သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hat စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသီတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ဦးထုပ်လို့ အဓိပ္ပါယ်ရတဲ့ Hat ကိုအခြေခံတဲ့ အီဒီယမ်အသုံးတွေဖြစ်တဲ့ Wear Many Hats ….Eat my Hat …. Keep it under your Hat တို့ကို တင်ပြဖြစ်ပါတယ်။

၁။ Wear Many Hats
စာလုံးပေါင်းက Wear က သာမန်အားဖြင့် ဝတ်တယ်လို့ အဓိပ္ပါယ်ရပေမဲ့လို့ ဒီနေရာမှာ ဦးထုပ်နဲ့တွဲတော့ ဆောင်းတယ်လို့ အဓိပ္ပါယ် ယူရမှာပါ။ Many က များတာ၊ Hats က ဦးထုပ်တွေဆိုတော့ စကားပိုဒ်တခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က ဦးထုပ်များကို ဆောင်းထားတာပေါ့။

လူမှာခေါင်းတလုံးပဲရှိတော့ ဦးထုပ်တလုံးပဲ ဆောင်းကြတာဖြစ်ပေမဲ့လို့ ဒီနေရာမှာ လူတစ်ဦး ဦးထုပ်အများကြီး တပြိုင်တည်းမှာ ဆောင်းထားတယ်ဆိုတဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဘယ်လိုသဘောမျိုးပါလဲလို့ မေးစရာရှိပါတယ်။ ဦးထုပ်ဆိုတာမျိုးက ခေါင်းမှာဆောင်းရတာမို့ ဒီနေရာမှာ ဦးထုပ်ကို ထိပ်ပိုင်းတာဝန်အနေနဲ့ တင်စားပြောထားတာလို့ ရှင်းပြပါရစေ။

ဒါကြောင့် လူတစ်ဦး ဦးထုပ်အများကြီး ဆောင်းထားရတယ်ဆိုရင် ဒီလူအနေနဲ့ အဆုံးအဖြတ်ပေးရမယ့် ရာထူးကြီးတွေ၊ ထိပ်ပိုင်းတာဝန်တွေကို တခုမက ပိုပြီး ကိုင်ထားရတဲ့ ပုဂ္ဂိုလ်မျိုးကို တင်စားပြောထားတာမို့ အီဒီယမ်ဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ ရာထူးကြီးတွေ၊ အရေးကြီးတဲ့ တာဝန်တွေကို တခုမက အတော်များများ ယူထားရတာကို ဆိုလိုတာဖြစ်ပါတယ်။

ဥပမာအားဖြင့် ရုံးတရုံးမှာ ညွှန်ကြားရေးမှူးကလည်းသူပဲ။ ဖွဲ့ထားတဲ့ ကော်မတီ အသီးသီးမှာလည်း ဥက္ကဌက သူပဲ လုပ်နေတာမျိုး စသဖြင့်တို့ပေါ့။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

When Hillary Clinton was Secretary of State, she had to wear many hats. But most Americans say she handled them very well.

ဟီလာရီကလင်တန် နိုင်ငံခြားရေးဝန်ကြီးလုပ်တုန်းက တာဝန်တွေ အများကြီးယူခဲ့ရတယ်။ ဒါပေမဲ့လို့ အမေရိကန်နိုင်ငံသား အများစုတို့ကတော့ သူ ဒီတာဝန်တွေကို ကောင်းကောင်းကြီး ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်ခဲ့တယ်လို့ ပြောကြတယ်လို့ အဓိပ္ပါယ်ရပါတယ်။

တခါတရံလည်း တာဝန်က တခုတည်းမဟုတ်၊ ဒါထက်ပိုပြီးတော့ ယူရတယ်ဆိုရင် - I wear more than one hat - လို့လည်း ရည်ညွှန်းပြောနိုင်ပါတယ်။

၂။ Eat my Hat
စာလုံးပေါင်းက Eat က စားတာ၊ My က ကျနော်၊ကျမရဲ့၊ Hat က ဦးထုပ်ဆိုတော့ စကားပိုဒ်တခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကိုယ့်ဦးထုပ်ကိုယ် ကိုယ်ပြန်စားတာပေါ့။

ဦးထုပ်ဆိုတာ သိကြတဲ့အတိုင်းပါပဲ သိုးမွှေး၊ စက္ကူ၊ အဝတ်စ၊ သားရေ စသဖြင့်နဲ့ ပြုလုပ်ထားတာမို့ ဘယ်သူကမှ ဦးထုပ်ကို စားချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ဦးထုပ်ကို ကိုယ်ပြန်စားမယ်လို့ပြောတဲ့ အီဒီယမ်အသုံးက ဘယ်လိုများပါလိမ့်။

တခုခုကို သိပ်သေချာနေလို့ မြေကြီးလက်ခတ်မလွဲ ဖြစ်မှာမို့၊ မယုံမရှိလေနဲ့ အာမခံတယ် စသဖြင့် ကျမတို့ မြန်မာမှာဆိုရင်တော့ လောင်းရဲတယ်။ လည်ဖြတ်ခံတယ်ဆိုတဲ့ အသုံးမျိုးလိုပေါ့ရှင်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Our football team is in excellent shape. If they don’t win this game, I will eat my hat.

ကျနော်တို့ ဘောလုံးအသင်းကတော့ အခြေအနေက ထိပ်ပိတ်ပါပဲ။ ဒီပွဲမှာ သူတို့မနိုင်ဘူးဆိုရင် ကျနော် လည်ဖြတ်ခံတယ်ဗျာလို့ အဓိပ္ပါယ်ရပါတယ်။

၃။ Keep it under your Hat
စာလုံးပေါင်းက Keep က ထားတာ၊ It က တခုခုကို ရည်ညွှန်းတဲ့နာမ်စား၊ Under က အောက်မှာ၊ Your က သင့်၏၊ Hat က ဦးထုပ်ဆိုတော့ စကားပိုဒ်တခုလုံးရဲ့ တိုက်ရိုက် အဓိပ္ပါယ်ကတော့ တခုခုကို ဦးထုပ်အောက်မှာ ထားတာပေါ့။

ဦးထုပ်က ခေါင်းပေါ်မှာ ဆောင်းတာဆိုတော့ ဦးထုပ်အောက်မှာပဲထားတယ်ဆိုရင် အီဒီယမ်အဓိပ္ပါယ်က ကိုယ်သိထားတဲ့ အကြောင်းအရာတခုခုကို ခေါင်းထဲမှာပဲ ထားတာဖြစ်ပါတယ်။ တခြားလူတွေကို မသိစေဖို့၊ တခုခုနဲ့ပတ်သက်လို့ သူများတွေကို ပြောမပြဖို့၊ တိတ်တိတ်နေဖို့ ဒီအကြောင်း နှုတ်လုံဖို့ ပြောတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို ကြည့်ရအောင်ပါ။

Don’t tell my boss. I plan to retire soon. Keep it under your hat.

ကျနော်မကြာခင် အလုပ်ကနေ အနားယူဖို့ အစီအစဉ်ရှိတယ်။ ကိုယ့်ဆရာသမားကို သွားမပြောနဲ့နော်။ ခင်ဗျားခေါင်းထဲမှာပဲထားပါလို့ အဓိပ္ပါယ်ရပါတယ်။

ဒီသီတင်းပတ် Hat ကို အခြေခံပြီးတင်ပြခဲ့တဲ့ အီဒီယမ်အသုံးတွေကတော့ Wear many hats, Eat my Hat, Keep it under your Hat တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG