သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗကသအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး အင်းစိန်ထောင်မှာ နှိပ်စက်ခံနေရ


ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး (ဓာတ်ပုံ-ဗကသများအဖွဲ့ချုပ် ဖဘ)
ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး (ဓာတ်ပုံ-ဗကသများအဖွဲ့ချုပ် ဖဘ)

[[Zawgyi/Unicode]]

အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ဒီဇင်ဘာလ ၂၉ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးဟာ အင်းစိန်အကျဉ်းထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ သူနဲ့နီးစပ်တဲ့ ရှေ့နေအသိုင်းအဝိုင်းက ဗွီအိုအေကို ပြောပါတယ်။ ပြင်းပြင်းထန်ထန် ဒဏ်ရာတွေရထားပြီး ဆေးကုသခွင့်လည်း ခုချိန်ထိ မရသေးပါဘူး။

ဗကသများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကျောက်တံတားမြို့ နယ် တရားရုံးက အမိန့်ချပြီးတဲ့နောက် ထောင်အာဏာပိုင်တွေက အဆောင်သစ်ကို ပြောင်းရွှေ့ လိုက်ပါတယ်။ အဲဒီနောက်သူ့ကို ဆက်တိုက်လို ရိုက်နှက်ခဲ့ကြတယ်လို့ ကိုဝေယံဖြိုးမိုးရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။ ကိုဝေယံဖြိုးမိုးရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဆေးကုသခွင့်မရတာတွေကို ရှေ့နေတွေကတဆင့် အားလုံးသိရကြောင်းလည်း မိသားစုဝင်က ဗွီအိုအေကို ပြောပါတယ်။

“အဆောင်မှူး သပြေဆောင်မှူးက ဖိနပ်နဲ့ပါးရိုက်တယ်၊ ပြီးတော့ ကျန်တဲ့ criminal နဲ့ပတ်သက်တဲ့ ကျန်တဲ့အကျဉ်းသား ငါးယောက်က သူ့ကိုနှစ်ကျော့ပြန်လည်ပြီးမှကို ထိုးနှက်၊ ရိုက်တာတွေ လုပ်တယ်ဗျ။ အဲဒီအတွက် သူလည်ပင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရတာရှိတယ်။ နောက်ပြီး နံ ရိုးကျိုးတယ်လို့ ပြောတယ်ဗျ။ နံရိုးကျိုးတယ်ဆိုတာ လုံးဝအတည်ပြုနိုင်တဲ့ အနေအထားတော့ မရှိဘူးပေါ့လေ၊ ဒါပေမယ့် နံရိုးက ကျိုးတဲ့အနေအထားမျိုး ဖြစ်နိုင်တဲ့အထိကို နာကျင်နေတဲ့ပုံစံမျိုး ပြောတယ်ဗျ။ အဲဒီအတွက်လည်း ဆေးကုသခွင့် မရသေးဘူးလို့ သိရတယ်ဗျ။”

ဗုဒ္ဓဟူးနေ့က ထောင်ချခံရပြီးတဲ့နောက် အခုလို ကိုဝေယံဖြိုးမိုး ရိုက်နှက်ခံရတယ်ဆိုတဲ့ကိစ္စကို အကျဉ်းထောင်တွင်းက အဆောင်တူအကျဉ်းသားတွေ၊ မျက်မြင်တွေကိုမေးမြန်းပြီး သူ့ရဲ့ရှေ့နေ တဦးက ဗွီအိုအေကို အတည်ပြုပြောပါတယ်။

“ပြောရရင်တော့ ကျိန်းသေသလောက်ရှိတယ်။ သူ့ကို အခုအချိန်အထိ ပုံစံထိုင်ခိုင်းထားတယ်တဲ့။ ခုနက ရုံးထုတ်ထွက်လာတဲ့ အကိုတွေက မြင်လာတာ။ ပုံစံထိုင်ခိုင်းထားတယ်၊ လုံးဝမထခိုင်းသေးဘူး။ ဒီအတိုင်းလေးပဲ။ မနေ့ကစပြီး အခန်းထဲဝင်လာပြီး ‘မင်းလားကွ’ ၊ ‘ဝေယံဖြိုးမိုး မင်းလားကွ’ ဆိုပြီး ဝိုင်းရိုက်ကြတယ်လို့ ပြောတယ်ရှင့်။”

ကိုဝေယံဖြိုးမိုးဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ခဲ့လို့ မတ်လ ၃ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး ရန်ကုန်တိုင်း တရားရုံးသုံးခုကနေ တရားစွဲဆိုတာ ခံခဲ့ရတာပါ။ အမှုတခုအတွက် ကျောက် တံတားမြို့နယ်တရားရုံးက သူ့ကို ထောင်ဒဏ် နှစ်နှစ်နဲ့ တလ ဒီဇင်ဘာလ ၂၉ရက်နေ့က အမိန့်ချခဲ့ပါတယ်။ နောက်ထပ်တရားရုံးနှစ်ခုမှာ အမှုတွေကို ဆက်ပြီးရင်ဆိုင်ဖို့ ကျန်ပါသေးတယ်။

သူဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့က အင်းစိန်ထောင်တွင်း အသံတိတ်သပိတ်မှာ ပါဝင်ခဲ့တဲ့အတွက် လည်း တိုက်ပိတ်ခံခဲ့ရပါတယ်။ ဒီအသံတိတ်သပိတ်မှာ ပါဝင်ခဲ့သူတွေအားလုံးကို ထောင်အာဏာပိုင်တွေက ရိုက်နှက်အပြစ်ပေးခဲ့တယ်လို့ သူတို့ရဲ့ရှေ့နေတွေက ဗွီအိုအေကို ပြောပါတယ်။

အခု ကိုဝေယံဖြိုးမိုး ထောင်တွင်းမှာ ရိုက်နှက်ခံရသလိုအလားတူကိစ္စတွေ နောက်ထပ်ဖြစ်မလာအောင် လူထုနဲ့လက်တွဲပြီး တိုက်ဖျက်သွားဖို့လိုတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။

ဗကသများအဖွဲ့ချုပ်၊ ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်းတယောက်ဖြစ်တဲ့ ကိုမင်းသွေးသစ်ကိုလည်း မော်တော်ယာဉ်ဥပဒေပုဒ်မ ၉၅ နဲ့ ဒီဇင်ဘာ ၃၀ ကြာသပတေးနေ့မှာ ထောင်ဒဏ် ၁ နှစ် အမိန့်ချခဲ့ပါတယ်။ သူ့ကိုစွဲဆိုထားတဲ့ပုဒ်မဟာ ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ သူ့ရဲ့မိသားစုဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျမတို့က မတရားဘူးလို့မြင်တယ်၊ ဘာလို့လဲဆိုတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းခံရတဲ့ဟာ ဘာအပြစ်မှမရှိဘဲ ဖမ်းသွားတယ်။ ပုဒ်မကလည်း မသေချာတဲ့ပုဒ်မတွေ တပ်တယ်။ ကျမတို့က မတရားဘူးလို့ပဲမြင်တယ်၊ အခုတနှစ်ချတဲ့အပေါ်မှာလည်း ကျမတို့က ရှုတ်ချတယ်ပေါ့နော်။”

ကြာသပတေးနေ့က ပြစ်ဒဏ်အမိန့်တွေချခဲ့တဲ့ထဲမှာ လူသိထင်ရှားတဲ့ အနုပညာရှင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားအဖွဲ့အစည်းတချို့ကသူတွေ ပါဝင်နေပါတယ်။ အများစုက နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ပုဒ်မတွေ၊မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မတွေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေတွေနဲ့ တရားစွဲခံခဲ့ရသူတွေဖြစ်ကြပါတယ်။

============

တိုက်ရိုက် လင့်ခ်

[[Zawgyi/Unicode]]














============

XS
SM
MD
LG