သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူ မဝေဝေနု DvF နိုင်ငံတကာဆု ချီးမြှင့်ခံရ


ဝေဝေနု
ဝေဝေနု

{{Zawgyi/Unicode}}

လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးတွေအတွက် ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ ဦးဆောင်လှုပ်ရှားနေကြတဲ့ ကမ္ဘာတဝန်းက အမျိုးသမီးတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ Diane von Furstenburg (DvF) ဆု ဒီနှစ် ချီးမြှင့်ခံရသူတွေထဲမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လူငယ် အမျိုးသမီး မဝေဝေနုလည်း ပါဝင်ပါတယ်။

“ဒီလိုဆုမျိုး ချီးမြှင့်ခံရတာကြောင့် ကျမလုပ်ရပ်တွေ မှန်ကန်တယ်လို့ နားလည်သဘောပေါက် လာပါတယ်။ အထူးသဖြင့် လူနည်းစုအသိုင်းအဝိုင်းထဲက အမျိုးသမီးတယောက် အသိအမှတ်ပြုခံရဖို့ဆိုတာ ခက်ခဲပါ တယ်။ အခုလို ဆုချီးမြှင့်ခံရလို့ ဝမ်းသာဂုဏ်ယူ ကျေနပ်မိသလို အဓိပ္ပါယ်ရှိတယ်လို့ ခံစားရပါတယ်" ဆိုပြီး နိုင်ငံတကာ DvF ဆု ချီးမြှင့်ခံရတဲ့ မဝေဝေနုက ပြောပါတယ်။

မဝေဝေနုဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသူအဖြစ် ၇ နှစ် အကျဉ်းကျခံခဲ့ရပြီးတဲ့နောက် ၂၀၁၂ ခုနှစ် ပြန်လွတ်မြောက်လာချိန်ကတည်းက အမျိုးသမီးနဲ့ လူနည်းစုအခွင့်အရေးအပါအဝင် လူ့အခွင့်အရေး အတွက် တစိုက်မတ်မတ် လှုပ်ရှားဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၁ ခုနှစ် စက်တင်ဘာလတုန်းက လည်း ဂရိနိုင်ငံ၊ အေသင်မြို့တော်ရဲ့ ဒီမိုကရေစီဆု ချီးမြှင့်ခံထားရပါတယ်။

ဒီနှစ် DvF ဆုကို International Award နိုင်ငံတကာဆု၊ Lifetime Leadership ဦးဆောင်မှုဆိုင်ရာ ဘဝ တသက်တာထူးချွန်ဆုနဲ့ Inspiration Award ဆိုပြီး ကဏ္ဍခွဲပြီး ပေးအပ်တာမှာ မဝေဝေနုနဲ့အတူ အသက် ၂၄ နှစ်အရွယ် ယူဂန်ဒါနိုင်ငံက သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ Vanessa Nakate တို့က နိုင်ငံတကာ ဆုတွေ ချီးမြှင့်ခံရပါတယ်။

Lifetime Leadership ဆုကို မိုက်ခရိုဆော့ဖ်ကုမ္ပဏီ ပူးတွဲတည်ထောင်သူ သန်းကြွယ်သူဌေးကြီး Bill Gates ရဲ့ ဇနီးဟောင်း၊ Bill & Melinda Gates Foundation ဦးဆောင်လှုပ်ရှားသူ Melinda Gates ချီးမြှင့်ခံခဲ့ရပါတယ်။

Inspiration Award ဆုကိုတော့ မြန်မာနဲ့ အာဖဂန်အရေး သတင်းတင်ဆက်ပေးခဲ့သူ CNN သတင်းထောက် Clarissa Ward ချီးမြှင့်ခံခဲ့ရပါတယ်။

၂၀၁၀ ပြည့်နှစ်ကစပြီး နှစ်စဉ်ပေးအပ်လာခဲ့တဲ့ DvF ဆုကို အရင်က ချီးမြှင့်ခံခဲ့ရသူတွေထဲမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ အမေရိကန်တရားရုံးချုပ် တရားသူကြီးဟောင်း Ruth Bader Gingsburg၊ အမေရိကန်သမ္မတ ကတော်ဟောင်း ဟီလာရီ ကလင်တန်၊ နာမည်ကျော် အမေရိကန် ရုပ်သံတင်ဆက်သူတွေ ဖြစ်ကြတဲ့ Oprah Winfrey နဲ့ Robin Roberts တို့လည်း ရရှိခဲ့ဖူးပါတယ်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ မနေ့ကကျင်းပတဲ့ DvF ဆုချီးမြှင့်ပွဲကိုတော့ ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌ Christine Lagarde နဲ့ သတင်းထောက် Clarissa Ward တို့လည်း တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


=========

{{Unicode}}











=========

XS
SM
MD
LG