ဗွီအိုအေ အမေရိကန်အသံ ရုံးချုပ်ရှိရာ ဝါရှင်တန်ဒီစီနဲ့ အနီးဝန်းကျင်ဒေသတွေ အပါအဝင် နေရာတော်တော်များများမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်းအန္တရာယ် ကြုံရနိုင်တယ်လို့ တာဝန်ရှိသူတွေ သတိပေးနေပါတယ်။ စနေနေ့ကစ နှင်းမုန်တိုင်း ဝင်ရောက်ခဲ့တဲ့ Kansas နဲ့ Indiana ပြည်နယ်တွေမှာတော့ ရာသီဥတု ဆိုးရွားတာကြောင့် ယာဉ်မတော်တဆမှုတွေ ရှိခဲ့သလို စီးပွားရေးလုပ်ငန်းတွေနဲ့ စာသင်ကျောင်းတွေ ပိတ်ထားရနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီကနေ့ တနင်္ဂနွေနေ့ကနေ မနက်ဖြန် တနင်္လာနေ့တွေမှာ မုန်တိုင်းဝင်ရောက်မယ့် ဝါရှင်တန်ဒီစီအပါအဝင် အမေရိကန် အရှေ့ဘက်ခြမ်း ပြည်နယ်တွေရဲ့ ၃ ပုံ ၂ ပုံမှာ အအေးဒဏ် လွန်ကဲတဲ့ အန္တရာယ်ရှိကြောင်း အမေရိကန် အမျိုးသားမိုးလေဝသဌာနက သတိပေးထားတာပါ။ မုန်တိုင်းမဝင်ခင်မှာပဲ ဝါရှင်တန်ဒီစီနဲ့ ကပ်လျက် ဗာဂျီနီးယားနဲ့ မေရီလန်းပြည်နယ်တွေမှာ အရေးပေါ်အခြေအနေ ကြေညာထားကြပါတယ်။ နှင်းမုန်တိုင်းကြောင့် ဆီးနှင်းတွေ ၅ လက်မကနေ ၉ လက်မအထိ ကျဆင်းနိုင်ပြီး တချို့နေရာတွေမှာ ၁ ပေလောက်အထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
တာဝန်ရှိသူတွေကတော့ ရာသီဥတုဆိုးရွားချိန်မှာ အရေးပေါ် ခိုလှုံနိုင်မယ့် နေရာတွေ ဖွင့်လှစ်ဖို့နဲ့ အများပြည်သူသုံး ကားဂိုဒေါင်တွေမှာ အခမဲ့ရပ်ခွင့်ပေးဖို့ ကြေညာထားပါတယ်။ အမေရိကန်တောင်ပိုင်း ဖလော်ရီဒါပြည်နယ်အထိ အအေးဒဏ်သင့်နိုင်တယ်လို့ အမေရိကန် အမျိုးသားမိုးလေဝသဌာနက ခန့်မှန်းထားပြီး၊ မိုးကြိုးမုန်တိုင်း၊ လေဆင်နှာမောင်း၊ မိုးသီးကြွေတာအပါအဝင် ပြင်းထန်တဲ့ ရာသီဥတုအခြေအနေ ကြုံရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
Forum