သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန်မှာ သေနတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ လူ ၅ သိန်းလောက်ပါဝင်နိုင်


 သေနတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတခု
သေနတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတခု

အမေရိကန်ပြည်ထောင်စုတဝှမ်း ကျောင်းသားလူငယ်တွေရဲ့ သေနတ်ကိုင်အကြမ်းဖက်မှုဆန့်ကျင်တဲ့ လှုပ်ရှားမှုထဲ လူပေါင်း သောင်းနဲ့ချီပြီး ကြီးမားတဲ့ ဆန္ဒပြပွဲကြီးကို ဒီကနေ့ စနေနေ့မှာ ဝါရှင်တန်ဒီစီမှာ ကျင်းပမှာဖြစ်ပါတယ်။ အနယ်နယ်အရပ်အရပ်က ကျောင်းသူ၊ ကျောင်းသားတွေအပါအဝင် လူပေါင်း ၅၀၀,၀၀၀ လောက်ပါဝင်မယ်လို့ ခန့်မှန်းထားတဲ့ မတ်လ (၂၄) ရက်နေ့ ချီတက်ပွဲကြီးမှာ နာမည်ကျော် ဟောလီးဝုဒ် အနုပညာတွေလည်း ပါဝင် အားဖြည့်ကြမှာဖြစ်ပါတယ်။

ကျောင်းသားတွေရဲ့ သေနတ်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီး အကြောင်းကို မအင်ကြင်းနိုင်က ဆက်ပြီး တင်ပြမှာပါ။

“ March for our lives” ( ကျွနု်ပ်တို့ အသက်တွေအတွက် ချီတက်ကြစို့) ဆိုတဲ့ ဆန္ဒပြချီတက်ပွဲကြီးကို ဖလော်ရီဒါ ပြည်နယ် Parkland မြို့က အထက်တန်းကျောင်းသူ၊ ကျောင်းသားတွေ ဦးဆောင်စီစဉ်ခဲ့တာပါ။ သူတို့မြို့က Marjory Stoneman Douglas အထက်တန်းကျောင်းမှာ မကြာသေးခင်က ကျောင်းသားတဦးရဲ့ သေနတ်ပစ်ခတ်မှုကြောင့် လူပေါင်း ၁၇ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်မှာ သေနတ်ကိုင်ဆောင်ရေး ကန့်သတ်ဖို့ နိုင်ငံရေးသမားတွေဘက်က ပျက်ကွက်မှုတွေအပေါ် မကျေနပ်တဲ့အတွက် အခုလို လူထုဆန္ဒပြပွဲကြီး စီစဉ်ခဲ့တာဖြစ်ကြောင်း ဦးဆောင်သူတွေက ပြောပါတယ်။

ဝါရှင်တန်ဒီစီကိုရောက်နေတဲ့ အဲဒီ အထက်တန်းကျောင်းက ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ Demitri Hoth က တော့ အမေရိကန်သမ္မတက စပြီး လွှတ်တော်အမတ်တွေအပါအဝင် သြဇာအရှိန်အဝါကြီးမားတဲ့ အမေရိကန်ရိုင်ဖယ်လ်အသင်း အဆုံး သေနတ်ကိုင်ဆိုင်ခွင့် ကန့်သတ်ရေးအတွက် အချိန်တန်ပြီးဖြစ်ကြောင်း မနေ့ သောကြာနေ့က လွှတ်တော် Capitol ရှေ့ ဆန္ဒပြပွဲမှာ အခုလိုပြောပါတယ်။

"အမေရိကန် ရိုင်ဖယ်လ် အသင်း ကို ပြောချင်တာက ခင်ဗျားတို့ သေနတ်တွေကို ကျနော်တို့ရဲ့ အသက်တွေထက် ပိုပြီးအလေးပေးတာ တော်သင့်ပါပြီ။ တရားမျှတမှုအတွက် တောင်းဆိုမှုတွေကို နားမထောင်တဲ့ ဝါရှင်တန်က နိုင်ငံရေးသမားတွေလည်း တော်သင့်ပါပြီ။ သမ္မတ ဒေါ်နယ်လ် ထရမ့်ခင်ဗျာ- ပေးထားတဲ့ ကတိတွေကို ဖေါက်ဖျက်တာကိုလည်း တော်သင့်ပါပြီ။ ကျနော်တို့ အစိုးရရဲ့ သိသိသာသာ အရေးယူဖို့ပျက်ကွက်မှုကြောင့် ကျနော်တို့ ကျောင်းသားတွေဟာ သားကောင်တွေဖြစ်ခဲ့ကြရပါတယ်။ ဒါမျိုး ထပ်ပြီး ဘယ်တော့မှ အဖြစ်မခံပါဘူး။ နိုင်ငံရေးသမားတွေ၊ နောက် သူတို့ရဲ့ စိုးရိမ်စရာကောင်းတဲ့ ပျက်ကွက်မှုတွေအတွက် တာဝန်ယူရမယ်ဆိုတာကို လက်ဆုတ်လက်ကိုင်ပြဖို့ ဒီကနေ့ ကျနော်တို့ ဒီကိုလာပြီးစုဝေးကြတာပါ။"

ကျောင်းသူကျောင်းသားတွေအနေနဲ့ နေ့စဉ်ကျောင်းတက်ချိန် အချိန်မရွေး သေနတ်ပစ်ခတ်မှု အန္တရာယ်ကို စိုးရိမ်နေရပြီး ဒီလိုအတွေး စိုးရိမ်စိတ်တွေ မရှိသင့်တော့ဘူးလို့ Minnesota ပြည်နယ် Minneapolis မြို့ အထက်တန်းကျောင်းက ကျောင်းသူ Antiqua Flint ကပြောပါတယ်။

"နေ့တိုင်း ကျမ အိပ်ရာထပြီး ကျောင်းကိုသွားချိန်မှာ တကယ်လို့ ကျောင်းမှာ သေနတ်ပစ်တာမျိုးများရှိနေမလား ဆိုပြီး စိုးရိမ်ပူပန်မိပါတယ်။ ဒီလို အတွေး မျိုး မဝင်သင့်ဘူးလို့လည်း ကျမခံစားမိပါတယ်။ ကျမ သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ မိသားစုဝင်တွေပဲဖြစ်ဖြစ် ကျောင်းကိုသွားဖို့ ထိတ်လန့် ကြောက်ရွံတဲ့ စိတ်ခံစားမှုမျိုး ဘယ်သူမှာမှ မရှိသင့်ပါဘူး။"

အခုလို နိုင်ငံတဝှမ်း လူငယ်ကျောင်းသားတွေရဲ့ သေနတ်ကိုင်ဆောင်မှုနဲ့ ပတ်သက်လို့ ဆန့်ကျင်တဲ့ တတ်ကြွ လှုပ်ရှားမှုကို အမေရိကန်ပြည်ထောင်စုက နာမည်ကျော် အနုပညာရှင်အတော်များများ ငွေအား၊ လူအားနဲ့ပါ ပံ့ပိုးကူညီနေကြပါတယ်။ နာမည်ကျော် ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီးကြီး Oprah Winfrey ကတော့ ဒီကနေ့ခေတ် ကျောင်းသားလူငယ်တွေကို အနာဂတ်ရဲ့ သူရဲကောင်းတွေအဖြစ် တင်စားခေါ်ဝေါ်ခဲ့ပါတယ်။

"မူလတန်းကျောင်းတက်တဲ့ ကလေးအရွယ်ဘဝတွေကတည်းက ဒီလို (သေနတ်ပစ်ခတ်တဲ့) အဖြစ်မျိုးရင်မဆိုင်ခဲ့ရဘူးဆိုရင် ဒီလိုလှုပ်ရှားမှုမျိုးရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် အလွန်စိတ်ဝင်စားစရာကောင်းတဲ့အချက်က ဒီကလေးတွေဟာ ကိုလံဘိုင် အထက်တန်းကျောင်းပစ်ခတ်မှု နောက်ပိုင်းကာလမှာ ကြီးပြင်းလာခဲ့တဲ့အတွက် သူတို့မူလတန်းကျောင်းစတက်ချိန်ကတည်းက ကျောင်းတွင်းသေနတ်ပစ်ခတ်မှုကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ လေ့ကျင့်ပေးခံခဲ့ရတာပါ။ ဒါကြောင့် သူတို့ဟာ အနာဂတ်အလင်းရောင်ခြည်အတွက် လူငယ်သူရဲကောင်းတွေဖြစ်ပါတယ်။"

Oprah Winfrey ပြောသွားတဲ့ ကိုလံဘိုင်ဆိုတာကတော့ ၁၉၉၉ ခုနှစ်က လူငယ်နှစ်ယောက်ကနေ ကိုလံဘိုင်အထက်တန်းကျောင်းမှာ ကျောင်းသူ၊ ကျောင်းသာ ၁၂ ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာကို ရည်ညွန်းပြောခဲ့တာပါ။ သူကိုယ်တိုင်လည်း “ March for our lives” ကျောင်းသား လှုပ်ရှားမှုအတွက် ဒေါ်လာသိန်းနဲ့ချီ လှုဒါန်းခဲ့ပါတယ်။ Oprah Winfrey လိုပဲ နာမည်ကျော် ဟောလီးဝုဒ်ရုပ်ရှင်မင်းသားကြီး George Clooney အပါအဝင် နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ Steven Spielberg နဲ့ ဟောလီးဝုဒ် ရုပ်ရှင်ထုတ်လုပ်သူ Jeffrey Katzenberg တို့ရဲ့ စုစုပေါင်း လှုဒါန်းငွေ ဒေါ်လာ ၂ သန်းရှိပါတယ်။

ဒီကနေ့ စနေနေ့မှာ ဝါရှင်တန်ဒီစီမှာကျင်းပမယ့် ကျောင်းသားထု ချီတက်ပွဲမှာ နာမည်ကျော် အဆိုတော်တွေဖြစ်တဲ့ Miley Cyrus နဲ့ Ariana Grande၊ နာမည်ကျော်ရုပ်ရှင်မင်းသမီး Jennifer Hudson အပြင် နာမည်ကျော် ပြဇာတ်သီချင်း အဆို အနုပညာရှင် တွေကလည်း ပါဝင် အားပေး သီဆို ဖျော်ဖြေကြမှာဖြစ်ပါတယ်။ ဒါအပြင် နာမည်ကျော် လူငယ်အဆိုတော် Justin Bieber ကလည်း သူရဲ့ twitter လူမှုကွန်ယက်ကနေ ဒီလူငယ်တွေအတွက် ဂုဏ်ယူမိကြောင်း ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG