သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀နယ်မှာ အချုပ်အခြာ အာဏာ ဆုံးရှုံးသွားနိုင်သလား


ဝ-မိုင်းလား ဒေသ မြေပုံ။ (ဓာတ်ပုံ Panglong.org)
ဝ-မိုင်းလား ဒေသ မြေပုံ။ (ဓာတ်ပုံ Panglong.org)
ဦးစည်သူအောင်မြင့်။ ။ ဥရောပတိုက်မှာ ယူကရိန်း ပြည်တွင်းရေး ပဋိပက္ခပေါ်ပေါက်လာပြီး ရုရှားက ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းယူလိုက်တဲ့အခါ မြန်မာ့နိုင်ငံရေး လေ့လာသူတွေ သတင်းစာဆရာတွေက UWSA ခေါ် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ထိန်းချုပ်ထားတဲ့ ၀ ဒေသ မှာလည်း အလားတူ ပြဿနာမျိုး ပေါ်ပေါက်လာလေမလားဆိုပြီး မေးခွန်းတွေ ထုတ်ကြ၊ ဆောင်းပါးတွေ ရေးသားကြပါတယ်။ လတ်တလော အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တစ်တိုင်းပြည်လုံး ဆိုင်ရာ အပစ်ရပ်စာချုပ် ချုပ်ဖို့ ဆွေးနွေးနေကြချိန်၊ နောင် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်တဲ့အခါ ဘယ်လို ပြည်ထောင်စု ပုံပန်းသဏ္ဍာန် တည်ဆောက်မယ်ဆိုပြီး ငြင်းခုံနေကြချိန်မို့ ၀ နယ်အရေး အားလုံးအတွက် ရတက်မအေးစရာ ဖြစ်လာနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုရက်ပိုင်းအတွင်းမှာပဲ ၀ ဒေသ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ နံပါတ် (၁၀) ခေါင်းဆောင်လည်းဖြစ်တဲ့ ဦးအောင်မြင့်က ဝနယ်ကို ခရိုင်းမီးယားနဲ့ ခိုင်းနှိုင်းတာဟာ မှန်ကန်မှု မရှိတဲ့ အကြောင်း၊ ဒါဟာ ဝဒေသ အခြေအနေကိုမသိလို့ ဝေဖန်ပြောဆိုနေကြတာ ဖြစ်ကြောင်း၊ ၀ နယ်အနေနဲ့ မြန်မာနိုင်ငံထဲက ဘယ်တော့မှ ခွဲထွက်မှာမဟုတ်ကြောင်း သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုပါတယ်။
သူပြောသလို ၀ နယ်ဟာ ယူကရိန်း ခရိုင်းမီးယား ပြဿနာနဲ့ တူညီမှု မရှိဘူးဆိုတာ အမှန်ပဲလား၊ UWSA ထိန်းချုပ်ထားတဲ့ ၀ နယ် ဘယ်လို ပေါ်ပေါက်လာသလဲ၊ လက်ရှိ ဘယ်လို အခြေအနေ ရှိနေသလဲ၊ ၀ နယ် အရေး ဘယ်နည်းဘယ်ပုံ ပြေလည်နိုင်မလဲ ဆိုတာ ခုတစ်ပတ်မှာ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒေါ်အင်ကြင်းနိုင်။ ။ လက်ရှိ အစိုးရသတ်မှတ်ချက်အရ ၀ ဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ရခွင့်ရ တိုင်း ဖြစ်ပါတယ်။ ခရိုင်နှစ်ခု၊ မြို့နယ် ၆ ခုပါ။ ဒီအထဲကမှ မြို့နယ် ၄ ခုကို UWSA က ထိန်းချုပ်ထားပါတယ်။ စတုရန်း ကီလိုမီတာ (၁၇,၀၀၀) ကျယ်ဝန်းလို့ စတုရန်း ကီလိုမီတာ (၁၀,၀၀၀) ကျော်ရှိတဲ့ ရန်ကုန်တိုင်း၊ (၁၁,၀၀၀) တစ်ထောင်ကျော်တဲ့ ကယားပြည်နယ်၊ (၁၂,၀၀၀) ထောင်ကျော်ရှိတဲ့ မွန်ပြည်နယ်တွေထက် ကျယ်ဝန်းပါတယ်။ အိမ်နီးချင်း တရုတ်ပြည်နဲ့ ကီလိုမီတာ ၄၀၀ ကျော် ထိစပ်နေပြီး တရုတ်ပြည်ဘက် အခြမ်းမှာလည်း ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ရှိနေပါတယ်။ ၀ တွေကတော့ သူတို့ဒေသကို မြို့နယ်ပေါင်း ၂၀ လောက်နဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

ဦးစည်သူအောင်မြင့်။ ။ ၁၉၇၀ ခုနှစ်တွေ မတိုင်ခင်တုန်းက ၀ နယ်ဟာ ခေတ်နောက်ကျတဲ့ လူသူ အရောက်အပေါက်နည်းတဲ့ ဒေသတစ်ခုပဲ ဖြစ်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် ရန်ကုန်မှာ တရုတ်- ဗမာ အရေးအခင်းကြီး ဖြစ်ပွားပါတယ်။ မြန်မာပြည်ရောက် တရုတ် အသိုင်းအဝိုင်းမှာ တရုတ်ပြည်က ယဉ်ကျေးမှု တော်လှန်ရေး ကူးစက်ပြီး မော်စီတုန်းရင်ထိုး တပ်ဆင်တဲ့လှုပ်ရှားမှု၊ မော်စီတုန်းထောက်ခံတဲ့လှုပ်ရှားမှု လုပ်ကိုင်ရာကနေ စ ပေါ်ပေါက်လာတာပါ။ ဒီအပေါ် အခြေခံပြီး တရုတ်မုန်းတီးရေး၊ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

၁၉၆၇ ဇူလိုင် ၂၆ မှာ ဗမာ အများစုပါတဲ့ လူအုပ်စုတွေက တရုတ်တွေကို သတ်ဖြတ်တာ၊ တရုတ်အိမ်တွေကို မီးရှို့တာ၊ ဖျက်ဆီးအကြမ်းဖက်တာ လုပ်ပါတယ်။ ဒါတင်မက သက်ဆိုင်ရာနိုင်ငံ အစိုးရက အကာအကွယ် ပေးရမယ့် ရံုံး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးရုံးတွေပါ တိုက်ခိုက်ခံရ၊ ဝန်ထမ်းတစ်ချို့ သတ်ဖြတ်ခံရသည် အထိ အကြမ်းဖက်မှုက ကြီးမားခဲ့ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ အဲဒီအချိန် စစ်အာဏာ သိမ်းပြီး အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်နေဝင်းဟာ ရခိုင်ပြည်နယ်မှာ ဆန်ပြတ်လပ်မှုကြောင့် ပြည်သူတွေ အုံကြွမှု ဖြစ်ပေါ်နေတာကို လမ်းလွဲှအောင် တရုတ်-ဗမာ အဓိကရုဏ်း ဖန်တီးပြီး အာရုံပြောင်းခဲ့တယ်လို့ ဆိုကြပါတယ်။ အကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံ မြို့ပေါင်း ၂၈၀ လောက်မှာ ဖြစ်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်-ဗမာ အဓိကရုဏ်းတွေဖြစ်ပွားပြီးနောက် ၁၉၆၈ ဇန်နဝါရီ ၁ ရက်နေ့မှာ တရုတ်ကွန်မြူနစ် ပါတီဟာ သူ့နိုင်ငံ ဇီချွမ်းနဲ့ ကွေ့ကျိုးပြည်နယ်မှာ ရောက်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဝင် တစ်ချို့၊ ကချင်စစ်ဗိုလ် နော်ဆိုင်းနဲ့ ကရင်တိုင်းရင်းသားတစ်ချို့ကို ရှေ့တန်းတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုး လွင်ပြင်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီ အလံထောင်ထားပေမယ့် ဗမာကွန်မြူနစ်က နည်းနည်း ဗော်လံတီယာ နာမည်ခံထားတဲ့ တရုတ်တပ်ဖွဲ့ဝင်တွေက အများစု ဖြစ်ပါတယ်။ နောက်ပိုင်း လက်နက်လူသူ အင်အားကြီးမားတဲ့ အဲဒီ တပ်ဖွဲ့တွေဟာ ကိုးကန့်၊ ၀ နယ်၊ ၇၈၆ နဲ့ ၈၁၅ လို့ခေါ်တဲ့ ရှမ်းနဲ့ အခါနယ်တွေကို တိုက်ခိုက်သိမ်းပိုက်၊ ဒေသခံ ၀ တွေ၊ ကိုးကန့်တွေကို လက်နက်တပ်ဆင် တပ်ဖွဲ့ထဲ သိမ်းသွင်းနိုင်ခဲ့ပါတယ်။ ပြောရရင် လက်ရှိ လူတွေ စိတ်ဝင်စားနေတဲ့ UWSA ထိန်းချုပ်ထားတဲ့ ၀ နယ် ဆိုတာဟာ တရုတ်နိုင်ငံရဲ့ စစ်ရေးကျူးကျော်မှုကြောင့် ပေါ်ပေါက်လာတာပါ။

ဒေါ်အင်ကြင်းနိုင်။ ။ ၁၉၈၉ အရောက်မှာတော့ တိုင်းရင်းသားတွေဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှုကို ဖယ်ရှားလိုက်ကြပါတယ်။ အဲဒီအခါ ဝ၊ ကိုးကန့်၊ ၈၁၅ လို့ခေါ်တဲ့ မိုင်းလား၊ ၁၀၁ စစ်ဒေသလို့ ခေါ်တဲ့ ကချင်အထူးဒေသ (၁) တို့ပေါ်ပေါက်လာပါတယ်။ အဲဒီ နှစ်မှာပဲ အစိုးရနဲ့ အပစ်အခတ်ရပ်စဲနိုင်ခဲ့လို့ ၀ နယ်မှာ တိုက်ပွဲတွေ မဖြစ်တော့တာ ခုဆို ၂၅ နှစ်ပြည့်ခဲ့ပါပြီ။ လက်ရှိ ဝနယ်ကို UWSA တပ်ဖွဲ့က အပြည့်အ၀ ထိန်းချုပ်ထားပါတယ်။ ရုံးသုံးစာနဲ့ ဘာသာစကားဟာ တရုတ် စာနဲ့စကား ဖြစ်ပါတယ်။ ဒေသထဲမှာ ဝ၊ တရုတ်နဲ့ ရှမ်းစကား အပြောများပါတယ်။ ဗမာစကား ပြောသူ မရှိသလောက်ပါ။

တရုတ်ယွမ်ငွေကို အသုံးပြုပါတယ်။ ကိုယ်ပိုင် အုပ်ချုပ်ရေးအဖွဲ့၊ ကိုယ်ပိုင် တရားစီရင်ရေးစနစ်ထားပြီး သေဒဏ်အထိ ကိုယ့်ဖာသာကိုယ် စီရင်ပါတယ်။ တရုတ် လက်ကိုင်ဖုန်း၊ တရုတ် အင်တာနက်လိုင်းကို အသုံးပြုပါတယ်။ ကိုယ့်ဖာသာကိုယ် ထုတ်လွှင့်တဲ့ အသံလွှင့်ရုံ၊ ရုပ်သံလွှင့်ဌာနတွေ ရှိပါတယ်။ ၂၀၀၉ နယ်ခြားစောင့်တပ်ဖွဲ့ရေး အစိုးရနဲ့ အဆင်မပြေလို့ ၀ နယ်ကို ပိတ်ဆို့လိုက်တဲ့အခါ ကုန်သွယ်မှုအားလုံးနီးပါး တရုတ်ပြည်နဲ့ပဲ လုပ်ကြပါတယ်။ ရှင်းရှင်းလင်းလင်းပြောရရင် လက်ရှိအချိန် UWSA ထိန်းချုပ်ထားရာ ၀ ဒေသမှာ မြန်မာအစိုးရရဲ့ အချုပ်အခြာ အာဏာ အမှတ်လက္ခဏာ ဘာတစ်ခုမှ မရှိပါဘူး။ စစ်တပ်၊ ရဲ၊ လဝက၊ အကောက်ခွန်ဂိတ်၊ တရားရုံး တစ်ခုမှ မရှိပါဘူး။

ဦးစည်သူအောင်မြင့်။ ၀ ဒေသ ခေါင်းဆောင်တွေကတော့ သူတို့တွေဟာ ရှမ်းပြည်နယ် လက်အောက်မှာ မနေလိုဘူး၊ ပြည်နယ်အဆင့် သတ်မှတ်ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ ဒါဟာ အခုမှ မဟုတ်၊ စစ်အစိုးရက အမျိုးသားညီလာခံ ကျင်းပပေးခဲ့စဉ်တုန်းကလည်း တောင်းဆိုခဲ့တယ်၊ ပင်လုံညီလာခံ ကျင်းပစဉ်တုန်းကလည်း ၀ ကိုယ်စားလှယ်တွေ သွားပြီး တောင်းဆိုဖို့ ကြိုးစားခဲ့တာ ပင်လုံအထိ ရောက်ပေမယ့် အဆင်မပြေ ဖြစ်ခဲ့တယ်လို့ ၀ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီကနေ့ အချိန်ထိ ဝတွေရဲ့ ရပ်တည်ချက်ဟာ ပြည်ထောင်စုထဲက ခွဲမထွက်ဘူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုချင်တယ်၊ ၀ ပြည်နယ် လိုချင်တယ်၊ ၀ တွေက စပြီး ဘယ်တော့မှ သေနတ် မဖေါက်ဘူး၊ ဒါပေမယ့် စစ်ပွဲဖြစ်လာရင်တော့ ခုခံ ကာကွယ်သွားမယ်လို့ ဆိုပါတယ်။


၀ တွေအနေနဲ့ ပြည်ထောင်စုထဲက ဘယ်တော့မှ ခွဲမထွက်ဘူး ပြောတဲ့တိုင် ပြဿနာက သိမ်မွေ့ပါတယ်။ ၀ ဒေသ ပေါ်ပေါက်လာပုံ၊ လက်ရှိ အနေအထားကိုကြည့်ရင် တရုတ်နဲ့ ဆက်စပ်မှု အတိုင်းအတာကို သိနိုင်ပါတယ်။ လောလောဆယ် အစိုးရနဲ့ ကေအိုင်အို ဆွေးနွေးပွဲတွေမှာ တရုတ်ပါဝင်နေတာကိုကြည့်ရင် ၀ နယ် ပြဿနာတက်ရင် တရုတ်က ဒီထက် ထဲထဲဝင်ဝင် ပတ်သက်လိမ့်မယ် ဆိုတာကို နားလည်နိုင်ပါတယ်။
ဒီထက် ပိုအရေးကြီးတာက မြန်မာ့နိုင်ငံရေးပါ။ မြန်မာ့နိုင်ငံရေးမှာ ဒီမိုကရေစီ ထွန်းကားလာရင်၊ စစ်မှန်တဲ့ ပြည်ထောင်စု အခြေခံတွေ တည်ဆောက်နိုင်ခဲ့ရင် ၀ ဒေသ ပြဿနာ ပြေပြေလည်လည် ပြီးဆုံးသွားနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ မြန်မာ့ တပ်မတော်နဲ့ နိုင်ငံရေးသမားတွေ အမျှော်အမြင် မဲ့ခဲ့ရင်တော့ ၀ ဒေသမှာ ပြဿနာကြီးတွေ ပေါ်ပေါက်လာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG