခုလို သတင်းလွတ်လပ်မှုကို တိုက်ရိုက် ထိပါး တိုက်ခိုက်ခဲ့တာအတွက် သိပ်ကို စိတ်ဆိုး ဒေါသထွက်ရကြောင်းနဲ့ သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

အခုလို သူတို့ ၂ ယောက် အဖမ်းခံရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ အနေထားက အဖိနှိပ် ခံနေရတယ် ဆိုတာကို သတိပေးရာ ရောက်နေတာမို့ သိပ်စိတ်ပူတယ် လို့လည်း CPJ ရဲ့ အမှုဆောင်ဒါရိုက်တာ Joel Simon က ပြောပါတယ်။

“ကျနော်သိပ်ကို စိတ်ပူပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေကို ဆက်ပြီး ဖိနှိပ်နေတယ် ဆိုတာနဲ့ ဒါဟာ ပိုပြီး တိုးလာနေတယ်ဆိုတာကို သတိပေးနေတာပါ။ သူတို့ ၂ ယောက်ဟာ ထူးထူး ခြားခြားပဲ သိပ်အထိမခံတဲ့ အနေထား တခုဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲက သတင်းတွေကို လိုက်နေရင်း အင်္ဂါညက အဖမ်းခံ ခဲ့ရတာ ဖြစ်ပြီး သူတို့ကို နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ အရေးယူထားတယ် ဆိုတာပဲ သိရပါသေးတယ်။”

အသက် ၃၁ နှစ် ရှိပြီဖြစ်တဲ့ ကိုဝလုံးနဲ့ အသက် ၂၇ နှစ်အရွယ် ကိုကျော်စိုးဦးတို့ကို စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိမှုနဲ့ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ အမှတ် ၃ နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ပစ်မှု ထင်ရှားရင် ထောင်ဒဏ် ၁၄ နှစ် အထိ ကျခံရနိုင်ပါတယ်။ ဒီ ဥပဒေဟာ ၁၉၂၃ ခုနှစ် ကိုလိုနီခေတ်က ပြဌာန်းခဲ့တဲ့ ဥပဒေတရပ်မို့ ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံအတွက် ပြင်သင့်နေပြီလို့ AHRC အာရှလူ့အခွင့်ရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“အင်္ဂလိပ်ခေတ်က ပြဌာန်းထားတဲ့ ဥပဒေ အရပဲ ဒါကို ဆက်သုံးနေတယ် ဆိုတော့ တချို့နေရာတွေမှာ ကျတော့ ခေတ်အခါနဲ့ မကိုက်တာတွေ ရှိတယ်။ အဲဒီတော့ နေရာဒေသ ဥပမာ တားမြစ်နယ်မြေ၊ ကန့်သတ်နယ်မြေ ဆိုတာတွေပေါ့။ အဲဒီ အသုံးအနှုန်းတွေက အစ၊ တိတိကျကျ ဖြစ်အောင် ပြန်လည် ပြင်ဆင် ပြဌာန်းသင့်တယ်။ စစ်ဆင်ရေး နယ်မြေ ဆိုရင် စစ်ဆင်ရေးနယ်မြေ ဖြစ်တဲ့အကြောင်း တားမြစ်နယ်မြေဆို တားမြစ်နယ်မြေ၊ ကန့်သတ်နယ်မြေဆို ဘယ်လိုနေရာမျိုးတွေ ဖြစ်တဲ့ အကြောင်း စတာတွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် သတ်မှတ် ထားမယ် ဆိုရင်တော့ အခုလိုမျိုး ပြဿနာတွေ မပေါ်နိုင်တော့ ဘူးပေါ့။

အခု အဲဒီလို မသတ်မှတ် ထားတဲ့ အတွက် သတင်းသမားတွေက သတင်းရနိုင် ဖို့ အတွက် နီးစပ်ရာ ဒေသခံရဲစခန်းတွေမှာ စုံစမ်း မေးမြန်း ပြီးတော့ သတင်းယူတယ်။ ဒေသခံ လူထုတွေနဲ့ တွေ့ပြီးတော့ မေးမြန်းတယ်။ ဆိုတာ ရတယ်လို့ သူတို့ယူဆတဲ့ အတွက် အဲဒီလို သတင်းယူတာ ဖြစ်တယ်။ သတင်းယူပြီး ပြန်လာတော့မှ ဖမ်းတယ် ဆိုတာက မဖြစ်သင့်တဲ့ ကိစ္စဖြစ်တဲ့အတွက် အစောကတည်းက ခွင့်မပြုတဲ့ နေရာ ဒေသဆိုရင် သွားခွင့်မပြုဘူးဆိုရင် မပြုဘူး ရှင်းရှင်းလင်းလင်း ပြောထားရင် ဒီလို ဖြစ်လာ နိုင်စရာ အကြောင်းမရှိဘူး။ ”

သူတို့ကို ဖမ်းဆီးခဲ့တဲ့ ဥပဒေမှာ အသုံးနှုန်းဆိုင်ရာ တိတိကျကျ သတ်မှတ်တာမျိုး မရှိတဲ့အတွက် ကန့်သတ်ချက်မရှိဘူးလို့ ယူဆပြီး သတင်းယူခဲ့ပြီးမှ အဖမ်းခံရတာမျိုးက မဖြစ်သင့် ဘူး လို့လည်း ပြောပါတယ်။ ဒါ့ကြောင့် သတင်းသမားတွေ အလုပ်ကို ကောင်းကောင်း လုပ်နိုင်အောင် အစိုးရက အဖြေရှာသင့်ပြီလို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

“သတင်းထောက်တွေ အနေနဲ့ကတော့ လွတ်လပ်စွာ သတင်းယူခွင့် ရသင့်တာပေါ့နော်။ ဒီလိုမျိုး စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ နေရာမဟုတ်ဖူး။ နောက်ပြီး အထူးတင်းကြပ်ထားတဲ့ ဒေသ မဟုတ်ဖူး ဆိုရင်တော့ သတင်းသမားတွေ အနေနဲ့ သက်ဆိုင်ရာ ရဲစခန်းတွေနဲ့ ဆက်သွယ်ပြီး တော့ တိကျတဲ့ သတင်းအချက်အလက်တွေ ရယူနိုင်ဖို့ အခွင့်အရေး သူတို့မှာ ရှိပါတယ်။ ဒီလိုမျိုး ယူနိုင်ဖို့လည်း နိုင်ငံတော် အစိုးရကနေ ဆောင်ရွက်ပေးသင့်တယ်။

အခု ကျနော်တို့ ဖြစ်နေတဲ့ ကိစ္စတွေမှာ သတင်းအမှန်တွေကို နိုင်ငံတကာက မသိရတဲ့ အတွက် ကျွန်တော်တို့မှာ အမှန်ကနေ အမှားဖြစ်၊ များများ လိမ်တဲ့လူက အမှန်ဖြစ်။ အဲဒီလို မျိုး အဖြစ်တွေနဲ့ ကြုံနေရတယ်။”

ရိုက်တာသတင်းထောက် ၂ ဦးအဖမ်းခံခဲ့ရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အခြေစိုက် အမေရိကန်သံရုံးက သတင်းထောက် တွေအနေနဲ့ လွတ်လပ်စွာ သတင်းရယူ ရေးသားနိုင်ဖို့ လိုအပ်သလို အခု ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ရှင်းလင်းထုတ်ပြန်ဖို့ အပြင် သက်ဆိုင်သူတွေနဲ့ သတင်းထောက်တွေကို တွေ့ဆုံခွင့်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

အီးယူ ဥရောပသမဂ္ဂရုံးကလည်း ဒီကိစ္စကို စောင့်ကြည့်နေပြီး မြန်မာ အာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ အခွင့်အရေးတွေ အပြည့်အ၀ အကာကွယ်ပေးဖို့ တောင်းဆိုလိုက်သလို မီဒီယာ လွတ်လပ်ခွင့်ဟာ ဒီမိုကရေစီစံနစ်ရဲ့ အခြေခံ အုတ်မြစ်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG