သုံးရလွယ်ကူစေသည့် Link များ

ပြည်သူ့အခွင့်အရေး လှုပ်ရှားမှု နှစ် ၅၀ ပြည့်ဆင်နွှဲ

  • ဗွီအိုအေ (မြန်မာဌာန)

1963 ခုနှစ် လူထုချီတက်ပွဲ နှစ် ၅၀ ပြည့် အထိန်းအမှတ် ချီတက်ခဲ့ကြသူများ။ (သြဂုတ်လ ၂၄ ရက်၊ ၂၀၁၃)
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က အမေရိကန်ပြည်ထောင်စုမှာ ပြည်သူ့ အခွင့်အရေး အတွက် ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ မာတင်လူသာကင်း ဂျူနီယာ ရဲ့ အထင်ကရ မိန့်ခွန်းဖြစ်တဲ့ I have a dream “ကျနော်မျှော်မှန်းထားတဲ့ အိပ်မက်တခုရှိတယ်။” ဆိုတဲ့ မိန့်ခွန်းကို ပြန်လည် အမှတ်ရဂုဏ်ပြုတဲ့ အနေနဲ့ စနေနေ့က ၀ါရှင်တန်ဒီစီ မြို့တော်မှာ အမေရိကန်ပြည်သူ ထောင်ပေါင်းများစွာ စုဝေးခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူမဲတွေကို မဲပေးခွင့်နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေမှာ ကန့်သတ်ထားပြီး ဆင်းရဲတွင်းထဲက ရုန်းမထွက်နိုင်အောင် ဖိနှိပ်ထားတဲ့ လူမျိုးရေး ခွဲခြား ဆက်ဆံမှုတွေကို အဆုံးသတ်နိုင်ဖို့အတွက် ၁၉၆၃ ခုနှစ်က အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေ ဆန္ဒပြ တိုက်ပွဲဝင် ခဲ့ကြတာဖြစ်ပါတယ်။

မစ္စတာ လူသာကင်းရဲ့ I have a Dream မိန့်ခွန်းကြောင့် လူပေါင်း ၂ သိန်းခွဲ ပါဝင်တဲ့ လူထုစုဝေးမှုကြီးကို ပိုပြီးတော့ သိသာ ထင်ရှားသွားစေခဲ့ပါတယ်။ ဒီ ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုကြီးကြောင့် အကြမ်းမဖက်တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ ပိုပြီး ကြီးထွားလာခဲ့သလို၊ အဆုံးမှာတော့ လူမည်းတွေနဲ့ တခြား နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးတဲ့ ဥပဒေသစ်တွေ ပြဌာန်းလာနိုင် ခဲ့တာဖြစ်ပါတယ်။

နှစ်ပေါင်း ၅၀ ကြာလာပြီးတဲ့နောက်မှာတော့ ပြည်သူ့အခွင့်အရေး ဦးဆောင်လှုပ်ရှားခဲ့သူတွေကြောင့် သူ့လို အာဖရိကနွယ်ဖွား အမေရိကန် တဦး ခုချိန်မှာ တရားရေး ဌာနကို ဦးဆောင်ခွင့်ရစေခဲ့တယ်လို့ အမေရိကန် ရှေ့နေချုပ် Eric Holder က စနေနေ့က လူထုစုဝေးမှု အတွင်း ပြောသွားခဲ့ပါတယ်။ လူမည်းနိုင်ငံသားတွေရဲ့ မဲပေးခွင့်တွေကို ကာကွယ်ပေးနိုင်ဖို့နဲ့ တခြားသော စပိန်ဘာသာစကားပြော လက်တင် အမေရိကန်နွှယ်ဖွားတွေနဲ့ လိင်တူချစ်သူတွေ အတွက်လည်း နိုင်ငံသား အခွင့်အရေးတွေ အပြည့်အ၀ ရစေဖို့ ရှေ့ဆက် အများကြီး ကြိုးပမ်းသွားကြရဦးမှာ ဖြစ်တယ်လို့လည်း သူက ပြောသွားပါတယ်။

ဝါရင့် ပြည်သူ့အခွင့်ရေး လှုပ်ရှားသူတဦးဖြစ်တဲ့ Jesse Jackson ကတော့ မာတင်လူသာကင်း မိန့်ခွန်း ပြောကြားခဲ့တာ နှစ် ၅၀ ကြာလာခဲ့ပြီး တဲ့နောက်မှာတော့ ကျနော်တို့ဟာ လွတ်လပ်သူတွေ ဖြစ်လာခဲ့ပါပြီ။ ဒါပေမဲ့ တန်းတူညီမျှမှုတော အပြည့်အ၀ မရသေးပါဘူးလို့ ဆိုပြီး တက်ရောက်လာသူတွေ ကို သူတို့ရဲ့ အိပ်မက်တွေကို ဆက်လက် အကောင်အထည် ဖော်ကြဖို့၊ ယုံကြည်ချက်တွေ မျှော်လင့်ချက်တွေ ဆက်လက် စွဲကိုင်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

ပြည်သူ့အခွင့်အရေး ခေါင်းဆောင်တဦးဖြစ်တဲ့ Julian Bond ကလည်း စီးပွားရေးညွှန်းကိန်းတွေအရ လူမည်းတွေဟာ လူဖြူတွေထက် စီးပွားရေးမှာ အများကြီး နောက်ကျ ကျန်နေတုန်းပဲလို့ ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG