သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂလန် နဲ့ ဆွီဒင် ၊ ရုရှားနဲ့ ခရိုအေးရှား ပွဲကြိုသုံးသပ်ချက်၊ အင်္ဂလန် ၂ ဂိုးနဲ့ ဦးဆောင်


Russia Soccer WCup Sweden England
Russia Soccer WCup Sweden England

၂၀၁၈ ကမ္ဘာ့ဖလား ဒီကနေ့ ကွာတားဖိုင်နယ်ပွဲတွေမှာတော့ ဘောလုံးဘိုးအေ အင်္ဂလန်နဲ့ဆွီဒင်၊ အိမ်ရှင် ရုရှားနဲ့ ခရိုအေးရှားတို့ ကန်ကြတာပါ။ ပွဲပြီးခါနီးအထိ အင်္ဂလန်က ၂ ဂိုး ဦးဆောင်နေပြီး အင်္ဂလန်နည်းပြ Southgate ကလည်း သူ့အသင်းဟာ လူငယ်တွေနဲ့ အတွေ့အကြုံ နည်းပေမယ့် သမိုင်းမှတ်တိုင်သစ်တွေ ထပ်ရေးသွားချင်တယ်လို့ ပြောလိုက်ပါတယ်။ ခရိုအေးရှား နဲ့ တွေ့မယ့် ရုရှားအသင်းအနေနဲ့ အိမ်ရှင်ဆိုတဲ့ အားသာချက်ကိုယူပြီး နောက်တဆင့်ကို တက်လှမ်းနိုင်မလား။ ဒီပွဲစဉ်တွေအတွက် အသင်းတွေရဲ့ ပြင်ဆင်မှုတွေ နဲ့ ပွဲကြိုခန့်မှန်းချက်တွေကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

Russia Soccer WCup Match Moments Day 19 Photo Gallery
Russia Soccer WCup Match Moments Day 19 Photo Gallery

ရုရှားနိုင်ငံမှာကျင်းပနေတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပွဲ ဒီကနေ့ ကွာတားဖိုင်နယ် ပွဲစဉ်တွေမှာတော့ အင်္ဂလန် နဲ့ ဆွီဒင် ၊ ရုရှား နဲ့ ခရိုအေးရှားတို့ ကစားကြမှာဖြစ်ပါတယ်။ မြန်မာစံတော်ချိန်ညနေ ၈ နာရီခွဲမှာတော့ ဘောလုံး ဘိုးအေ အင်္ဂလန် နဲ့ ဆွီဒင်တို့ ဆာမာရာမြို့မှာ စတင် ကစားကြပါတယ်။ အင်္ဂလန်နည်းပြ Gareth Southgate ကတော့

“ကျနော်တို့က ဒီပြိုင်ပွဲမှာ အတွေ့အကြုံအနည်းဆုံးအသင်းတသင်းဖြစ်ပြီး ၊ အသက်ငယ်ဆုံးအသင်းတွေထဲက တသင်းပါ။ ဒါပေမဲ့ ကျနော်တို့အသင်းကအမြဲတမ်းတိုးတက်နေပြီး ကိုယ့်သမိုင်းကိုယ်ရေးချင်တာပါ။ ခင်ဗျားတို့ သိတဲ့အတိုင်း ကျနော်တို့ ၁၀ နှစ်အတွင်းမှာ ရှုံးထွက်အဆင့်ကို ပထမဆုံးအကြိမ်နိုင်ခဲ့တယ် ကမ္ဘာ့ဖလားမှာ လည်း ပယ်နယ်တီကို ပထမဆုံးအကြိမ်နိုင်ခဲ့တယ်။ တပွဲတည်းမှာ ဂိုးအများဆုံးသွင်းခဲ့တယ်။ အဲဒီတော့ ကျနော်တို့က သမိုင်းစံချိန်သစ်တွေထပ်ပြီး တင်ချင်တယ်။ ၁၉၉၀ နောက်ပိုင်း ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်ကို မရောက်သေးဘူးဆိုတာ ကျနော်တို့ိသိတယ်။ ဒါကြောင့် ကျနော်တို့ ဆီမီးဖိုင်နယ်ကို တက်ချင်တယ်။ ဆိုတော့ ဒီပွဲကိုကျနော်တို့ အပြည့်အ၀ အာရုံစိုက်ထားပါတယ်။”

အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကလည်း သူ့တို့အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် ဒီပွဲကို အနိုင်ရဖို့ လုပ်သွားမယ်လို့ ပြောပါတယ်။ အင်္ဂလန်နဲ့ ဆွီဒင်တို့ ၂၅ ကြိမ်တွေ့ဖူးပြီး ကမ္ဘာ့ဖလားမှာတော့ ဒါက တတိယ အကြိမ် တွေ့တာပါ။ ၂၅ ကြိမ်တွေ့တာမှာ အင်္ဂလန်က ၈ ပွဲနိုင် ၇ ပွဲ ရှုံးပြီး ၉ ပွဲသရေကျထားပါတယ်။ ၂၀၀၂ ကမ္ဘာ့ဖလားမှာ ၁ ဂိုးစီသရေကျပြီး နဲ့ ၂၀၀၆ ကမ္ဘာ့ဖလားမှာတော့ ၂ ဂိုးစီ သရေကျပါတယ်။ ဆိုတော့ အင်္ဂလန်နဲ့ ဆွီဒင်ပွဲအပေါ်ဘောလုံးကျွမ်းကျင်သူတွေက ဘယ်လိုခန့်မှန်းပါသလဲ။ အားကစားကလောင်ရှင် ကိုဇော်မျိုးသန့် ကတော့

“အင်္ဂလန်က ကိုလံဘီယာနဲ့ပွဲမှာ ကစားသွားတဲ့ ခြေမျိုး ဆိုလို့ရှိရင်တော့ ဆွီဒင်ကိုနိုင်ဖို့ တော်တော်ခက်မှာပေါ့ ဗျာ။ သူတို့နှစ်သင်းကလည်း ပြိုင်ပွဲမျိုးစုံမှာ ၂၅ ကြိမ်လောက် တွေ့ဖူးထားပြီးတော့ တသင်းနဲ့တသင်း အသာစီး ရမထားဘူးလေ။ ဒါကတော့ သိပ်မှတ်သားလောက်စရာပဲ၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ သူတို့နှစ်သင်းက နှစ်ကြိမ် လားမသိဘူး ဆုံဖူးတယ်၊ နှစ်ကြိမ်လုံး သရေကျထားတယ်ပေါ့။ အဲဒီတော့ ဒီပွဲကတော့ အင်္ဂလန်အနေနဲ့ ကိုလံ ဘီယာနဲ့ ပွဲတုန်းကလို ခြေစွမ်းမျိုးနဲ့ဆို သိပ်မလွယ်လှဘူး။ အထူးသဖြင့် စတားလင်း တို့ လင်ဒတ်တို့ ၊ ဒယ်လီ အလီတို့က ဟယ်ရီကိန်း ဂိုးရအောင် ဖန်တီးပေးနိုင်တာမျိုးမရှိရရင် အင်္ဂလန် အကြပ်အတည်းတွေ့သွား နိုင်တယ်လို့ ကျနော်တော့ အဲလိုပဲ သုံးသပ်ချင်တယ်။ ဆွီဒင်ရဲ့ ခြေစွမ်းက အထူးသဖြင့် တည်ငြိမ်တယ်ဗျာ၊ တည်ငြိမ်တယ်။ ပြီးတော့ သူတို့ရဲ့အ ားက နောက်တန်းဗျ။ ဒီနှစ်သူတို့ရထားတဲ့ဂိုးတွေရဲ့လေးဂိုးလောက်ကို နောက်တန်းက သွင်းထားတာလေ။ ..ဆိုတော့ ဒီအချက်က ဘာကိုပြနေလဲဆိုတော့ ဆွီဒင်အသင်းက Set Piece ဂိုးရအောင်သွင်းနိုင်ဖို့က သေချာတယ်။ ဆွီဒင်ကလည်း အင်္ဂလန်ကို မိနစ်ကိုးဆယ်ပြည့်တဲ့အထိ သရေလောက်ရဖို့ ထိန်းပြီးကစားလာမှာပဲ။ အဲဒီအချိန်ကျမှ အင်္ဂလန်က အတင်းတက်ဖိလို့ရှိရင်တော့ အင်္ဂလန်အမှားဖြစ်သွားမှာပေါ့။ ..ဆိုတော့ ဆွီဒင်က အင်္ဂလန်ကို သူတို့ရဲ့သမ္ဘာနဲ့ အတွေ့အကြုံအရ မမျှော်လင့်ဘဲ အနိုင်ရသွားနိုင်တယ်လို့ ကျနော်ကတော့ အဲလိုပဲမြင်တယ်။”

Soccer Follow ဂျာနယ်အယ်ဒီတာချုပ် ကိုကျော်ကျော်မျိုးဟန်ကတော့ - အခုလို ပြောပါတယ်။

“အင်္ဂလန်က ဆွီဒင်နဲ့တွေ့တဲ့ ကမ္ဘာ့ဖလား လေးကြိမ်စလံုံး သရေကျပါတယ်။ နောက် အင်္ဂလန်ရဲ့ တိုက်စစ် အားက တကယ်ခံစစ်ကောင်းတဲ့ အသင်းတွေနဲ့ဆိုရင် ဂိုးရဖို့ခက်တယ်လို့ ပြောရမယ်။ အဲဒီတော့ ဆွီဒင်ရဲ့ ခံစစ်ကလည်း တော်တော်လေးကို ကောင်းနေတဲ့အချိန်ဆိုတော့ ဒီပွဲကို အင်္ဂလန် သရေကျသွားနိုင်တယ်လို့ ထင်တယ်။ …နောက်တဆင့်တက်မယ်ဆိုရင်တော့ အင်္ဂလန်တက်သွားမယ်လို့ ထင်တယ်။ အင်္ဂလန်က အချိန်ပိုတွေ ကစားထားရမယ်ဆိုရင် ကိုလံဘီယာနဲ့ပွဲ အတွေ့အကြုံတွေလည်း ရှိထားတယ်လေ။ နောက်တဆင့် ဆိုရင်တော့ အင်္ဂလန် တက်သွားမယ်လို့ထင်တယ်။”

မြန်မာစံတော်ချိန်ည ၁၂ နာရီခွဲမှာတော့ ကွာတားဖိုင်နယ်နောက်ဆုံးပွဲစဉ်အဖြစ်နဲ့ အရှေ့ဥရောပအသင်း ၂ သင်း ဖြစ်တဲ့ အိမ်ရှင်ရုရှား နဲ့ ခြေစွာနေတဲ့ ခရိုအေးရှားအသင်းတို့ တွေ့ကြမှာပါ။ ဒီ ၂ သင်းဟာ သမိုင်း တလျှောက် ၂ ကြိမ်သာတွေ့ဖူးပြီး ခရိုအေးရှားက ၁ ပွဲ နိုင် ၁ ပွဲ သရေကျထားပါတယ်။ ဒုတိယအဆင့်မှာ စပိန်ကိုပယ်နယ်တီနဲ့ ကျော်ဖြတ်ခဲ့တဲ့ အိမ်ရှင်ရုရှားအနေနဲ့ ခရိုအေးရှားကိုအနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်မလား။ Soccer Follow ဂျာနယ်အယ်ဒီတာချုပ် ကိုကျော်ကျော်မျိုးဟန်ကတော့

“ဒီပွဲမှာတော့ ခရိုအေးရှား နောက်တဆင့်တက်သွားနိုင်မယ်လို့ထင်တယ်။ ခရိုအေးရှားက မိနစ်ကိုးဆယ်အတွင်း အနိုင်ရမယ်လို့ထင်တယ်။ ရုရှားက ခံစစ်သက်သက်ချည်း ကစားနေတဲ့အသင်းလို ဖြစ်နေတယ်။ စပိန်အသင်းက ဘောလုံးအရမ်းကန်ပြီး တိုက်စစ်ကို မပံ့ပိုးပေးနိုင်လို့သာ ရုရှားခံသာသွားတာပေါ့။ ခရိုအေးရှားလို ကွင်းလယ် ဖန်တီးမှု အားကောင်းတဲ့အသင်းနဲ့တွေ့မယ်ဆိုရင်တော့ ရုရှားခံစစ်က စိတ်မချရဘူး။ အိမ်ရှင်အားသာချက် ရှိပေ မယ့် သူတို့နှစ်သင်းရဲ့စွမ်းဆောင်ရည်က တော်တော်လေးကို ခရိုအေးရှားနဲ့ယှဉ်မယ်ဆိုရင် မြုပ်နေတယ်။ ခရို အေးရှားက ပွဲတိုင်းလိုလို စွမ်းဆောင်မှုကောင်းထားပြီးတော့ ပွဲတိုင်းလိုလိုလည်း ဂိုးရထားတဲ့အသင်းဆိုတော့ ခံစစ်ပိုင်းကလည်း ကောင်းမွန်တဲ့အခါကျတော့ တိုက်စစ်အားနည်းချက်ရှိတဲ့ရုရှား ဂိုးရဖို့ ခက်ခဲသွားနိုင်တယ်။”

… ဆိုတော့ ဒီပွဲအပေါ် အားကစားကလောင်ရှင်ကိုဇော်မျိုးသန့်ကရော ဘယ်လိုခန့်မှန်းပါသလဲ။

“ရုရှားနဲ့ခရိုအေးရှားကတော့ ခရိုအေးရှားပဲနိုင်ရဖို့များပါတယ်။ သို့သော်လည်းပဲ အိမ်ရှင်အသင်းအနေနဲ့က ကွာတားဖိုင်နယ်အဆင့်ကို ရောက်လာပြီဆိုတော့ ဘယ်လိုပဲပြောပြော ခံကစားမှာပဲလေ။ ရုရှားကတော့ ဒီပွဲမှာ ခရိုအေးရှားကို သူတင်ကိုယ်တင်ဖွင့်ကစားဖို့ သိပ်မရှိဘူး။ သူတို့နှစ်သင်းရဲ့ ကစားသမားစုဖွဲ့မှုကလည်း တော်တော် ကွာတယ်။ နောက် တခြားအရေးကြီးတဲ့အချက်ကတော့ ရုရှားမှာ ဒီနေ့ တော်တော်လေး ခြေစွမ်း ပြနေတဲ့ ဇာကော့ဗ် ပါဝင်ဖို့က သိပ်မသေချာဘူးပေါ့။ ဒီအချက်ကလည်း ရုရှားကို အားနည်းချက် ဖြစ်စေ တယ်ပေါ့။ ခရိုအေးရှားကတော့ ကစားသမား အပြည့်အစုံနဲ့ ကစားရမှာဆိုတော့ ခရိုအေးရှားပဲ အနိုင်ရသွားဖို့ ရှိတယ်လို့ ကျနော်တော့ အဲလိုပဲ သုံးသပ်ချင်ပါတယ်။”

မနေ့က ပွဲစဉ်တွေမှာတော့ ပြင်သစ်နဲ့ ဘယ်ဂျီယမ်တို့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကိုတက်သွားကြပါပြီ။ ဆိုတော့ ဒီကနေ့မှာ ဘယ်အသင်းတွေ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကိုတက်မလဲဆိုတာကတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်ခင်ဗျာ။

အင်္ဂလန် နဲ့ ဆွီဒင် ၊ ရုရှားနဲ့ ခရိုအေးရှား ပွဲကြိုသုံးသပ်ချက်
please wait

No media source currently available

0:00 0:05:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG