သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Belgium ကို ၃ ဂိုး ၁ ဂိုး နိုင်တဲ့ Wales ဆီမီးဖိုင်နယ် တက်


 Wales အသင်း အောင်ပွဲခံနေစဉ်။
Wales အသင်း အောင်ပွဲခံနေစဉ်။

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ယူရို၂၀၁၆ ဥရောပဖလားဘောလုံးပွဲ မှာတော့ ဝေးလ်စ်အသင်း အကြိုဗိုလ်လုပွဲတက်သွားပါပြီ။ Lille မြို့မှာ ဒုတိယ ကွာတားဖိုင်နယ်ကို သောကြာနေ့က ကစားခဲ့တာမှာ ဝေးလ်စ်အသင်းက ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ချေရှိတယ်လို့ တစ်ပေးခံထားရတဲ့ ဘယ်လ်ဂျီယမ်အသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်ပြီး အကြိုဗိုလ်လုပွဲကို တက်သွားတာဖြစ်ပါတယ်။

ပွဲစပြီး ၁၃ မိနစ်မှာ ဘယ်လ်ဂျီယမ်က နိုင်ဂိုလန် (Nainggolan) ဂိုးအရင်သွင်းခဲ့တာကြောင့် ဘယ်လ်ဂျီယမ်က ရှေ့ကဦးဆောင်ခဲ့တာပါ။ ဒါပေမဲ့ ဝေးလ်စ်အတွက် ချေပဂိုးကို အသင်းခေါင်းဆောင် Williams က ၃၁ မိနစ်မှာ ခေါင်းတိုက်ပြီး သွင်းယူခဲ့တာပါ။

ဝေးလ်စ်အတွက် ဒုတိယဂိုးကို ၅၅ မိနစ်မှာ ရှေ့တန်းလူ Robson-Kanu က ဂိုးရှေ့ မှာ ဘယ်ဂျီယမ်နောက်တန်းလူတွေကို လိမ်ခေါက်သွင်းခဲ့တာဖြစ်ပြီး၊ တတိယဂိုးကိုတော့ ၈၅ မိနစ်မှာ Vokes က ခေါင်းတိုက် သွင်းပြီး နောက်ဆုံး မှာ ဝေးလ်က ၃ ဂိုး ၁ ဂိုး နဲ့နိုင်ပြီး အကြိုဗိုလ်လုပွဲကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဝေးလ်စ်နည်းပြ Chris Coleman ကတော့ - “သူတို့ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာဖြစ်တယ်” လို့ ပွဲအပြီးမှာ ပြော လိုက်ပါတယ်။ ဝေးလ်စ်အသင်းဟာ အကြိုဗိုလ်လုပွဲ မှာတော့ ပေါ်တူဂီ နဲ့ ကစားရမှာဖြစ်ပါတယ်။

ဝေးလ်စ်အသင်းဟာ ဒီပြိုင်ပွဲမတိုင်ခင် နိုင်ငံတကာပြိုင်ပွဲကို နောက်ဆုံးအကြိမ် ကစားခဲ့တာက ၁၉၅၈ ကမ္ဘာ့ဖလားမှာဖြစ်ပြီး၊ အဲဒီတုန်းက ကွာတားဖိုင်နယ်အဆင့်ကိုပဲ ရောက်ခဲ့တာပါ။ ဒါကြောင့် ၊ ဒီဥရောပဖလား ကတော့ ဝေးလ်စ်အသင်းရဲ့ နိုင်ငံတကာပြိုင်ပွဲသမိုင်းမှာ အအောင်မြင်ဆုံး လို့ ပြောရမှာဖြစ်ပါတယ်။ မြန်မာစံတော်ချိန် တနင်္ဂနွေနေ့မနက် ၁ နာရီခွဲမှာတော့ ကမ္ဘာ့ချန်ပီယံ ဂျာမနီ နဲ့ အီတလီတို့ တတိယကွာတားဖိုင်နယ် ကစားကြမှာဖြစ်ပါတယ်။

XS
SM
MD
LG