သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မာသိုင်း ကွယ်လွန်


ကင်ညာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မာသိုင်း ကွယ်လွန်
ကင်ညာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မာသိုင်း ကွယ်လွန်

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို လက်ခံရရှိခဲ့တဲ့ ပထမဆုံး အာဖရိက အမျိုးသမီးဖြစ်တဲ့ ကင်ညာနိုင်ငံသူ ဒေါက်တာ ဝန်ဂရိုင်း မာသိုင်း (Wangari Mathai) ကွယ်လွန်ခဲ့တဲ့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေက ဂါရဝပြု ဝမ်းနည်းစကား ပြောကြားခဲ့ကြပါတယ်။

မစ်စ် မာသိုင်းဟာ ကာလကြာရှည်စွာ ကင်ဆာရောဂါ စွဲကပ်ခဲ့ပြီး တနင်္ဂနွေနေ့မှာတော့ နိုင်ရိုဘီ ဆေးရုံမှာ ကွယ်လွန်ခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ် ရှိပါပြီ။

ကင်ညာရဲ့ ဖိနှိပ်တဲ့ အစိုးရကို ဆန့်ကျင်မှုအပြင် အမျိုးသမီးတွေ အနေနဲ့ သူတို့ဘ၀ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်ဖို့ အားပေးခဲ့မှုကို ထောက်ပြပြီး နိုဘယ်လ် ကော်မတီက မစ်စ် မာသိုင်းကို ၂၀၀၄ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့တာပါ။

မစ်စ် မာသိုင်း အခုလို ကွယ်လွန်မှုဟာ ကင်ညာနိုင်ငံ အတွက်သာမက ကမ္ဘာကြီးအတွက်လည်း ဆုံးရှုံးမှု ဖြစ်တယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က တနင်္လာနေ့မှာ ပြောကြားပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြေညာချက် ထုတ်ပြန်ရာမှာတော့ လူတဦးရဲ့ ရိုးရှင်းတဲ့ အတွေးအခေါ်ကို အခြေပြုပြီး အရေးကြီးတဲ့ အပြောင်းအလဲတွေ ဖော်ဆောင်ပေးနိုင်တယ် ဆိုတာကို မစ်စ် မာသိုင်းရဲ့ ဘဝနဲ့ စွမ်းဆောင်မှုတွေက သက်သေထူတဲ့အကြောင်း ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း ကမ္ဘာကြီး အနေနဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ အမျိုးသမီးရေးအတွက် စွမ်းအားတရပ် ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မစ်စ် မာသိုင်းဟာ ၁၉၇၇ ခုနှစ်က Green Park လှုပ်ရှားမှုအတွင်း သစ်ပင်စိုက်ပျိုးရေး အစီအစဉ်အရ ဆင်းရဲသား အမျိုးသမီးတွေအတွက် ထင်း၊ အစားအစာနဲ့ ရေသန့်ရရှိရေး လှုပ်ရှားမှုကို မတည်ခဲ့သူလည်း ဖြစ်ပါတယ်။

XS
SM
MD
LG