သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လက်မှတ်ထိုးဖို့ ဝ-မိုင်းလား အဖွဲ့တွေနဲ့ ညှိနှိုင်းဆဲ


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC က ဒုဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးအောင်မင်းနဲ့ဦးသိန်းဇော်တို့နဲ့အဖွဲ့ ဝ နဲ့ မိုင်းလားလက်နက်ကိုင်အဖွဲ့တွေနဲ့ ကျိုင်းတုံမြို့မှာ တွေ့ဆုံစဉ်။ (ဓာတ်ပုံ- MOI)
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC က ဒုဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးအောင်မင်းနဲ့ဦးသိန်းဇော်တို့နဲ့အဖွဲ့ ဝ နဲ့ မိုင်းလားလက်နက်ကိုင်အဖွဲ့တွေနဲ့ ကျိုင်းတုံမြို့မှာ တွေ့ဆုံစဉ်။ (ဓာတ်ပုံ- MOI)

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရေးနဲ့ပတ်သက်ပြီး အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ဝ၊ မိုင်းလားအဖွဲ့တို့ ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ဝနဲ့ မိုင်းလားအဖွဲ့က စာချုပ် လက်မှတ်ရေးထိုးရာမှာ အဖွဲ့အားလုံးပါဝင်ရေးအတွက်ကြိုးစားဖို့ ဆန္ဒရှိကြောင်း မိုင်းလားအဖွဲ့က တာဝန်ရှိသူတဦးက ပြောဆိုပါတယ်။ ဒီရက်ပိုင်းအတွင်း ပြီးစီးခဲ့တဲ့ အစိုးရနဲ့ ဝနဲ့မိုင်းလားတို့ ဆွေးနွေးပွဲသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC က ဒုဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးအောင်မင်းနဲ့ဦးသိန်းဇော်တို့ ဦးဆောင်တဲ့အဖွဲ့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ နောက်ဆုံးအခြေအနေတွေကို ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP နဲ့ မိုင်းလားလို့ လူသိများတဲ့ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော် NDAA ကခေါင်းဆောင်တွေကို ပြီးခဲ့တဲ့စနေနေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာတွေ့ဆုံပြီး ရှင်းပြခဲ့တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်တဲ့ကြေညာချက်မှာ အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြိုးပမ်းခဲ့တဲ့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCAကို ဝနဲ့ မိုင်းလားအဖွဲ့က အသိအမှတ်ပြု ထောက်ခံကြိုဆိုကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းသွားမှာဖြစ်ကြောင်း ပါရှိခဲ့ပါတယ်။ လောလောဆယ် NCA စာချုပ်မှာ ပါဝင်လက်မှတ် ရေးထိုးရေးနဲ့ ပတ်သက်တဲ့ သဘောထားကိုတော့ အထူးဒေသ ၄ ခေါ် မိုင်းလားအဖွဲ့လို့ လူသိများတဲ့ NDAA ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးကြည်မောင်က အခုလို ပြောပါတယ်။

“ပထမဆုံးကတော့ သူတို့ရဲ့ကြိုးစားမှုတွေအကြောင်း သူတို့ကို ချီးကျူးတယ်။ …..အတွက် သူတို့ရဲ့ကြိုးစားမှုတွေကို ကျနော်တို့ ချီးကျူးပါတယ်။ နောက် လက်မှတ်ထိုးနိုင်အောင် ကျနော်တို့ ဝိုင်းဝန်းကြိုးစားမယ်။ တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုတော့ တပြည်လုံးနဲ့ အဓိပ္ပာယ်ပေါ်ပေါက်နိုင်အောင်ဆိုတော့ အားလုံးပါဝင်ဖို့ပဲ ဝိုင်းဝန်းကြိုးစားမယ်လို့ အဲလိုဆန္ဒရှိပါတယ်။”

NCA လက်မှတ်ရေးထိုးပြီးနောက် စတင်မယ့် နိုင်ငံရေးဆွေးနွေးပွဲမှာလည်း မိုင်းလားအဖွဲ့အနေနဲ့ ပါဝင်တက်ရောက်ဖို့ ရှိကြောင်းလည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်လိုက်တဲ့ UWSP ရဲ့ ကြေညာချက်မှာတော့ NCA စာချုပ်ရေးဆွဲရာမှာ UWSP ပါဝင်တာမရှိသလို စာချုပ်မှာလည်း သူတို့ရဲ့တောင်းဆိုချက်တွေကို ဖော်ပြတာမရှိကြောင်း၊ ဝ အထူးဒေသ ၂ က ပြည်သူတွေကို ကိုယ်စားမပြုတဲ့ ဒီစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးရင် ဝ ပြည်သူတွေအပေါ် ပြစ်မှုကျူးလွန်ရာရောက်ကြောင်း ဖော်ပြထားပါတယ်။ ဝ အထူးဒေသ ၂ က ဝပြည်နယ်တောင်းဆိုထားပြီး အထူးဒေသ ၄ မိုင်းလားအဖွဲ့ကတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုထားပါတယ်။ NCA စာချုပ်ကို ကချင်၊ ကရင် ၊ ကရင်နီ ၊ မွန်၊ ရခိုင် စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပါအဝင် အဖွဲ့အစည်း ၁၇ ဖွဲ့နဲ့ ဦးအောင်မင်းဦးဆောင်တဲ့ UPWC အဖွဲ့က အဓိက ညှိနှိုင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီလို ညှိနှိုင်း ဆွေးနွေးရာမှာ UWSA၊မိုင်းလားအဖွဲ့ NDAA၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA တောင်ပိုင်းနဲ့ နာဂအဖွဲ့ဖြစ်တဲ့ NSCN-K စတဲ့ အဖွဲ့ ၄ ဖွဲ့မပါဝင်ပါဘူး။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA တောင်ပိုင်းကတော့ NCA ကို လက်မှတ်ရေးထိုးဖို့ ရှိနေကြောင်း အဖဲ့ွရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းလှက ပြောပါတယ်။

“လက်မှတ်ထိုးပွဲရှိလာရင်တော့ ထိုးဖို့အသင့်ဖြစ်ပါတယ် ….ဆိုပေမယ့်လည်း အကယ်၍ထိုးဖြစ်မယ်ဆိုရင်လည်း ကျနော်တို့တိုင်းရင်းသားတွေ တောင်းဆိုတဲ့ အားလုံးနဲ့ထိုးဖို့ဆိုတဲ့ကိစ္စ၊ လက်မှတ်ထိုးဖို့ မဖြစ်ခဲ့တောင်မှ အသင့်တော်ဆုံး တဝက်ကျော်ကျော်လောက်ဆို လက်မှတ်ထိုးပွဲစမယ်၊ သမ္မတကိုယ်တိုင်ကလည်း လက်မှတ်ထိုးမယ်ဆိုရင်တော့ ကျနော်တို့လည်း ပါဝင်ပြီးတော့ ထိုးဖို့အသင့်ဖြစ်ပါတယ်-ဆိုတဲ့ပုံစံမျိုးနဲ့ ပြောထားတာတော့ ရှိပါတယ်။”

အစိုးရနဲ့ NCA စာချုပ် ရေးဆွဲခဲ့တဲ့ တိုင်းရင်းသားအဖွဲ့ ၁၇ ဖွဲ့အနက်က အစိုးရက ၁၁ ဖွဲ့ကို စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးရေးအတွက် ဖိတ်ခေါ်ထားပြီး ပလောင်၊ ကိုးကန့်၊ လားဟူ၊ ဝနဲ့ ရခိုင်အဖွဲ့ ၂ ဖွဲ့ကို တော့ ဖိတ်ခေါ်တာမရှိပါဘူး။ အစိုးရဘက်က ဒီအဖွဲ့ ၆ ဖွဲ့ကို နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်လာစေဖို့ ဆောင်ရွက်မှာ ဖြစ်ကြောင်း အာမခံထားပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖက်က အားလုံးပါဝင်လက်မှတ်ရေးထိုးဖို့ကို တောင်းဆိုခဲ့ကြပါတယ်။ လာမယ့် အောက်တိုဘာလ ပထမပတ်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးကြဖို့ ရက်သတ်မှတ် ထားပေမဲ့ အခုချိန်ထိတော့ ဘယ်အဖွဲ့တွေ ပါဝင်ကြမယ်ဆိုတာ ပြတ်ပြတ်သားသားမသိရသေးပါဘူး။

XS
SM
MD
LG