သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် WeChat Pay ငွေပေးချေစနစ်အပေါ် မြန်မာခရီးသွားလုပ်ငန်းရှင်တွေ စိုးရိမ်


(သတင်းဓါတ်ပုံ - အစိုးရဟိုတယ်ခရီး Facebook)
(သတင်းဓါတ်ပုံ - အစိုးရဟိုတယ်ခရီး Facebook)

မြန်မာနိုင်ငံကို လာရောက်နေကြတဲ့ တရုတ်နိုင်ငံသား ခရီးသွားတွေဟာ ပြည်တွင်းမှာ တရားဝင် ခွင့်ပြုမထားတဲ့ WeChat Pay လို့ခေါ်တဲ့ အွန်လိုင်းငွေပေးချေစနစ်ကို အသုံးပြုနေတာကြောင့် ခရီးသွားလုပ်ငန်းမှာ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံရမှာကို ပြည်တွင်းက လုပ်ငန်းရှင်တွေ စိုးရိမ်နေကြပါတယ်။ တရုတ်နိုင်ငံသား ခရီးသွားအရေအတွက် တိုးလာနေတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီအခြေအနေကို ဟန့်တားနိုင်ဖို့လည်း ပြည်တွင်းက ခရီးသွားလုပ်ငန်းရှင်တွေ၊ စီးပွားရေး ပညာရှင်တွေ ဒီနေ့ပဲ နေပြည်တော်မှာ ဆွေးနွေးခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံကို တနေ့တခြား အလာများနေကြတဲ့ တရုတ်နိုင်ငံသား ဧည့်သည်တွေဟာ ဟိုတယ်အသုံးပြုခ၊ ကားငှားခ၊ စားသောက်ဆိုင်၊ ခရီးသွားလုပ်ငန်း၊ ဧည့်လမ်းညွှန်ငှားခ အပါအဝင် ဝန်ဆောင်မှု တော်တော်များများကို သူ့နိုင်ငံသားအချင်းချင်း ကြိုတင်ချိတ်ဆက် ဆောင်ရွက်ကြပြီး ငွေပေးချေတဲ့အခါမှာလည်း တရုတ်ပြည်မှာ တွင်ကျယ်နေတဲ့ WeChat အွန်လိုင်းငွေပေးချေ စနစ်ကိုပဲ သုံးနေကြတာပါ။ တရုတ်နိုင်ငံမှာ ဘဏ်စာရင်းဖွင့်ထားပြီး WeChat Pay နဲ့ ငွေချေကြတဲ့အတွက်လည်း ဒီငွေတွေဟာ မြန်မာနိုင်ငံလို ပြည်တွင်းကို ရောက်မလာကြတဲ့အတွက် လုပ်ငန်းရှင်တွေ ထိခိုက်နစ်နာမှာ စိုးရိမ်လာကြပါတယ်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးကတော့ ဒေသတွင်း နိုင်ငံတွေမှာလို ထိန်းချုပ်ဖို့ လိုအပ်ကြောင်း ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်တို့ ဒီဟာနဲ့ပတ်သက်လို့ စိစစ်ရေး၊ စောင့်ကြည့်ရေး လုပ်ရပါမယ်။ ဂျပန်မှာ သုံးသလိုပေါ့နော် WeChat Payment တွေဟာ ဂျပန်မှာ စနစ်တကျ သုံးတဲ့အခါကျတော့ သူတို့တိုင်းပြည် အတွက်လည်း အခွန်ရတယ်။ သူတို့လည်း မဟုတ်တရုတ်လုပ်လို့မရတော့ဘူး။ ကျနော်တို့ဆီမှကျတော့ အခုမှနုနယ်သေးတဲ့ အချိန်ပေါ့။ banking policy တွေ၊ Financial Institution တွေက အခုမှ WeChat တို့၊ Alipay တို့ကို ဘယ်လို cover လုပ်မလဲဆိုတာ ဟိုဟာဖြစ်(စဉ်းစား)နေတဲ့ ကာလဆိုတော့ အဲဒီအချိန်မှာ ဒါကြီး (WeChat) ကိုဖွင့်ချလိုက်တဲ့အခါမှာ ကျနော်တို့ဘက်က ဘယ်လောက်ကျန်လဲ၊ ဘယ်လောက်စီးဝင်မှုရှိလဲ၊ ဒါတွေကိုဘယ်လို monitor (ထိန်းကြောင်း) မလဲ ဘယ်သူမှ မလုပ်နိုင်တဲ့ အချိန်မျိုးမှာ နည်းနည်းလေးတော့ ပိုပြီးထိန်းချုပ်သင့်တယ်၊ ကန့်သတ်သင့်သေးတယ်လို့ ထင်ပါတယ်။”

တရုတ်နိုင်ငံသား ခရီးသွားတွေ လည်ပတ်လေ့ရှိတဲ့ ထိုင်းနဲ့ နီပေါ နိုင်ငံတွေမှာလည်း WeChat Pay သုံးစွဲတာကို တားမြစ်ထားပါတယ်။ WeChat ဟာ Zero Tourism လို့ခေါ်ကြတဲ့ ငွေမရတဲ့ ခရီးသွားလုပ်ငန်းမှာ အဓိက နေရာယူထားတယ်လို့လည်း လုပ်ငန်းရှင်တွေနဲ့ ကျွမ်းကျင်သူတွေ ထောက်ပြနေကြတာပါ။ ခရီးသွားလုပ်ငန်းနဲ့မှီခိုအသက်မွေးတဲ့ နိုင်ငံသားတွေအားလုံး ဝင်ငွေထိခိုက်နိုင်တဲ့ အကျိုးမရှိတဲ့ ကိစ္စရပ်ဖြစ်လို့ ဒါကို ဝန်ကြီးဌာနအနေနဲ့ ပြန်သုံးသပ်ဖို့လိုနေကြောင်း ဧည့်လမ်းညွှန် ဒေါ်နီလာကျော်က ပြောပါတယ်။

“၂ နှစ်ကျော်သွားပြီ ဒီ ပြဿနာ ဖြစ်လာတာ၊ ပြဿနာဖြစ်ကတည်းက ကြိုလည်း မြင်တယ်၊ ကြိုလည်းပြောခဲ့တယ်။ plan မရှိဘူး။ အမတို့ ဝန်ကြီးဌာနဆီမှာ ဟိုတယ်ခရီးနဲ့ပတ်သက်ပြီးတော့။ သူတို့က ဝင်လာပြီ ဒီမြန်မာပြည်က ဂိုက်မခေါ်ဘူး။ မြန်မာပြည်က တိုးဂိုက်တွေ အလုပ်မရဘူး။ ဒုတိယတချက် မြန်မာပြည်က စားသောက်ဆိုင်တွေ သုံးနေတယ်ထင်လို့လား.... သူတို့သုံးတဲ့ စားသောက်ဆိုင် ငါးဆိုင်မှာ လေးဆိုင်က သူတို့တရုတ်လူမျိုးပိုင်တဲ့စားသောက်ဆိုင်မှာ သုံးတာ။ အခုမန္တလေးမှာ ဟိုတယ်တွေ အကုန်လုံး တရုတ်ပိုင်တာ၊ ပုဂံမှာတောင် သူတို့အပိုင်လုပ်နေပြီ။ အမတို့ မြန်မာပြည်က ဘယ်နေရာက ပိုက်ဆံရလဲ။”

WeChat ဟာ တရုတ်နိုင်ငံ Tencent ကုမ္ပဏီပိုင်ထားတဲ့ ဆက်သွယ်ရေး အက်ပလီကေးရှင်းတခုဖြစ်ပြီး WeChat Pay ကတော့ အွန်လိုင်းကနေ ငွေပေးချေနိုင်အောင် စီစဉ်ထားတာပါ။ မြန်မာနိုင်ငံမှာတော့ WeChat Pay ကို စမ်းသပ်ဆဲ အဆင့်မှာသာ ရှိနေပြီး တရားဝင် သုံးခွင့်ပြု မထားသေးဘူးလို့လည်း မြန်မာနိုင်ငံဗဟိုဘဏ် ငွေစာရင်းဌာန အရာရှိတဦးဖြစ်တဲ့ ဒေါ်ခိုင်ရွှေဝါက ပြောပါတယ်။

“အမတို့က အခုပေးသုံးတာ အဆင့်မရောက်သေးဘူး။ WeChat ရော၊ Alipay ရော အမတို့က စောင့်ကြည့်နေတုန်းပဲ ရှိသေးတယ်။ ခုနကလို ဇီးရိုး တိုရစ်ဇင်လို ဟာမျိုးတွေဖြစ်မှာစိုးလို့ ပြီးတော့ အမတို့ဆီက ကျောက်တွေဘာတွေ အားလုံးပြောနေတာပဲလေ။ နိုင်ငံခြားဝယ်သွားတယ် မြန်မာပြည်ထဲ ငွေမဝင်ဘူးပေါ့။ အမတို့ အခွန်တွေဘာတွေလည်း မရဘူးဖြစ်နေတယ် ဆိုပြီးတော့ စောင့်ကြည့်နေတယ်။ Alipay အတွက်ကို ဘယ်သူကိုမှ မပေးထားသေးဘူး။ WeChat အတွက်ကို Paypb Company ကို စမ်းသပ်ကာလဆိုပြီး ၃ လစမ်းသုံးခိုင်းထားတယ်။ မန္တလေး တံတားဦးလေဆိပ်တခုပဲ စမ်းသုံးခိုင်းထားတာ။”

မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအတိုင်းဆိုရင် တရုတ်ဧည့်သည်ဝင်လာတဲ့ အရေအတွက်ဟာ ထိပ်ဆုံးမှာ ရှိနေပါတယ်။ နိုင်ငံခြားဧည့်သည် ဝင်ရောက်တဲ့နှုန်းဟာ ၂၀၁၈ ဇန်နဝါရီလနဲ့ယှဉ်ရင် ၁၉ ရာခိုင်နှုန်း ပိုတိုးလာတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ တကယ်တမ်း ဝင်ငွေရတဲ့ အပိုင်းမှာတော့ ကျဆင်းနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်တွေကထောက်ပြပါတယ်။

၂၀၁၈ မှာ ပြည်တွင်းဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားခရီးသွား အရေအတွက်ဟာ ၁.၄ မီလီယံရှိပြီး ဒါဟာတနှစ်ကို ၂.၆ ရာခိုင်နှုန်း တိုးလာတာဖြစ်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၁၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရုတ်ဧည့်သည်က အများဆုံးဖြစ်ပြီး သူ့ရဲ့နောက်မှာ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ အစဉ်အတိုင်းရှိပါတယ်။ လက်ရှိအချိန်အထိတော့ နိုင်ငံခြားဧည့်သည်အများစုက အာရှနိုင်ငံတွေက ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG