အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်အနီးမှာ ခရီးသည်တင်လေယာဉ်နဲ့ စစ်တပ်ရဟတ်ယာဉ် တိုက်မိခဲ့မှုအတွင်း သေဆုံးခဲ့တဲ့ အလောင်း ၂၈ လောင်း ကို လောလောဆယ်ရှာတွေ့ထားပါတယ်။
ခရီးသည်တင်လေယာဉ်ပေါ်က ၂၇ ယောက် စစ်ရဟတ်ယာဉ်ပေါ်ကတယောက်ကို လောလောဆယ် ရှာတွေ့ထားတယ်လို့ ဒီမနက်အစောပိုင်းလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ဝါရှင်တန်မြို့တော် မီးသတ်ဦးစီးချုပ် John Donnelly ကပြောကြားသွားပါတယ်။
လေယာဉ်အပျက်အစီးတွေရှာတွေ့တဲ့ မြစ်နေရာတဝိုက် ဝါရှင်တန်ဒီစီမြို့တော်အပြင် Virginia နဲ့ Maryland ပြည်နယ်က မီးသတ်တပ်ဖွဲ့ဝင်တွေပါ ကူညီကယ်ဆယ်ရေးတွေကို ဆက်လုပ်နေကြပါတယ်။ ဘယ်လိုကြောင့် လေယာဉ်နဲ့ ရဟတ်ယာဉ်တိုက်မိတယ်ဆိုတာ အတိအကျ မသိရမချင်း စုံစမ်းစစ်ဆေး သွားမယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးကလည်း သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ ည ၉ နာရီထိုးခါးနီးမှာ မြို့တော်လေဆိပ် Ronald Reagan ကိုဆင်းသက်ခါနီး ခရီးသည်တင် လေယာဉ်နဲ့ စစ်တပ် Black Hawk ရဟတ်ယာဉ်တို့ တိုက်မိခဲ့တာဖြစ်ပါတယ်။ Kansas ပြည်နယ် Wichita မြို့ကနေလာတဲ့ American Airlines လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ ဝန်ထမ်း ၆၄ ယောက် ပါသွားပြီး လေ့ကျင့်ရေး စစ်ရဟတ်ယာဉ်ပေါ်မှာ ၃ ယောက် ပါသွားပါတယ်။ ရေခဲတမျှအေးနေတဲ့ Potomac မြစ်ထဲပျက်ကျသွားတဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ်ပေါ်က အသက်ရှင်ကျန်နေနိုင်သူတွေကို မော်တော်ဘုတ်တွေ၊ ရေငုပ်သမားတွေ ဆက်လက်ရှာဖွေနေကြပါတယ်။
ခရီးသည်တင်လေယာဉ်ပေါ်မှာ တခြားခရီးသည်တွေနဲ့အတူ ရေခဲပြင်ပေါ် စကိတ်အလှစီး အားကစား သမားတွေ၊ နည်းပြတွေနဲ့ မိသားစုဝင်တွေ ပါသွားတယ်လို့ အမေရိကန် Figure Skating အဖွဲ့က ပြောပါတယ်။ ရေခဲပြင်စကိတ်အလှစီး ကမ္ဘာ့ချန်ပီယံ ရုရှားစုံတွဲ Evgenia Shishkova နဲ့ Vadim Naumov တို့လည်း ပါသွားတယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုတွေလုပ်နေတာနဲ့အတူ သေဆုံးခဲ့သူတွေအတွက် အင်မတန် ဝမ်းနည်း ကြေကွဲရတယ် လို့ American Airlines ရဲ့ အမှုဆောင် အရာရှိချုပ်က ပြောကြားခဲ့ပါတယ်။ ဗာဂျီးနီးယားပြည်နယ် နယ်စပ် ဝါရှင်တန် ဒီစီမြို့တော်မှာရှိတဲ့ Kennedy Center အဆောက်အဦးနားကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေထဲမှာ မီးလုံးကြီးတခုလို ပေါက်ကွဲမသွားခင် မီးအလင်း ၂ ခု ထိပ်တိုက်ဆုံတာကို တွေ့ရှိခဲ့ရပါတယ်။ ဝါရှင်တန်မြို့တော် ကောင်းကင်ယံမှာ ပုံမှန် သက်ဆိုင်ရာ လမ်းကြောင်းတွေကနေ ပျံသန်းသွားနေကြတဲ့ ခရီးသည်တင် လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ပျံသန်းနေကြတာကို မကြာခဏ တွေ့မြင်ရလေ့ရှိပါတယ်။
Forum