သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး Air Asia ရှာဖွေရေး ဆက်လုပ်နေကြဆဲ


ပင်လယ်ပြင်အောက် နစ်မြုပ်သွားတဲ့ AirAsia လေယာဉ် ကယ်ဆယ်ရှာဖွေရေးလုပ်သားများ။
ပင်လယ်ပြင်အောက် နစ်မြုပ်သွားတဲ့ AirAsia လေယာဉ် ကယ်ဆယ်ရှာဖွေရေးလုပ်သားများ။

ဂျာဗားပင်လယ်ရေအောက်မှာ ကြီးမားတဲ့ အပိုင်းအစ ၅ ခုရှိရာ နေရာကို တွေ့ရှိခဲ့ပြီးနောက် AirAsia လေယာဉ်ရဲ့ အပျက်အစီး ရှာဖွေရေးလုပ်ငန်းတွေကို အင်ဒိုနီးရှား ကယ်ဆယ်ရေးအဖွဲ့တွေ ဒီကနေ့မှာပဲ ပြန်လည်စတင်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ရာသီဥတု ဆိုးရွားနေတဲ့အတွက် ရှာဖွေရေး လုပ်ငန်းတွေမှာ အခက်အခဲတွေနဲ့ ကြုံနေရတာပါ။

ဒီကနေ့မှာပဲ အပျက်အစီးအပိုင်းအစတွေရှိရာ နေရာနားအထိ ရေငုပ်သမားတွေ ရောက်ခဲ့ကြပေမဲ့ နောက်ကြောင်း ပြန်လှည့်ခဲ့ကြရတယ်လို့လည်း အင်ဒိုနီးရှား ရှာဖွေရေးနဲ့ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ Bambang Soelistyo ကပြောပါတယ်။

ရေငုပ်သမားတွေ ရေအောက်အထိ ရောက်ခဲ့ကြပေမဲ့ ပင်လယ်ကြမ်းပြင်မှာ ရွှံ့အနည်တွေနဲ့ လုံးဝအမှောင်ကျနေပြီး ဘာမှမမြင်နိုင်ကြသလို လေပြင်းတွေ တိုက်ခတ်လာနေပြီး ရာသီဥတုအခြေအနေ မကောင်းတာကြောင့် ရေငုပ်ရှာဖွေတဲ့လုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားပြီး ရေအောက်မှာ လူမပါဘဲ သွားနိုင်တဲ့ယာဉ်တွေကိုပဲ လွှတ်ပြီးရှာဖို့ ကြိုးစားနေရတဲ့အကြောင်း ပြောဆိုခဲ့တာပါ။ မကြာသေးခင် ရက်တွေအတွင်း ပင်လယ်ပြင်မှာ မိုးသည်းထန်၊ လေပြင်းတိုက်ခတ်နေတဲ့အတွက် လှိုင်းကြီးပြီး ရေစီးမြန်လွန်းတာကြောင့် ရှာဖွေရေး လုပ်ငန်းတွေမှာ အကြီးအကျယ် နှောင့်နှေးမှုတွေ ကြုံနေရတာ ဖြစ်ပါတယ်။

ရှာဖွေရေးအဖွဲ့တွေကတော့ လေယာဉ်ရဲ့ ကိုယ်ထည်ပိုင်းလို့ ယူဆထားတဲ့ အပျက်အစီးတွေရှိရာ နေရာအထိအရောက်သွားပြီး အလောင်းတွေကို ဆယ်ယူနိုင်ဖို့နဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် Black box တွေကို ရှာဖွေနိုင်ဖို့ မျှော်လင့်ထားကြတာပါ။ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ လေယာဉ် ပျက်ကျရာမှာ သေဆုံးသူ နောက်ထပ် အလောင်းတလောင်းကို တွေ့ခဲ့ရတဲ့အတွက် စုစုပေါင်း အခုအချိန်အထိ ဆယ်ယူရရှိထားတဲ့ အလောင်း ၃၁ လောင်းအထိ ရှိသွားပြီလို့လည်း အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

AirAsia လေကြောင်းလိုင်းရဲ့ A-320 အမျိုးအစား လေယာဉ်ဟာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၁၆၂ ယောက်နဲ့အတူ ပျံသန်းရင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာပဲ ပျောက်ဆုံးသွားခဲ့တာပါ။ အပျက်အစီးတွေဟာ အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုတောင်ပိုင်း ကမ်းရိုးတန်းအထိ မျောပါနိုင်တဲ့အတွက် ရှာဖွေရေး နယ်မြေကိုတိုးချဲ့ထားကြောင်းလည်း မနေ့တုန်းကပဲ တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြပါတယ်။

XS
SM
MD
LG