နှစ်သစ်အတာသင်္ကြန်ပွဲတွေကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှက အလားတူ ဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံတွေမှာ ၄ ရက်တာ ပျော်ပျော်ပါးပါး ရေပက်ကစားနေကြပါပြီ။ နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ဆေးကြောပြီး နှစ်သစ်မှာ ပိုကောင်းစေဖို့ ယုံကြည်ပြီး ရေကစားကြတာပါ။
ဒီနှစ် ရန်ကုန်နဲ့ မန္တလေးသင်္ကြန်မှာတော့ ထူးထူးခြားခြား သင်္ကြန်အကြိုနေ့ ဒီနေ့မှာတင် မနက်ပိုင်းကစပြီး မဏ္ဍပ်တွေမှာပါ ရေပက်ကစားနေကြပါပြီ၊ အရင်နှစ်တွေတုန်းကတော့ အကြိုနေ့ ညနေရောက်မှ ရေစပက်ကြတာပါ။
ဒါ့အပြင် ရန်ကုန်မြို့မှာ သင်္ကြန်တွင်း ကားပိတ်ဆို့မှုနည်းအောင် မဏ္ဍပ်တွေ ခွဲဆောက်ခွင့်ပြုတာအပြင် အစည်ကားဆုံးဖြစ်လေ့ရှိတဲ့ ကမ္ဘာအေးနဲ့ ကန်တော်ကြီးပတ်လမ်းအပါအဝင် လမ်းမကြီးတွေမှာ တလမ်းမောင်းသတ်မှတ်ထားတယ်လို့ ရန်ကုန်မြို့ခံတဦးက ဆိုပါတယ်။ ဒီရန်ကုန်မြို့ခံကပဲ သူဒီနေ့ရောက်ခဲ့သမျှ Sedona ဟိုတယ်ရှေ့က မဏ္ဍပ်အပါအဝင် ကမ္ဘာအေးဘုရားလမ်းမှာ အစည်ကားဆုံးဖြစ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
မန္တလေးသင်္ကြန်မှာတော့ အရင်လိုပဲ အကြိုနေ့ ညနေပိုင်းမှာမှ အစည်ကားဆုံးဖြစ်တဲ့ ကျုံးပတ်လည်က မဏ္ဍပ်ကြီးတွေ စဖွင့်ပြီး ရေကစားခဲ့ကြတယ်လို့ မန္တလေးကို ရောက်နေတဲ့ အဆိုတော်တဦးက ဆိုပါတယ်။ ဒီအဆိုတော်ကပဲ မန္တလေးအပူချိန်က မနှစ်ကထက်ပိုများပေမဲ့ အခုညနေပိုင်းမှာတော့ နည်းနည်းအေးသွားတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေလည်း မန္တလေးကိုရောက်ပြီး ဖျော်ဖြေနေကြတယ်လို့ အနုပညာရှင်တွေက ဆိုပါတယ်။
ခုလိုအချိန်မှာ တကသ ကျောင်းသားအဖွဲ့ကလည်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့နဲ့ ပင်နီအင်္ကျ၊ီ ယျောလုံခြည်ဝတ်ပြီး ရန်ကုန်မှာ လိုက်လံဖျော်ဖြေနေ ပါတယ်။ ဒီနှစ်မှာထူးခြားတာက ပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြခဲ့တာတွေနဲ့ သတင်းထောက်ကိုပါကြီး အသတ်ခံရမှုလိုမျိုးတွေကို ဆင်ဆာမတင်ဘဲ သံချပ်မှာ ထည့်သွင်းခဲ့တယ်လို့ အဖွဲ့ဝင်တဦးက ဆိုပါတယ်။